spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

“ကိုယ်ချစ်မြတ်နိုးတဲ့အိမ်ကို လုံလုံခြုံခြုံနဲ့ပြန်စေချင်”

Author

Date

Category

မော်ဦးမြာ / ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ကျေးလက်နေလူထုတွေအပါအဝင် မြို့နေ လူထုတွေဟာ နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ကြရပြီး၊ ဒီကနေ့အထိ နေရပ်ကို ပြန်လာနေထိုင်နိုင်ခြင်း မရှိသေးပါဘူး။ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းကစပြီး တော်လှန်ရေးတပ်ဖွဲ့တွေကနေ တပ်စခန်းတွေကို သိမ်းပိုက်ရရှိပြီး ပြည်နယ်တွင်းက တချို့သော မြို့နယ်တွေကိုလည်း အပြည့်အဝ ထိန်းချုပ်ထားနိုင်ခဲ့တာကြောင့် ဒေသခံစစ်ရှောင်တွေအတွက် အိမ်ပြန်ဖို့အခွင့်အလမ်းတွေ ရလာတော့မလားဆိုတဲ့ မျှော်လင့်ချက်တွေရှိနေမှာတော့ သေချာလှပါတယ်။

ဒါပေမဲ့ စစ်မြေပြင်မှာ စစ်တိုက်နေနေကြတဲ့ တော်လှန်ရေးတပ်တွေကတော့ ပြည်သူလူထုတွေရဲ့ လုံခြုံရေးကိုရှေ့ရှူပြီး နေရပ်ကိုအလောတကြီး မပြန်ခိုင်းစေချင်သေးပါဘူး။

စစ်ပွဲဖြစ်လာပြီဆိုရင် နှစ်ဖက် လက်နက်ကိုင်တပ်တွေဟာ ပေါက်ကွဲစေနိုင်တဲ့ လက်နက်တွေကို အသုံးပြုကြပြီး မိုင်းတွေကိုလည်း အပြန်အလှန် ထောင်လေ့ရှိတာ ဖြစ်ပါတယ်။ ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းတွေဟာ လူကို အသက်အန္တရာယ်ပြုစေနိုင်သလို၊ တဘဝစာ ဒုက္ခိတ ဖြစ်စေနိုင်တာကြောင့် အထူးသတိပြုဖို့ လိုအပ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ဒီးမော့မြို့နယ်အတွင်းမှာ နေရပ်ပြန်ပြီး သန့်ရှင်းရေး ပြန်လာလုပ်ဆောင်နေတဲ့ အိမ်ထောင်ဦးစီးတဦးဟာလည်း မြေမြှုပ်မိုင်းကြောင့် ခန္ဓာကိုယ် အစိတ်အပိုင်းကို ဆုံးရှုံးလိုက်ရပါတယ်။ သူဆုံးရှုံးလိုက်ရတာ ညာခြေထောက်ပါ။

အမျိုးသမီးတဦးကလည်း ၂၀၂၂ ခုနှစ်မှာ နေရပ်ပြန်ပြီး စပါးသယ်ယူခဲ့ရာမှာ မြေမြှုပ်မိုင်းနင်းမိတာကြောင့် ခြေထောက်နှစ်ဖက်အပြင်၊ ခန္ဓာကိုယ်တခုလုံးနဲ့ မျက်နှာအပါအဝင် မိုင်းစတွေကြောင့် ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပါတယ်။

“ပထမတကြိမ် ကျနော်တို့ သွားတော့ မနင်းမိသေးဘူး။ ကျနော်တို့က အဲ့မိုင်းကို ခွသွားတာထင်တယ်။ သူက ကံဆိုးပြီး နင်းမိသွားတာ။ ကျနော် သူ့နောက်မှာဘဲ သွားတာ။ ”ဒုန်း” ဆိုပြီးပေါက်တော့ သူနင်းမိသွားတာ။ ကျနော်က သူ့ကို သွားဆွဲဖို့ဘဲ သိတော့တာ။ ကျန်တာ ဘားမှ မသိတော့ဘူး။ ကြောင်ကုန်တယ်။” လို့ အဆိုပါ အမျိုးသမီးနဲ့အတူ နေရပ်ပြန်ပြီး စပါးသယ်ယူတဲ့ တရွာတည်းနေ အမျိုးသားတဦးက မိုင်းနင်းမိတဲ့ဖြစ်စဉ်ကို ပြန်ပြောင်းပြောပြပါတယ်။

စစ်ပွဲတွေ ဖြစ်ပွားနေတဲ့ ကရင်နီပြည်နယ်ရဲ့ အတိုင်းအတာအနေနဲ့ စစ်ကောင်စီတပ်ဟာ နင်းမိုင်းတွေကို အများဆုံးအသုံးပြုလေ့ရှိနေပါတယ်။ အထူးသဖြင့် ရေထွက်လမ်း၊ မီးဖိုဆောင်အဝင်လမ်း၊ လမ်းအသွယ်သွယ်၊ ဘုရားကျောင်းလမ်း၊ စပါးကျီလမ်း၊ လူအသုံးများတဲ့ လမ်းကြိုလမ်းကြား၊ ခြုံထူထပ်တဲ့နေရာ စတဲ့နေရာတွေမှာ ထောင်ထားလေ့ရှိတယ်လို့ ကရင်နီပြည်တပ်မတော် KA ရဲ့ စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ရှင်းပြပါတယ်။

ဒါ့အပြင် တိုက်ပွဲဖြစ်ပွားခဲ့ဖူးတဲ့နေရာ၊ စစ်ဆေးရေးဂိတ်တွေ ရှိခဲ့ဖူးတဲ့နေရာ၊ လျှပ်စစ်တာဝါတိုင်၊ ဖုန်းတာဝါတိုင်တည်ရှိတဲ့ နေရာ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေ အခြေစိုက်တဲ့နေရာ၊ တားမြစ်ထားတဲ့နေရာ၊ စွန့်ပစ်ထားတဲ့ စစ်တပ်သုံးယာဉ်၊ တံတားနဲ့အနီးအနားတဝိုက်နေရာ စတဲ့နေရာတွေမှာလည်း ပေါက်ကွဲပစ္စည်းတွေ ရှိနေနိုင်ပါတယ်။

လူထုတွေအနေနဲ့ သွားလာတဲ့အခါမှာ အထက်ပါနေရာတွေအပြင် မြေကြီးမြေစာဖွာနေတာတွေ တွေ့ရှိရင် အဲ့ဒီနေရာတွေကို ရှောင်ရှားဖို့ အထူးသတိထားရမယ်လို့ ဗိုလ်မှူးကြီး ဘုန်းနိုင်က အသိပေးထားပါတယ်။

စစ်ကောင်စီတပ်ကတော့ သူတို့ နေရာယူတပ်စွဲထားခဲ့ဖူးတဲ့ လူနေအိမ်၊ စာသင်ကျောင်း၊ ဘုရားကျောင်း စတဲ့ဘယ်နေရာမှာမဆို မိုင်းတွေ ထောင်ထားလေ့ရှိပါတယ်။

တော်လှန်ရေးတပ်တွေအနေနဲ့လည်း သူတို့ရန်သူဖြစ်တဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ရာမှာ မိုင်းတွေကိုလည်း အသုံးပြုနိုင်ပြီး၊ စစ်ကောင်စီရဲ့ တပ်စခန်းနဲ့အနီးတဝိုက်နဲ့ စစ်ကောင်စီတပ်တွေ အများဆုံးသွားလာအသုံးပြုတဲ့ လမ်းတွေမှာသာ ထောင်လေ့ရှိပြီး၊ မိုင်းတွေရှိနိုင်တဲ့ ဧရိယာတွေမှာ သွားလာခြင်းမပြုလုပ်ဖို့ လူထုတွေကို အသိပေးထားတယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

“တော်လှန်ရေးက မထောင်လိုဘူး။ ရန်သူ့စခန်းနားဘဲ ထောင်တယ်။ ရန်သူသုံးမဲ့လမ်း အဲလောက်ဘဲ။ မိုင်းထောင်တဲ့ဂွင် ဧရိယာမှာ လူထုကိုမသွားဖို့ ပြောထား၊ မှာထားပါတယ်။” လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။

လူကိုအန္တရာယ်ပြုပြီး ပေါက်ကွဲစေနိုင်တဲ့ လက်နက်တွေထဲမှာ မိုင်းတခုတည်းသာ မဟုတ်ဘဲ ဗုံးသီး၊ လက်နက်ကြီး အဆံ၊ စစ်သုံးလက်ကျန်ပစ္စည်း စတဲ့အရာတွေလည်း ပါဝင်တာကြောင့် အဲ့ဒီပစ္စည်းတွေကို ထိတွေ့ကိုင်တွယ်ခြင်း လုံးဝမပြုလုပ်ဖို့ လိုအပ်ပါတယ်။

အထူးသဖြင့် ကလေးငယ်တွေကို သတိထားရမှာဖြစ်ပြီး ပေါက်ကွဲစေနိုင်တဲ့ လက်နက်အကြွင်းအကျန်တွေကို တစုံတခုနဲ့ ပစ်ပေါက်ကစားတာကို လုံးဝ မပြုလုပ်ရပါဘူး။ လက်နက်အကြွင်းအကျန်တွေဟာ အချိန်မရွေး ပေါက်ကွဲနိုင်တာကြောင့် အဲ့ဒီအရာတွေကို တွေ့ရှိရင် သက်ဆိုင်ရာလူကြီးတဦးဦးကို အသိပေးဖို့ လိုအပ်ပါတယ်။

၂၀၂၃ ခုနှစ်နှောင်းပိုင်းကာလမှာ တော်လှန်ရေးတပ်ဖွဲ့တွေကနေ မြို့နယ်တွေကို အပြည့်အဝ ထိန်းချုပ်ထားလာနိုင်တာကြောင့် စစ်ဘေးရှောင်တိမ်းရှောင်ရတာ ကာလရှည်ကြာလာတဲ့ အရပ်သားတွေဟာ မိမိနေအိမ်ကို ပြန်ကြည့်ချင်တာ၊ ခြုံနွယ်တွေ ပြန်ရှင်းချင်တာ စတာတွေကို ပြန်လာလုပ်ဆောင်နေတာတွေကြောင့် မြေမြှုပ်မိုင်းတွေကို နင်းမိပြီး အသက်ဆုံးရှုံးတာ၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးရတာတွေ ဖြစ်လာပါတယ်။

ကန္တာရဝတီတိုင်း(မ်) ရဲ့ လက်လှမ်းမီသမျှ ပြုစုထားတဲ့စာရင်းအရ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၁ ခုနှစ် မတ်လ ကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအထိ ကရင်နီပြည်နယ်အတွင်းမှာ မြေမြှပ်မိုင်းတခုတည်းကြောင့် သေဆုံးသူ အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၂ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၁ ဦး ရှိခဲ့ပါတယ်။

မြေမြှပ်မိုင်းနင်းမိသူတွေဟာ အထူးသဖြင့် အိမ်ထောင်ဦးစီးဖြစ်သူတွေပါ။ စစ်ဘေးရှောင်ကာလ ရှည်ကြာလာတာကြောင့် မိသားစုအတွက် နေအိမ်ပြန်ပြီး စားနပ်ရိက္ခာသယ်ယူတာ၊ သန့်ရှင်းရေးတွေ ပြန်လုပ်တာတွေကြောင့် မိုင်းနင်းမိတဲ့ဖြစ်စဉ်ဟာ ကရင်နီမှာ အများဆုံး ဖြစ်ပွားနေပါတယ်။

စစ်ပွဲဖြစ်ပွားခဲ့တဲ့နေရာတွေမှာ မိုင်းရှင်းလင်းရေးဆောင်ရွက်တာ၊ ပေါက်ကွဲစေနိုင်တဲ့ လက်နက်ပစ္စည်းတွေကို ရှင်းလင်းတာဟာလည်း မဖြစ်မနေ ဆောင်ရွက်ဖို့ လိုအပ်လာပါတယ်။ ဒါပေမဲ့ အကာအကွယ်သုံးပစ္စည်းတွေကို အသုံးပြုပြီး ရှင်းလင်းပေးနိုင်တဲ့သူတွေ မရှိနေသေးတာကြောင့် လတ်တလောမှာ လူထုတွေဟာ ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းတွေဆီကနေ မိမိကိုယ်ကို အတတ်နိုင်ဆုံး ကာကွယ်ဖို့ လိုအပ်နေပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ မြေမြှုပ်မိုင်းတွေကိုရှင်းလင်းတာတွေ လုပ်ဆောင်နေပေမဲ့ အကာအကွယ်မဲ့ ရှင်းလင်းတာဟာလည်း အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ သူတို့လေ့လာတတ်စွမ်းထားတဲ့ ပညာနဲ့ ကံကို ပုံပြီး တိုက်ပွဲမဖော်တဲ့ အချိန်တွေမှာ စစ်ကောင်စီတပ်စွဲထားခဲ့တဲ့ နေရာတွေမှာ မြေမြှုပ်မိုင်းတွေ လိုက်လံရှင်းလင်းတာတွေ လုပ်ဆောင်နေကြတာပါ။

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC အနေနဲ့ တော်လှန်ရေးတပ်တွေရဲ့ ထိန်းချုပ်နယ်မြေတွေမှာ မိုင်းရှင်းလင်းရေးဆောင်ရွက်ဖို့ အစီအစဉ်ရှိပေမဲ့ အသေးစိတ်ကိုတော့ မချပြနိုင်သေးဘူးလို့ အထွေထွေအတွင်းရေးမှူး ခူပလုရယ်က ကန္တာရဝတီတိုင်း(မ်) ကို ဖြေကြားထားပါတယ်။

“မိုင်းတွေကို ရှင်းလင်းမဲ့အစီအစဉ်လည်း ရှိပါတယ်။ ဒါပေမဲ့ အသေးစိတ်ကတော့ ဒီမှာပြောလို့တော့ အဆင်မပြေသေးဘူးပေါ့နော။” လို့ ခူပလုရယ်က ပြောပါတယ်။

လူထုတွေအနေနဲ့လည်း နေရပ်ကို ပြန်ဖို့ အလောတကြီး မဆုံးဖြတ်ကြဘဲ ခေတ္တပြန်သည်ဖြစ်စေ၊ ပြန်လာနေထိုင်သည်ဖြစ်စေ သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့တွေ၊ နယ်မြေအုပ်ချုပ်ရေး တာဝန်ရှိသူတွေရဲ့ ညှိနှိုင်းခွင့်ပြုချက် ရယူပြီးမှသာလျှင် ဆုံးဖြတ်ကြဖို့ကို ခူပလုရယ်က တိုက်တွန်းထားပါတယ်။

ဒါကြောင့်လည်း လူထုတွေအနေနဲ့ ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းတွေကနေ မိမိကိုယ်ကို ကာကွယ်နိုင်ဖို့အတွက် အထက်ပါဖော်ပြထားတဲ့ အချက်တွေကို သတိပြုလိုက်နာဖို့အပြင်၊ မိမိနေရပ်ဒေသအသီးသီးမှာ တားမြစ်အသိပေးထားတဲ့ အန္တရာယ်ဖြစ်နိုင်တဲ့ နေရာတွေကိုလည်း သွားလာခြင်းမပြုလုပ်ဖို့နဲ့၊ မိမိတို့ချစ်မြတ်နိုးတဲ့အိမ်ကို လုံလုံခြုံခြုံနဲ့ပြန်စေချင်တဲ့ စေတနာနဲ့ တိုက်တွန်းလိုက်ရပါတယ်။

spot_img
spot_img

Recent posts