“ကျေးလက်နေ လူထုများနှင့် မြန်မာ့ ငြိမ်းချမ်းရေး”

မော်ဦးမြာ

လွိုင်ကော်မြို့ကနေ တစ်နာရီခွဲခန့်(ဆိုင်ကယ်ဖြင့်) မောင်းနှင်သွားရပြီး လွိုင်လင်လေးမြို့ နယ်ထဲမှာ ရှိတဲ့ ဝမ်ငေါ့ကျေးရွာဟာ ယနေ့အချိန်ထိ ဖွံ့ဖြိုးမှု နည်းပါးနေဆဲပါ။

စာတတ်မြောက်သူ ဦးရေ အလွန်နည်းပါးတဲ့အတွက် အသိပညာ၊ ဗဟုသုတ ကြွယ်ဝမှုတွေလည်း မရှိသလောက် နည်းပါးနေပါသေးတယ်။

ပြည်နယ်၊ ဒေသ၊ ကျေးရွာရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် သိရှိမှုကို မေးမြန်းရာမှာတော့ သူတို့ကျေးရွာမှာ ယခင် (၁၉၉၄-၂၀၀၀ ခုနှစ်အထိ/ ဒေသခံများရဲ့ ခံမှန်းချက်အရ) ကလို သေနတ်သံမကြားရှိတော့တဲ့အပြင် တပ်မတော်ဖက်က သွားလာလှုပ်ရှားမှုကို မမြင်တွေ့ရတာ ကြာပြီဖြစ်လို့ ယခုအခြေအနေကို တည်ငြိမ်အေးချမ်းနေပြီလို့ ခံယူထားကြပါတယ်။ ကျေးရွာလူကြီးတချို့ နဲ့ အမျိုးသားရေး လုပ်ရှားမှုတွေမှာ အနည်းငယ် ပါဝင်ခဲ့ဖူးတဲ့ လူငယ်တချို့ကသာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကြားဖူးနားဝ ရှိထားကြပါတယ်။

“ကျတော်တို့ ဒီဖက်က အမြင်ကျဉ်းသေးတယ်။ စာတတ်၊ ပေတတ် နည်းပါးသေးတယ်ပေါ့နော။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လာရင် စိုးရိမ်မှုကတော့ နည်းနည်းလေး ရှိပါတယ်။” လို့ ကျေးရွာဥက္ကဠဖြစ်သူ ဦးလီးရယ်က သူသိရှိထားတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး စိုးရိမ်မှု အနည်းငယ်ရှိနေသေးကြောင်းကို ပြောပြပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာတော့ ဝမ်ငေါ့ကျေးရွာအနီးမှာ ရှိတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ( KNPP) ရဲ့ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး ပညာပေးဆောင်ရွက်ချက်တွေကို တားဆီးနှောင့်ယှက်မှုတွေ ရှိနေတယ်လို့KNPP ဖက်က ထုတ်ပြန်ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါသေးတယ်။

လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေဆဲဖြစ်ပြီး ၂၀၁၅ ခုနှစ် NLD အစိုးရ အနိုင်ရရှိသွားချိန်ကစ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းတွေကို သက်ဆိုင်တဲ့သူတွေကို တင်ပြတောင်းဆိုခဲ့ပေမဲ့လို့ မရရှိခဲ့ဘူးလို့ ကျေးရွာဥက္ကဠဖြစ်သူက ပြောပါတယ်။ ဒါပေမဲ့ အခု ၂၀၂၀ ပြည့်နှစ်မှာ ဝမ်ငေါ့ကျေးရွာကို ဆက်သွယ်သွားတဲ့ လမ်းကို စတင်ခင်းကျင်း ဆောင်ရွက်ပေးနေပါပြီ။

“အရင် ၂၀၁၅ တုန်းကတော့ ကျတော်တို့ မဲရွေးခဲ့တယ်ပေါ့နော။ ပြီးတော့ ဒီဖက် တီးလုံအုပ်စုကတော့ ဒီလေးနှစ် ငါးနှစ်အတွင်းမှာကတော့ ဒေသဖွံ့ဖြိုးရေးဆို ကျတော်တို့ ဒီနှစ်ပဲရတယ်။ ပြီးခဲ့တဲ့နှစ်တွေကတော့ ကျတော်တို့ဖက်က မရဘူး။ ဒီနှစ်မှ စရတယ်။” လို့ ဦးလီးရယ်က ပြောပါတယ်။

ယခုလက်ရှိ ဝမ်ငေါ့ကျေးရွာမှာ နေထိုင်သူတွေဟာ ဝေးလံခေါင်ဖျားတဲ့ တောင်ပေါ်ဒေသက နေထိုင်တဲ့သူတွေ ရွေ့ပြောင်းပြီး လာရောက်နေထိုင်ကြတာ ဖြစ်ပါတယ်။ သူတို့ဒေသမှာ လက်နက်ကိုင် သွားလာလှုပ်ရှားမှုတွေ ရှိသလို ဖြတ်လေးဖြတ်ကို ကျော်ဖြတ်ခဲ့ရတဲ့ သူတွေဖြစ်ပြီး “ရေကြည်ရာ မြက်နုရာ”ကို ရှာဖွေရင်း ဝမ်ငေါ့ကျေးရွာကို ရောက်ရှိလာပြီး စုပေါင်းနေထိုင်ကြတာ ဖြစ်ပါတယ်။

ဝမ်ငေ့ါကျေးရွာမှာ ကယားလူမျိုးစုများ အများစုနေထိုင်ကြပြီး ရိုးရာတံခွန်တိုင်နဲ့ ခရစ်ယာန်ဘာသာကို ကိုးကွယ်ကြပါတယ်။ ဖြတ်လေးဖြတ်ကြောင့် ထွက်ပြေးတိမ်းရှောင်သူတွေ များပြားလာပြီး သက္ကရာဇ် ၂၀၀၀ ခုနှစ်မှာ ရွာမှာ မနေရဲကြတော့ပဲ ရွာလုံးကျွတ် ကြုံရာကို ထွက်ပြေးတိမ်းရှောင်ကြပြီး အခြေအနေ ပြန်လည်တည်ငြိမ်လာတဲ့အခါ ၂၀၀၂ ခုနှစ်မှာ ကျေးရွာကို ပြန်လာပြီး နေထိုင်ကြတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ဘေးရှောင်ပြည်သူပြီး စုပေါင်းနေထိုင်ကြရာက ယခုအချိန်မှာတော့ အိမ်ခြေ ၂၅၅ အိမ်အထိ များပြားလာပြီ ဖြစ်တဲ့အတွက် မြေနေရာနှင့် တောင်ယာလုပ်ကိုင်စားသောက်ဖို့ နေရာ နည်းပါးလာတယ်လို့ သိရပါတယ်။ ယခင်က ဝမ်ငေါ့ကျေးရွာက ဒေသခံတွေဟာ ရွေ့ပြောင်းတောင်ယာကိုသာ မှီခိုပြီး လုပ်ကိုင်စားသောက်ကြတဲ့အတွက် ယခုအချိန်မှာ တောင်ယာလုပ်ကိုင်ဖို့ မြေနေရာတွေ နည်းပါးလာပြီး စားဝတ်နေရေးအတွက် ခက်ခဲလာတယ်လို့ အသက် ၅၀ အရွယ် ဒေသခံ အမျိုးသမီးတစ်ဦးက သူမရဲ့ သား၊ သမီးတွေအတွက် လုပ်ကိုင်စားသောက်ဖို့ နေရာမရှိမှာကို စိုးရိမ်တဲ့ စိတ်နဲ့ သူမကြုံတွေ့နေရတဲ့ အခက်အခဲတွေကို သက်ပြင်းချရင်း၊ ညည်းတွားရင်း ပြောပြပါတယ်။

“ ကျမတို့က လူတအားများလာတော့ တောင်ယာလုပ်ရတာ အဆင်မပြေတော့ဘူးလေ။ ကျမတို့လို ကျန်းမာရေးချူခြာတဲ့သူတွေအတွက်တော့ ပိုဆိုးတာပေါ့။ ဒါပေမဲ့ ကျမတို့မှာ လုပ်စားစရာဆိုလို့ တောင်ယာပဲ ရှိတယ်လေ။”လို့ သူမက ပြောပါတယ်။

ဝမ်ငေ့ါကျေးရွာက ဒေသခံတွေဟာ တောင်ယာလုပ်ငန်းကိုသာ မှီခိုပြီး အသက်မွေးဝမ်းကြောင်း ပြုနေကြရတာ ဖြစ်ပါတယ်။ မိသားစု ဝင်ငွေ ရရှိဖို့ ပြောင်း၊စပါး စတာတွေကို စိုက်ပျိုးပြီး သီးနှံပေါ်ချိန်မှသာ ဝင်ငွေရရှိနိုင်ကြတယ်လို့ သိရပါတယ်။ တစ်နှစ်စာ မိသားစု စားဝတ်နေရေးဖူလုံမှုကိုတော့ မိသားစုတိုင်း မခံစားနိုင်ကြသေးဘူးလို့ ကျေးရွာ ဥက္ကဠဖြစ်သူက ပြောပါတယ်။

လက်ရှိမှာ ကျေးရွာအတွင်းက ပညာကို ဆုံးခန်းတိုင်အောင် သင်ကြားပြီး ဘွဲ့ရသွားတဲ့ လူငယ် ၁၀ ယောက်ကျော်ပဲ ရှိနေသေးတယ်လို့ သိရပါတယ်။ အစိုးရဝန်ထမ်းမှာ ဝင်ရောက်လုပ်ကိုင်နိုင်သူ အလွန်နည်းပါးနေပါသေးတယ်။

ကျေးရွာအတွင်းမှာ ကျေးလက်ကျန်းမာရေးဆေးပေးခန်း၊ အလယ်တန်းကျောင်းတွေ ထားရှိပေးတဲ့အတွက် အဆင်ပြေသလောက် ရှိနေပြီး ကျေးရွာအတွင်းလမ်းတွေဟာ မြေသားလမ်းသာ ဖြစ်တဲ့အတွက် ကျေးရွာတွင်းလမ်းကိုပါ ပြုပြင်ဆောင်ရွက်စေချင်တယ်လို့ ဒေသခံတွေက သူတို့ရဲ့ အခက်အခဲကို ပြောပြသွားပါတယ်။

“ ကျတော်တို့ ထပ်ပြီး တောင်းဆိုရမဲ့ဟာက ရွာလယ်လမ်းတို့ပေါ့နော။ ကျတော်တို့ ခန်းမဆောင်ရဲ့ နှစ်ခန်းတွဲ အိမ်သာတို့ပေါ့နော။ ဒါကတော့ ကျတော်တို့ ဦးစားပေးတစ်၊ နှစ်အနေနဲ့ ထားထားပါတယ်။”လို့ ဥက္ကဠဖြစ်သူက ကျေးရွာလူထုကိုယ်စား ပြောသွားပါတယ်။

ဝမ်ငေါ့ကျေးရွာမှာ ရှိတဲ့ ဒေသခံလူထုတွေအပြင် ကျေးလက်ဒေသမှာ နေထိုင်ကြတဲ့ လူထုအများစုဟာ မိမိတို့ စားဝတ်နေရေးအတွက်သာ တစ်နေ့ပြီး တစ်နေ့ရုန်းကန်ပြီး နေထိုင်ကြရတဲ့အတွက် ငြိမ်းချမ်းရေးကို သိရှိဖို့၊ စိတ်ပါဝင်စားဖို့ဆိုတာက သူတို့နဲ့ အလွန်အလှမ်းဝေးပါတယ်။ နေအိမ်ကို စွန့်ခွာပြီး အသက်လွှတ်ရုံမျှ သေနတ်သံတွေကြား ပြေးရလွားရတာတွေကို မကြုံတွေ့ရတော့ရင်ဖြင့် ငြိမ်းချမ်းမှုကို ခံစားနေရပြီလို့ တစ်ထစ်ချ ခံယူနေကြပါတယ်။ မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးကို သိရှိနိုင်ဖို့ဆိုတာကတော့ သူတို့အတွက် ဝေလာဝေး။

ကျေးလက်နေ လူထုတွေ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထဲထဲဝင်ဝင် သိရှိပြီး ပါဝင်လာနိုင်မှသာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရရှိလာမှာ ဖြစ်တဲ့အပြင် အရပ်ဖက်အဖွဲ့အစည်းတွေ၊ အမျိုးသားရေးလုပ်ရှားသူတွေ အများစု တောင်းဆိုနေကြတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အားလုံးပါဝင်နိုင်ရေးက ဖြစ်လာနိုင်မှာပါ။

Comments

comments

Next Post

မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုးတွေ့ရှိသူ လူနာ(၆)ဦး ထပ်တိုး၊ ၄ ဦး ဆေးရုံဆင်း

Mon Apr 20 , 2020
ကန္တာရဝတီတိုင်း(မ်) မြန်မာနိုင်ငံတစ်ဝန်းတွင် COVID-19 ရောဂါပိုးတွေ့ရှိသူ လူနာ(၆)ဦး ထပ်တိုးလာပြီး ရောဂါမှ ပြန်လည် သက်သာလာကာ ရောဂါပိုး ကင်းစင်ကြောင်း အတည်ပြုခဲ့သည့် လူနာ ၄ ဦး ဆေးရုံ ဆင်းခွင့် ရရှိခဲ့ကြောင်း Covid-19 ရောဂါပိုးအခြေအနေနှင့် ပတ်သက်ပြီး ယနေ့ ဧပြီလ ၂၀ ရက်နေ့ ည ၈ နာရီတွင် ထုတ်ပြန်သည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်အရ သိရသည်။ မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုးတွေ့ရှိသူ လူနာ(၆)ဦး ထပ်တိုးတွေ့ရှိခဲ့သည့်အတွက် ယခု ဆိုလျှင် ရောဂါပိုး တွေ့ရှိကြောင်း အတည်ပြု လူနာ (၁၁၇) ဦး ရှိသွားပြီ ဖြစ်သည်။ ယင်းအပြင် လက်ရှိမြန်မာနိုင်ငံတွင် […]