spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီရောက် ဗမာ- မွတ်စလင် ကပြား တော်လှန်ရေးရဲမေ အိုလီဗီယာ

မူဖိလစ်စတာ (ကန္တာရဝတီတိုင်း(မ်))

စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်မှာ အသက် ၁၈ နှစ်သာရှိသေးတဲ့ ရဲမေ အိုလီဗီယာတယောက် တော်လှန်ရေးထဲခြေစုံပစ် ဝင်ရောက်လာတာ အခုဆိုရင် ၃ နှစ်ပြည့်ပြီဖြစ်လို့ အသက် ၂၁ နှစ်ထဲရောက်နေပါပြီ။

သူမက ဗမာ – မွတ်စလင် ကပြား ဖြစ်ပြီး ပဲခူးတိုင်းမှာ နေထိုင်ကြီးပြင်းလာသူ ဖြစ်ပါတယ်။ တော်လှန်ရေးတပ်ဖွဲ့ထဲ စတင်၀င်ရောက်တုန်းက မြို့ပေါ်မှာ မြို့ပြပြောက်ကျားတပ်ဖွဲ့၀င် တဦးအဖြစ် တာ၀န်ထမ်းဆောင်ခဲ့ပါတယ်။

၂၀၂၂ ခုနှစ်မှာ ကရင်နီပြည်ကို ရောက်လာပြီး ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်းအမှတ် (၉) တပ်ဖွဲ့ဝင်ဖြစ်လာပါတယ်။ လက်ရှိအချိန်မှာတော့ တပ်ရင်းမှာ ဆေးမှူးတာ၀န် ထမ်းဆောင်နေပါတယ်။

“စစလာချင်းတုန်းကဆိုရင် စပါးပင်တွေ။ ပြောင်း ပင်တွေ။ နောက်ပြီး နေကြာခင်းတွေပေါ့နော။ အဲ့လိုတွေရှိတယ် ။ ညီမတို့ဖက်မှာကျတေ့ာ အဲ့လိုမျိုး အနီးကပ်မမြင်ရဘူးပေါ့နော။ ရှိလည်းမရှိဘူး။ စိမ်းလန်းစိုပြေပြီးလှပတယ်ပေါ့နော။ တော်တော်လှတယ်။တောင်တန်းတွေလည်းအမြင့်ကြီးတွေပဲ။ နောက်ပြီး ကန်ခုနှစ်ဆင့်။ ကန်ခုနှစ်ဆင့်လည်းစတွေ့တော့ ‘အို့ ‘ ကန်တွေက အဆင့်အဆင့်လိုက်ပေါ့ အဲ့လိုမျိုးတွေးတယ်။ ရာသီဥတုလည်းအဆင်ပြေတယ် ဒါမဲ့ တော်တော်တော့ အေးတယ်ပေါ့နော။ ပဲခူးတို့ဖက်မှကျတော့ အဲ့လောက်မအေးဘူးလေး။ ဒီဖက်မှာကျတော့ အရမ်းအေးတယ်” လို့ ကရင်နီကိုစရောက်လာတဲ့ အချိန်တုန်းက အခြေအနေကို သူမ ပြောပြပါတယ်။

မြို့ပြကနေ တောင်ပေါ်ဒေသကို မမျှော်လင့်ပဲ ရောက်လာသူတဦးအနေနဲ့ ကရင်နီ တောင်ပေါ်ဒေသက စိုက်ခင်း ၊ သဘာ၀ပတ်၀န်းကျင်က သူမကို ဆွဲဆောင်နေခဲ့တယ် လို့ ဆိုပါတယ်။

ကရင်နီပြည်ကို စတင်ရောက်လာချိန်မှာ ကရင်နီပြည်ရဲ့ အလှအပတွေကိုသာ တွေ့ခဲ့တာမဟုတ်ပါဘူး။
မတူညီတဲ့ ရာသီဥတု၊ လူမှု အသိုင်းအ၀ိုင်း၊ နေရာဒေသအနေအထား ၊ ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှု စတဲ့စိန်ခေါ်မှုတို့ကို တပြိုင်နက်တည်း ရင်ဆိုင်ကြုံတွေ့ရပါတယ်။

ရဲမေ အိုလီဗီယာက သူမနဲ့ အစိမ်းသက်သက်ဖြစ်တဲ့ ဒေသမှာ ထိတွေ့ရသမျှအရာအားလုံးနဲ့ နေသားကျလာအောင် ၂ လကြာ အချိန်ယူပြီး နေထိုင်ခဲ့ရတယ်လို့ ပြောပါတယ်။

ရဲမေအိုလီဗီယာနဲ့ ကရင်နီပြည်ကြား မတူညီတဲ့အရာမှန်သမျှထဲမှာ ဘာသာစကား က သူမအတွက် စိန်ခေါ်မှု အဖြစ်ဆုံးပဲလို့ဆိုပါတယ်။ သူမက တောင်တန်းဒေသက တိုင်းရင်းသားတွေနဲ့ ထိတွေ့ဆက်ဆံမှု မရှိဖူးသူပါ။ အိုလီဗီယာ ရောက်လာတဲ့ ဒေသကလည်း ကရင်နီပြည်ရဲ့ တောင်တန်းဒေသပဲဖြစ်နေပါတယ်။

သို့ပေမဲ့ ကရင်နီပြည်တွင်းကို ခြေချချချင်းမှာပဲ ကရင်နီဒေသခံ တော်လှန်ရေးတပ်ဖွဲ့၀င်တွေရဲ့ သူမတူတဲ့ ဖော်ရွေမှုကို ထူးထူးခြားခြား ခံစားရလို့ သူမအနေနဲ့ အံ့သြမိတယ်လို့ ဆိုပါတယ်။

” ဒီက ကျတော့ ကိုယ့်ကို တွေ့လိုက်တာနဲ့ ‘ လာ ထမင်းစားမယ်လေး’ အဲ့လိုမျိုးပေါ့နော။ တခုခုဆိုလည်း ဘာလုပ်မယ် ဘာလုပ်မယ်နဲ့ ခေါ်ခေါ်သွားတယ်။ ကရင်နီလူမျိုးတွေနဲ့ နေရတာ စစချင်းတွေ့တုန်းက နဲနဲတော့ အစိမ်းသက်သက်ဖြစ်ပေမဲ့ နောက်ပိုင်းကျတော့ တော်တော်လေး အဆင်ပြေသွားတယ်ပေါ့နော” လို့ အိုလီဗီယာက ပြောပြပါတယ်။

ရဲမေ အိုလီဗီယာဟာ အစ္စလာမ် ဘာသာ၀င်တဦးဖြစ်ပါတယ်။ အိုလီဗီယာ တာ၀န်ထမ်းဆောင်နေတဲ့ တပ်ဖွဲ့၀င်ထဲမှာ သူမကလွဲလို့ အစ္စလာမ်ဘာသာ၀င် တဦးတယောက်မှမရှိပါဘူး။

သူမ ပါ၀င်နေတဲ့တပ်ဖွဲ့အတွင်းတင် မကပါဘူး ကရင်နီ တပြည်နယ်လုံး အတိုင်းအတာနဲ့ ကြည့်ရင် အစ္စလာမ် ဘာသာကိုးကွယ်သူ ရာခိုင်နူန်းအနည်းငယ်သာရှိပါတယ်။ ကရင်နီပြည်က ခရစ်ယာန် ၊ ဗုဒ္ဓ ဘာသာကိုးကွယ်ယုံကြည်သူ အများဆုံးနေထိုင်တဲ့ ပြည်နယ်တခုပါ။

လူမှုပတ်၀န်းကျင်နဲ့ လိုက်လျောညီထွေဖြစ်အောင် နေထိုင်တတ်လာတဲ့ အိုလီဗီယာကတော့ သူမနဲ့ မတူတဲ့ ဘာသာခြားတွေကြားမှာ အားငယ်စိတ် မရှိပဲ နေထိုင်နေပါတယ်။ ရဲဘော်ရဲဘက်တွေကလည်း သူမကို ဘာသာခြားတယောက်ဖြစ်လို့ဆိုပြီး ခွဲခြားဆက်ဆံခြင်းမရှိတာကြောင့်လည်း ပါတယ်လို့ သူမက တက်ကြွစွာ ဖြေကြားပါတယ်။

အစ္စလာမ်ဘာသာမှာ သားကောင်ကို ‘ဟာလာ’ လုပ်ပြီးမှသာ စားသုံးခွင့်ရှိပါတယ်။ ‘ဟာလာ’ ဆိုတာက သားကောင်တကောင်ကို သန့်စင်အောင် ၊နာကျင်ခံစားမှု အသက်သာဆုံးဖြစ်အောင်စတဲ့ ရည်ရွယ်ချက်နဲ့ လည်လှီးသတ်ပြီးမှသာ စားသုံးခွင့်ရှိတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ တော်လှန်ရေးကာလထဲ အကြောင်းအမျိုးအမျိုးကြောင့် သားကောင်ကို ‘ဟာလာ’ မလုပ်ပဲနဲ့ စားသုံးနေတယ်လို့ အိုလီဗီယာက ပြောပါတယ်။

” တချို့တွေကျတော့ ရိုက်သတ်တာရှိတယ်။ ညီမတို့ကတော့ ‘ပိစ်မင်လာ’ ဆိုပြီးပြောလိုက်တယ်။ ‘ပိစ်မင်လာ’ ပြောပြီးတော့ လည်လှီးလိုက်တယ်ပေါ့။ အဲ့လို လည်လှီးပြီးသွားတော့မှပဲ စားသုံးခွင့်ရှိတယ်။ ဒါမဲ့ အခုကျတော့ တော်လှန်ရေးထဲ ရောက်တော့ စားရတာပဲပေါ့နော။
‘ဟာလာ’ မဟုတ်လည်းစားရတယ်။ အသားတော့စားတယ်။ ဒါမဲ့ ၀က်သားတော့ မစားဖြစ်ဘူးပေါ့” လို့ အိုလီဗီယာက ပြောပါတယ်။

မွတ်စလင်တို့ရဲ့ ထုံးတမ်းအရ သားကောင်ကို ‘ဟာလာ’ လုပ်ပြီးမှသာ စားသုံးခွင့်ရှိပေမဲ့ တိုင်းရင်းသားပေါင်းစုံကြား ရောက်ရှိနေတဲ့ တဦးထဲသော အစ္စလာမ် ဘာသာ၀င် အိုလီဗီယာက တခြားဘာသာ၀င်နည်းတူ စားသောက်နေရတာပါ။

ဒီလိုစားသောက်ခြင်းဖြင့် သူမ ယုံကြည်တဲ့ ထုံးတမ်းအစဥ်အလာကို ချိုးဖောက်ရာကျတယ်လို့ သူမ ခံစားခဲ့ရပါတယ်။ သို့ပေမဲ့ ‘ဟာလာ’ လုပ်ပြီးမှစားသုံးရအောင်လည်း စခန်းထဲက ရဲဘော်အားလုံးက မွတ်စလင် အနွယ်၀င်မဟုတ်ကြတာကြောင့် ရွေးချယ်စရာမရှိတော့တဲ့ သူမက အများနည်းတူ စားသုံးရပါတယ်။

အစ္စလာမ် ဘာသာရဲ့ ထုံးတမ်းအရ ရာသီအလိုက် အ၀တ်အစား အတို၊ အရှည် စသည်ဖြင့် ရွေးချယ် ၀တ်စားရပါတယ်။ အိုလီဗီယာက သူမ ယုံကြည်တဲ့ ဘာသာတရားချိုးဖောက်ရာ မရောက်လေအောင် အစ္စလာမ်ဘာသာ ခေါင်းဆောင်တို့နဲ့ အစားအသောက်၊ ၀တ်စားဆင်ယင်မှု၊ ၀တ်ပြုကိုးကွယ်မှု အကြောင်းတိုင်ပင်ညှိနှိုင်းပြီး ခွင့်ပြုချက်ယူခဲ့ရပါတယ်။ အဲ့ဒီနောက်မှ သူမ စိတ်ပေါ့ပေါ့ပါးပါး နေထိုင် စားသောက် နိုင်ခဲ့တာပါ။

” စစချင်းတော့ ညီမက ညီမတို့ မွတ်စလင်တွေဆို နည်းနည်းလေး စည်းကမ်းကြီး တာတို့ ဘာတို့ ရှိတယ်ပေါ့နော။ အစားအသောက် အနေအထိုင်ကစပေါ့နော။ တော်လှန်ရေးထဲ၀င်လာတဲ့အချိန်မှာ ဒီလိုမျိုးတွေကအစ လိုက်ပြီးတော့ ရှောင်ကြဥ်ရမယ်ဆို ညီမတို့အတွက် အဆင်မပြေဘူးလေး။” လို့ အိုလီဗီယာက ဆိုပါတယ်။

အိုလီဗီယာ နေထိုင်တဲ့ တော်လှန်ရေးစခန်းအတွင်း ချက်ပြုတ်သမျှ အစားအစာကို စားသောက်နိုင်ပေမဲ့ ၀က်သားချက်တဲ့နေ့မှာတော့ စခန်းက သူမ အတွက် သီးသန့်ဟင်း ချက်ပေးလေ့ရှိတယ်လို့ ပြောပါတယ်။ ဒါမှမဟုတ်ရင်လည်း အိုလီဗီယာ ကိုယ်တိုင် ချက်ပြုတ်လေ့ရှိတယ်လို့ ပြောပါတယ်။

စခန်းအတွင်း အိုလီဗီယာကို အစ္စလာမ်ဘာသာ၀င် တယောက်ဖြစ်လို့ ဆိုပြီး ခွဲခြားဆက်ဆံခြင်း လုံး၀မရှိလို့ သူမအနေနဲ့ လွတ်လပ်တယ်လို့ ဆိုပါတယ်။ ရဲဘော် ရဲဘက်များ ၀တ်ပြုကိုးကွယ်တဲ့အချိန်မှာလည်း အိုလီဗီယာက အတူပါ၀င်ပြီး အလိုက်သင့် နေပေးလေ့ရှိတယ်လို့ ဆိုပါတယ်။

တော်လှန်ရေးကာလမှာ တော်လှန်ရေးရဲဘော်တိုင်းမှာ တူညီတဲ့ခံယူချက်တခုနဲ့ အတူတကွ နေထိုင်လှုပ်ရှားနေကြတာ ဖြစ်ပါတယ်။

လူမျိုးရေး၊ ဘာသာရေးကို အခြေခံပြီး အာဏာရှင်ကိုတော်လှန်နေတာမဟုတ်လို့ အချင်းချင်းကြားခွဲခြားဆက်ဆံခြင်း လုံး၀မပြုလုပ်ဘူးလို့ KNDF တပ်ရင်း အမှတ် (၉) ဒုရင်းမှူး ဆရာကေး က ပြောပါတယ်။

” ကျနော်တို့ ဒီတော်လှန်ရေးမိသားစု စပြီးတော့ ထူထောင်လာတဲ့ အချိန်ကတည်းကပေါ့နော။ ကျနော်တို့ ဘာသာရေး၊ လူမျိုးရေးကိုအခြေခံပြီး တည်ဆောက်သွားတာမဟုတ်ဘူး။ ကျနော်တို့ ဒီအာဏာရှင်စနစ် ပြုတ်ကျရေးနဲ့ နိုင်ငံရေးအသစ်တည်ဆောက်ဖို့ ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ပေါက်ဖို့ပေါ့နော။ အဲ့လိုမျိုးပဲ ကျနော်တို့ ရည်ရွယ်ချက်ရှိတယ်။ ဘာသာရေးနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ ဘယ်ဘာသာရေးကိုမဆို နှိပ်ကွပ်တာတို့လည်းမရှိဘူး။ ပိုပြီး အားပေးတာလည်းမရှိဘူး။” လို့ KNDF တပ်ရင်း အမှတ် (၉) ဒုရင်းမှူး ဆရာကေး ကပြောပါတယ်။

အိုလီဗီယာကိုယ်တိုင်က သူမနဲ့ မတူညီတဲ့ လူမျိုး၊ ဘာသာ ၀င်တွေကြားထဲ စိတ်ပျက် အားငယ်ခြင်းတွေကို အလေးမပေးတဲ့သူပါ။ တူညီတဲ့စိတ်ခံယူချက်တခုဖြစ်တဲ့ စစ်ဖိနပ်အောက်က ရုန်းထွက်လိုစိတ်ကိုသာ အလေးပေးဆောင်ရွက်နေတယ်လို့ လည်း သူမက ပြောပါတယ်။

“အကုန်လုံးက တော်လှန်ရေးလုပ်တာ ဘာသာရေးကြောင့်မဟုတ်ဘူးပေါ့နော။ ဘာသာရေးကြောင့်လုပ်တာလည်းမဟုတ်ဘူး။ ဘယ်ပါတီ အဖွဲ့၀င်ကြောင့်မှလည်းမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ကိုယ့်နိုင်ငံကို စစ်ဖိနပ်ကနေပြီးတော့ စစ်ဖိနပ်ကနေ လွတ်မြောက်ဖို့အတွက်ပေါ့နော။ အဲ့လိုမျိုးလာတဲ့အတွက်ကြောင့် ဒီက အစ်မတွေကလည်း ဘာသာရေးကြောင့်လည်း ကိုယ့်ကိုမခွဲခြားဘူးကွာ။ ကိုယ်ကလည်း သူတို့ဘာသာရေးကြောင့် ဘာမှအမြင်မရှိဘူး။ အဲ့အတွက်ကြောင့်အကုန်လုံးကတော့ အဆင်ပြေတယ်” လို့ အိုလီဗီယာက ပြောပါတယ်။

ဘာသာရေး၊ လူမျိုးရေးကို ဦးထိပ်မထားပဲ နွေဦးတော်လှန်ရေး အောင်နိုင်ရေးကိုပဲ အလေးပေးဆောင်ရွက်နေတာကြောင့် တခါတလေမှာ သူမ ယုံကြည်ကိုးကွယ်တဲ့ ဘာသာတရား အလေ့အထတွေနဲ့ ဆန့်ကျင် လုပ်ဆောင်နေရတာတွေရှိတယ်လို့ သူမကပြောပါတယ်။

” ညီမကတော့ အဓိက ဦးစားပေးက တော်လှန်ရေးကိုပဲ ဦးစားပေးတယ်။ ညီမရဲ့အလုပ်အကိုင်ပေါ့နော။ ညီမက အခုဆေးတပ်သားတယောက်အနေနဲ့ ညီမရဲ့အလုပ်အကိုင်ကို ဦးစားပေးပြီးတော့မှလုပ်တယ်။ တချို့အရာတွေဆိုရင် ညီမတို့ပြေးလွှားတာတို့ ဘာတို့ဆိုရင် ရာသီဥတု အပေါ်မှာနေပြီးတော့ ညီမတို့ဆိုရင်အရှည်ပဲ ၀တ်ရတာပေါ့။ ခေါင်းအစ၊ ခြေအဆုံး ဖုံးအောင်၀တ်ရတဲ့ ဘာသာပုံစံမျိုးဖြစ်တယ်။ ဒါမဲ့ ညီမကတော့ အချိန်နဲ့အလိုက်ပေါ့နော။ ကိုယ်ဘောင်းဘီတို၀တ်ရမဲ့ အချိန်ဆိုလည်း ဘောင်းဘီတို၀တ်လိုက်မှာပဲ။ အဲ့လိုမျိုးပေါ့။ နောက်ပြီးရင် အလုပ်အကိုင်ဆိုရင်လည်း ကိုယ့်ဘာသာနဲ့ ညှိစွန်းနေတဲ့အလုပ်အကိုင်တခုဖြစ်နေရင်တောင်မှ ကိုယ်ကလုပ်ရမဲ့ဟာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ လုပ်ရတယ်ပေါ့နော။” လို့ အိုလီဗီယာက ပြောပါတယ်။

ဘာသာခြားကြားမှာ အိုလီဗီယာကတော့ သူမရဲ့ အစ္စလာမ်ဘာသာ ထုံးတမ်းကို အကုန်မကျင့်ကြံနိုင်ပေမဲ့ သူမ ယုံကြည်တဲ့ ဘာသာတရားက ရင်ထဲမှာ အမြဲကိန်းအောင်းနေဆဲဖြစ်တယ်လို့ ပြောပါတယ်။

အာဏာရှင်စနစ်ကျရှုံးသွားတဲ့ တနေ့ အိမ်ပြန်ရောက်မှသာ သူမ ယုံကြည်ကိုးကွယ်တဲ့ အစ္စလာမ်ဘာသာမှာ အပြစ်ပြန်ဆေးကြောမှာဖြစ်ပြီး အစ္စလာမ်ဘာသာ၀င်တဦးအနေဖြင့် ပြန်လည်ခံယူမှာဖြစ်တယ်လို့ ပြောဆိုသွားပါတယ်။

spot_img
spot_img