spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကျောင်းသား ၄ ဦး အပါအဝင် ၅ ဦးသေဆုံးတဲ့ဖြစ်စဉ်အတွက် ကျုးလွန်သူကို အပြစ်ပေးနိုင်ဖို့ ဆောင်ရွက်သွားမည်

ကန္တာရဝတီတိုင်း(မ်)

မနေ့က ဖေဖော်ဝါရီလ ၅ ရက်နေ့ မနက်ပိုင်းက ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာ စစ်ကောင်စီလေတပ်က စာသင်ကျောင်းတွေကို လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး သေဆုံးသွားခဲ့ရတဲ့ ကျောင်းသား ၄ ဦးအပါအဝင် သက်ကြီးပိုင်းတစ်ဦးသေဆုံးမှုအတွက် ကျုးလွန်သူကို ရှာဖွေပြီး အပြစ်ပေးနိုင်တဲ့အထိ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

“ဒါကတော့ အဆိုးဝါးဆုံးသော စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတစ်ရပ် ကျနော်တို့အနေနဲ့ မေ့လို့မရဘူး ခွင့်လွှတ်လို့ရတဲ့ဖြစ်စဉ်မဟုတ်ဘူးလို့ ပြောလိုတယ်။ ဒါကိုလည်း အဆုံးစွန်ထိ ကျူးလွန်သူကို ရှာဖွေပြီး အပြစ်ပေးနိုင်တဲ့အထိ ဆက်လုပ်သွားဖို့ ရည်တန်းထားပါတယ်။”လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ဦးဗညားက ပြောပါတယ်။

စစ်ကောင်စီက ကလေးတွေကို ပညာသင်ကြားလို့မရအောင်၊ အကြောက်တရားစိုးမိုးနေအောင်နဲ့ စိတ်ဒဏ်ရာတွေ ရရှိအောင် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်တာဖြစ်တဲ့အတွက် လက်ခံနိုင်စွမ်းမရှိဘဲ အပြင်းအထန် ရှုတ်ချတယ်လို့ သူက ဆက်ပြောပါတယ်။

ဒီလိုအကြမ်းဖက်တိုက်ခိုက်မှုကို နိုင်ငံတကာလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေ နဲ့ ဓလေ့ထုံးတမ်းဥပဒေများ အပေါ် ဆိုးဝါးတဲ့ ချိုးဖောက်မှုဖြစ်ရာ ရောမသဘောတူစာချုပ် (Rome Statue) အရ စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC က မနေ့က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ထုတ်ပြန်ပြောဆိုထားပါတယ်။

ကလေးသူငယ်များအခွင့်အရေးဆိုင်ရာသဘောတူစာချုပ် (Convention on the Rights of the Child – CRC) အရ “ကလေးတိုင်းတွင် ပင်ကိုယ်ဗီဇအဖြစ် အသက်ရှင် နေထိုင်ခွင့်ရှိသည်”ဟူသော အချက် နဲ့ ဂျီနီဗာ သဘောတူညီချက်များကိုလည်း စစ်ကောင်စီမှ အလေးထားမှု မရှိဘဲ ဗြောင်ဗြောင်တင်းတင်း ချိုးဖောက်လိုက်ခြင်း ဖြစ်တယ်လို့ IEC က ထောက်ပြထားပြီး အမျိုးသားညီညွတ်ရေးအစိုးရအပြင် ကမ္ဘာ့ကုလသမ္မဂ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းတွေအနေနဲ့ လက်ပိုက်မကြည့်ဘဲ အမြန်ဆုံး အရေးယူဆောင်ရွက်ပေးဖို့ တိုက်တွန်းတောင်းဆိုထားပါတယ်။

မနေ့က တစ်ရက်တည်းမှာဘဲ စစ်ကောင်စီတပ်က တိုက်လေယာဥ် သုံးစီးနဲ့ ၆ ကြိမ်တိုင်တိုင်ပျံဝဲကာ ဒီးမော့ဆိုမြို့ ဒေါဆီးအီကျေးရွာမှာရှိတဲ့ အခြေခံပညာအလယ်တန်းစာသင်ကျောင်းကို စက်သေနတ်၊ ပေါင် ၅၀၀ ဗုံးနဲ့ လက်နက်ကြီးတွေကို အသုံးပြုပြီးတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး အဲဒီစာသင်ကျောင်းမှာ အသက် ၁၂ ကနေ ၁၄ နှစ်ကြား ကျောင်းသား ၄ ဦး သေဆုံးပြီး မူကြိုအရွယ် ကလေးငယ်တစ်ဦးအပါအဝင် ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာပြင်းထန်သူတွေလည်း ရှိတယ်လို့ သိရပါတယ်။

ဒုတိယအကြိမ်အနေနဲ့ ဒီးမော့ဆိုမြို့နယ် လွိုင်နန်းဖကျေးရွာက အထက်တန်းစာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားတစ်ဦးသေဆုံးသွားတဲ့အပြင် ကျောင်းဆရာ/မ နှစ်ဦးနဲ့ စစ်ဘေးရှောင် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုကြောင့် ဘုရားကျောင်းတစ်ကျောင်း၊ စာသင်ကျောင်း ၆ လုံး၊ လူနေအိမ် ၅လုံး နဲ့ ကားတစ်စီးလည်း ပျက်စီးသွားတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

“ဒီတစ်ခေါက်လိုမျိုး ကျောင်းတက်နေတဲ့အချိန်မှာ လာပစ်သွားတာကတော့ ဒါကတော့ ကရင်နီပြည်မှာ လက်ရှိ သုံးနှစ်သာ အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာဖြစ်တဲ့ ဖြစ်ရပ်ဦးဆုံးအကြိမ်ဖြစ်ပြီးတော့မှ ကလေး ကျောင်းသူ၊ ကျောင်းသား တစ်နေရာတည်းမှာ အများအပြား သေဆုံးဒဏ်ရာရခြင်းလည်းဖြစ်ပါတယ်။” လို့ ဦးဗညားက ဆက်ပြောပါတယ်။

အလားတူ စစ်ကောင်စီကို လက်နက်ရောင်းချမှုနဲ့ လေကြောင်းလောင်စာဆီရောင်းချမှု စတာတွေကို ပိတ်ဆို့တဲ့ ပြဌာန်းချက်နဲ့ အရေးယူမှုတွေကို ချက်ချင်းပြုပေးဖို့ နိုင်ငံတကာကို ကရင်နီလူ့အခွင့်အရေးအဖွဲ့က ဖေဖော်ဝါရီလ ၅ ရက်နေ့ မှာ ထုတ်ပြန်တောင်းဆိုထားပါတယ်။

ဖေဖော်ဝါရီလ ၅ ရက်နေ့ တစ်ရက်တည်းမှာပဲ စစ်ကောင်စီလေတပ်ဟာ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စာသင်ကျောင်း ၂ ကျောင်းနဲ့ ဆေးပေးခန်း တစ်နေရာကို ပေါင် ၅၀၀ ဗုံးသီးအသုံးပြုပြီး တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

spot_img
spot_img