spot_imgspot_imgspot_imgspot_img
Tuesday, March 25, 2025
spot_imgspot_imgspot_imgspot_img

“ကရင်နီရဲ့ ရှေ့တန်းစစ်မြေပြင်က RPG ပကူး”

Author

Date

Category

ကေးဒူ / ကန္တာရဝတီတိုင်း(မ်)

ပကူး(ခူးပကူး) ဟာ ကရင်နီပြည်တပ်မတော် (KA) ရဲ့ တပ်သားတဦးပါ။ စစ်သားဖြစ်တာကြောင့် ရန်သူတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့ အကြိမ်ရေ မနည်းခဲ့ပါဘူး။ ဒါပေမဲ့လည်း တဖက်ရန်သူကို ခူးပကူးတယောက် လက်ဗလာနဲ့ ထိပ်တိုက်ရင်ဆိုင်တွေ့ခဲ့ဖူးပါတယ်။
၂၀၂၃ ၊ နိုဝင်ဘာလ၊ လွိုင်ကော် တစ်လေးလုံး မြို့သိမ်းတိုက်ပွဲ စစ်ဆင်ရေးတနေရာမှာ ရန်သူနဲ့ ပကူး(ခူးပကူး) တယောက် လက်နက်မပါဘဲ ရင်ဆိုင်ကြုံတွေ့ခဲ့တာပါ။

လွိုင်ကော်မြို့တွင်းတိုက်ပွဲ ရှေ့တန်းတနေရာ။ အဲဒီနေ့ရဲ့ နံနက်မိုးသောက် အာရုံတက်ချိန်မှာ ပကူး တယောက် သူရဲ့ RPG ကို ထားခဲ့ပြီး မိမိတည်ရပ်နဲ့ မနီးမဝေး တနေရာမှာ အပေါ့စွန့်ဖို့ သွားခဲ့တာပါ။ သူ့ရဲ့ လက်နက်ဖြစ်တဲ့ RPG ကအလွန်လေးတဲ့အပြင် အနီးကပ်တွေအတွက် အသုံးမဝင်ပါဘူး။ ဒါ့ကြောင့် သူရဲ့ လက်နက်ကို ထားခဲ့ပြီး အပေါ့သွားစွန့်တာပါ။

သူ့ရောက်ရှိနေတဲ့ ရှေ့တန်းနေရာကတော့ ရန်သူနဲ့ မီတာ ၁၅၀ ဝန်းကျင်လောက်ပဲ ကွာဝေးပါတယ်။
ကံဆိုးချင်တော့ အပေါ့စွန့်ဖို့ သွားနေတဲ့ လမ်းခုလတ်မှာ လက်နက်မပါဘဲ မျက်စိလည်လမ်းမှားလာတဲ့ ရန်သူ(စစ်ကောင်စီတပ်သား) တယောက်နဲ့ မြောင်းထဲတနေရာမှာ နှစ်ယောက်သားရင်ဆိုင်ကြုံတွေ့ခဲ့ ရပါတယ်။

“ကျနော်လည်းမသိဘူး။ မြောင်းထဲမှာ ဆိုတော့ မှောင်နေသေးတော့ သိပ်မမြင်ရဘူး။ ပြီးတော့ သူ့ကို တွေ့တော့ အပေါ်ပိုင်းမှာ ယူနီဖောင်းမဝတ်ထားတော့ ကိုယ့်လူလို့ပဲ ထင်လိုက်တာ။ ဒါနဲ့ ကယားလို (ဘာသာစကား) နဲ့ သူ့ကို စကားပြောလိုက်သေးတယ်။ သူထွက်ပြေးမှ ရန်သူမှန်းသိရတာ။ သူသာ လက်နက်ပါရင် တော့ ကျနော် သေပြီပဲ” လို့ ပကူးက သူကြုံခဲ့ရတဲ့ ဖြစ်စဉ်အကြောင်းကို ပြန်ပြောင်းပြောပြပါတယ်။

ပကူးက သူရဲ့ တည်ရပ် နေရာကို ပြန်လည်ရောက်လာတဲ့ အချိန်မှာတော့ ရယ်မောပြီး ကျနော့်ကို ပြန်လည် ပြောပြလာတာပါ။ ရန်သူသာ လက်နက်ပါခဲ့ရင် ကျနော့်ကို အခုလိုတောင် ရယ်မောပြီး ပြန်လည်ပြောပြနိုင်ခဲ့မှာတော့ မဟုတ်ပါဘူး။ စာရေးသူ ကျနော်ကလည်း အဲဒီ တစ်လေးလုံး စစ်ဆင်ရေးတုန်းက သတင်းဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးရေးအတွက် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အတူ ရှေ့တန်းစစ်မြေပြင်အထိလိုက်ပါသွားခဲ့တာပါ။

တကယ်တမ်း စစ်မြေပြင်မှာ ရန်သူနဲ့ အနီးကပ်ရင်ဆိုင်တိုက်ခိုက်ရတဲ့အခါ လက်နက်ကြီး ကိုင်ဆောင်ရတဲ့ ခူးပကူး လို ရဲဘော်တွေအတွက် အခက်အခဲရှိပါတယ်။ ခူးပကူးကြုံတွေ့ခဲ့သလို ရန်သူနဲ့ အနီးကပ် ရင်ဆိုင်ခဲ့ရင် သူ့ထက်ငါ လက်ဦးမှုရနိုင်ဖို့အတွက် လက်နက်ငယ်ဆောင်ထားမှ တော်ကာကျမှာဖြစ်ပါတယ်။

ခူးပကူးကိုင်ဆောင်ရတဲ့ လက်နက်က လက်နက်ငယ်တွေလို ပေါ့ပါးမှုတွေ မရှိတာကြောင့် သွားလေရာမှာ သယ်ယူဖို့က အဆင်မပြေနိုင်ပါဘူး။ ခူးပကူးကိုင်ဆောင်ရတဲ့ လက်နက်က လက်နက်ကြီးအမျိုးအစားထဲပါဝင်တဲ့ RPG ပါ။ အင်မတန်လေးလံပြီး ဂရုတစိုက်လည်းသယ်ဆောင်သွားရပါတယ်။

RPG လက်နက်ကို ကိုင်ဆောင်ရတဲ့ ရဲဘော်တိုင်းဟာ တခြားသော လက်နက်ငယ်ကို ကိုင်ဆောင်နေရတဲ့ ရဲဘော်တွေထက် စိန်ခေါ်မှု ပိုမိုကြီးလေးတဲ့အကြောင်း သူကအခုလို ပြောပါတယ်။

“RPG လက်နက်ကိုင် ထမ်းရတဲ့ ရဲဘော်တွေ စိန်ခေါ်မှုတွေ ပိုရှိတယ်။ ဘာဖြစ်လို့လည်းဆိုရင် ပိုလေးတယ်။ ပိုလည်း ပင်ပန်းတယ်။ တောင်တက်တောင်ဆင်းတွေမှာဆိုရင် ပိုလို့တောင် ပင်ပန်းတယ်။ ကိုယ့်အတွက်တော့ စိန်ခေါ်မှုတခုပေါ့။ အန္တရာယ်လည်းရှိတယ်။ သွားလာတဲ့အချိန်ဆို သေချာ ထိန်းရတာပေါ့။ ဘာဖြစ်လို့လည်းဆိုရင် ချော်လှဲပြီး ကျောက်တုံးတွေ ဘာတွေနဲ့ တိုက်မိရင် ကိုယ့်အတွက် အန္တရာယ်ရှိတာပေါ့” လို့ ခူးပကူးက ပြောပါတယ်။

ခူးပကူးကို သူ့ရဲ့ ရဲဘော်ရဲဘက်တွေက သူကိုင်ဆောင်တဲ့ လက်နက်ကို အစွဲပြုပြီး RPG ပကူးလို့လည်း ခေါ်ကြပါတယ်။

သူရဲ့ဇာတိက ကရင်နီပြည်နယ်ထဲက ဒုတိယ မြို့တော်ဖြစ်တဲ့ ဒီးမော့ဆိုမြို့ ပါ။ ၂၀၂၁ စစ်တပ်အာဏာ မသိမ်းခင်မှာတော့ တဖက်နိုင်ငံ(ထိုင်း) မှာ အလုပ်ကို သွားရောက်လုပ်ကိုင်ရင်း မိသားစုကို တဖက်တလမ်းကနေ ထောက်ပံ့ပေးနေတဲ့ အသက် ၃၀ အရွယ် လူငယ်တဦး‌ ဖြစ်ပါတယ်။

စစ်တပ်အာဏာကို သိမ်းယူလိုက်တာကြောင့် လူငယ် ပီပီ လက်သင့်မခံနိုင်ဘဲ ပြန်လည် တွန်းလှန်ဖို့အတွက် လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်ကို ရွေးချယ်ခဲ့ပါတယ်။

သူဟာ ကရင်နီပြည် တပ်မတော်က ဖွင့်လှစ်တဲ့ KA-အပတ်စဉ် (၇၁) အခြေခံ စစ်သင်တန်းကို တက်ရောက်ခဲ့ပါတယ်။

သင်တန်းဆင်းပြီး အချိန်မှာတော့ သူ့ရဲ့ လူကောင် ထွားကြိုင်းမှု၊ သန်မာမှုတွေ ကြောင့် RPG ဆိုတဲ့ လက်နက်ကြီးကို ထမ်းခဲ့ရတာပါ။

သင်တန်းဆင်းတဲ့ အချိန်ကတည်းကစတင်ပြီး အခုချိန်ထိ တိုက်ပွဲပေါင်း (၅၀) ဝန်းကျင်လောက် ပါဝင်ခဲ့ဖူးသူ တဦးပါ။

တိုက်ပွဲတွေတိုင်းမှာ သူ့ရဲ့ RPG ပစ်ချက်တွေက ကောင်းမွန်လွန်းတာကြောင့် RPG ပကူး ဆိုတဲ့ နာမည်က လူသိများလာခဲ့ပါတယ်။

“ဘာဖြစ်လို့ ကျနော့်ကို RPG ပကူးလို့ ခေါ်တာလဲ ဆိုရင် တိုက်ပွဲထဲမှာလည်း အများကြီး ကြုံခဲ့ဖူးတယ်။ တိုက်ပွဲထဲမှာ ပစ်ခတ်လိုက်ရင် လွဲတယ်ဆိုတာ သိပ်မရှိလိုဘူး။ အဲ့လိုမျိုးဖြစ်တော့ သူတို့တွေလည်း ကျနော့်ကို RPG ပကူးလို့ ခေါ်ကြတာပေါ့” လို့ သူက ဆိုပါတယ်။

တိုက်ပွဲတပွဲမှာ RPG ရဲ့ အရေးပါပုံ ၊ တိုက်ပွဲတပွဲရဲ့ အဖြေကို ပြောင်းလဲသွားစေနိုင်တဲ့အထိ ရှိတယ်ဆိုတဲ့ အကြောင်းကိုလည်း သူက အခုလို ဆက်ပြောပြပါတယ်။

“တိုက်ပွဲတပွဲမှာ RPG က ဘယ်လောက်ထိအရေးပါသလဲဆိုရင် လက်နက်ငယ်မတိုးနိုင်တဲ့ နေရာတွေဆိုရင် RPG က လက်နက်ငယ်ထက် ပိုပြီးတော့ထိရောက်မှု ရှိတယ်။ တိုက်ပွဲတပွဲကိုလည်း ပြောင်းလဲသွားစေနိုင်တယ်” လို့ ခူးပကူးက ပြောပြပါတယ်။

သူရဲ့ စွမ်းဆောင်ရည်တွေကြောင့် ရန်သူကိုတွန်းလှန်နိုင်ပြီး လက်နက်တွေ သိမ်းရမိတဲ့ပွဲတွေလည်း ရှိခဲ့ဖူးတယ်လို့လည်း ဆိုပါတယ်။

သူကိုင်ဆောင်ရတဲ့ RPG ဟာကောင်းကျိုးတွေ ရှိသလို ၊ တဖက်မှာလည်း ဆိုးကျိုးရှိနေပြန်ပါတယ်။

“RPG ကိုင်ရတဲ့ နောက်ဆက်တွဲ ဆိုးကျိုး ကတော့ ပစ်ဖန်များရင်တော့ နားအူတာတို့ မျိုးတော့ ဖြစ်တယ်။ အခုက အသက်ငယ်သေးတော့ အဲ့လောက်တော့ မခံစားရသေးဘူး။ ဒါပေမဲ့ ကြာလာရင်တော့ ဘယ်လို ဖြစ်လာမလဲဆိုတာတော့ မသိသေးဘူး။ တုန်ခါမှုတွေကတော့ လူကိုအများကြီး ထိခိုက်တာပေါ့။ အခုအသက်အရွယ်ရှိသေးတော့ ဒဏ်ရာသိပ်မရသေးဘူး။ အသက်အရွယ်ရလာရင်တော့ လူကတော့ တခုခုဖြစ်မှာပဲ” လို့ ခူးပကူး ကပြောပါတယ်။

အခုချိန်မှာတော့ ငယ်ရွယ်ပြီး သန်မာနေဆဲဖြစ်တဲ့ ခူးပကူးတယောက် နားလေး(နားအူ)တဲ့ ဝေဒနာကို စတင်ခံစားမိနေပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ ကျဆုံးသွားတဲ့ ရဲဘော်တွေကို ပြန်တွေးမိတိုင်း အားနာပြီး ဒီဝေဒနာတွေနဲ့ ယှဉ်လိုက်ရင် စာမဖွဲ့လောက်ဘူးဆိုပြီး သူ့ကိုယ်သူ ဖြေသိမ့်နေသူ တဦးပါ။ ကျဆုံးသွားတဲ့ ရဲဘော်ရဲဘက်တွေအတွက် နှစ်ဆ အလုပ်ပိုကြိုးစားပြီး တော်လှန်ရေးပြီးမြောက်သည်အထိ ဆက်လက် တိုက်ပွဲ ဝင်သွားမယ်လို့ RPG က ပကူးက ပြောဆိုသွားပါတယ်။

spot_img
spot_img
spot_img

Recent posts