spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကြယ်ဖိုးကြီးကျေးရွာက ထိန်းသိမ်းထားတဲ့ ပျောက်ကွယ်လုနီးဖြစ်နေတဲ့ ကရင်နီလူမျိုးတွေရဲ့ “လျာခူ”ဓလေ့

Author

Date

Category

CJ (ကန္တာရဝတီတိုင်း(မ်))

“လျာခူ” ဆိုတာ စိုက်ပျိုးရာသီ မစတင်ခင်မှာ လုပ်ဆောင်လေ့ရှိတဲ့ ကရင်နီလူမျိုးတွေရဲ့ ဓလေ့တစ်ခုပါ။
ကရင်နီလူမျိုးတွေမှာ သူ့အရပ်၊ သူ့ဒေသအလိုက် မတူကွဲပြားတဲ့ ရှေးဓလေ့တွေရှိပါတယ်။

ကရင်နီပြည်၊ ဖရူဆိုမြို့ အရှေ့ဘက်ခြမ်းက ကရင်နီလူမျိုးတွေရဲ့ဟာ ထွန်ယက်စိုက်ပျိုးရာသီမတိုင်ခင်မှာပဲ ရိုးရာဓလေ့ထုံးတမ်းတစ်ခုဖြစ်တဲ့ “လျာခူ” ကိုအခုတစ်ပတ်မှာ ပြုလုပ်နေကြတာဖြစ်ပါတယ်။

“လျာခူ ဆိုတာကျနော်တို့ ရဲ့ ဓလေ့ဖြစ်တဲ့ တွက် ထုံးစံအတိုင်းလုပ်ရမယ်။ လျာခူ လုပ်ရင် စိမ်းစိုမယ်၊ ဖြစ်ထွန်းမယ်၊ လျာခူ မလုပ်ရင် အပင်တွေသန်ပေမဲ့ အသီးအနှံတွေကို ပိုးမွှားတွေဖျက်ဆီးတာတွေဖြစ်မယ်။ နေပူပြီး စိုက်ခင်းပျက်တာတွေဖြစ်နိုင်တယ်။” လို့ ဖရူဆိုမြို့နယ် ကြယ်ဖိုးကြီး ဒေသက တောင်သူတစ်ဦးကပြောပါတယ်။

“လျာခူ” ဆိုတာကတော့ စိုက်ပျိုးလုပ်ငန်းတွေမစတင်ခင်မှာ ကျေးရွာထဲက လူတစ်ဦးကနေ ဦးဦးဖျားဖျား စိုက်ပျိုးမှုကို ပြုလုပ်ပေးရတဲ့ဓလေ့တစ်ခုပါ။ အဲဒီလိုဦးဦးဖျားဖျား စိုက်ပျိုးပြီးမှ ကျန်တဲ့ သူတွေက စိုက်ပျိုးတာတွေပြုလုပ်ကြတာပဲဖြစ်ပါတယ်။

ဒေသအလိုက် ပြုလုပ်ကြပုံတွေလည်း ကွာခြားပါတယ်။ တချို့ဒေသတွေမှာတော့ ကရင်နီလူမျိုးတွေရဲ့ ကြက်ရိုးထိုး တဲ့ဓလေ့နဲ့ တွဲဖက်ပြုလုပ်တာတွေရှိသလို တချို့ကလည်း ကြက်အစားဝက်ကို အသုံးပြုတဲ့ ဓလေ့တွေရှိတယ်လို့ဆိုပါတယ်။

“လျာခူ” ဓလေ့အရတော့ ကျေးရွာထဲက အမျိုးသမီးတစ်ဦး သို့မဟုတ် ကလေးငယ်တစ်ဦးကို ရွေးချယ်ပြီး လိုအပ်တဲ့ မျိုးစေ့တွေကို ယူကာ စိုက်ခင်းတွေမှာ ဦးဦးဖျားဖျား သွားရောက် စိုက်ပျိုးစေတဲ့ ဓလေ့တစ်ခုဖြစ်ပါတယ်။ စိုက်ပျိုးတဲ့ ရက်မှာ အရက်သေစာသောက်စားမူးယစ်ခြင်းတွေကိုရှောင်ကျဉ်ရမယ်လို့ လည်း ဆိုထားပါတယ်။

လျာခူ ပြုလုပ်နေစဉ်အတွင်းမှာ ရှောင်ကျဉ်ရမယ့် အရာတွေရှိနေတာကြောင့် လျာခူ ပြုလုပ်ပေးသူတွေကို အမျိုးသမီးတွေကိုသာ ဦးစားပေးရွေးချယ်လေ့ရှိကြတာပါ ။ ဒါပေမဲ့လည်း ကလေးငယ်တွေနဲ့ သက်ကြီးပိုင်းအမျိုးသားတွေလည်းပြုလုပ်နိုင်ပါတယ်။
ကြယ်ဖိုးကြီးကျေးရွာမှာတော့ သက်ကြီးရွယ်အိုအမျိုးသားတွေကလည်း ပြုလုပ်နေကြတယ်လို့ ရပ်မိရပ်ဖတစ်ဦးကလည်း ဆိုပါတယ်။

ရိုးရာဓလေ့ကို ယုံကြည်သူတွေကတော့ ရှေးကတည်းကပြုလုပ်လာတဲ့ အစဉ်အလာကို ဆက်လက် ထိန်းသိမ်းသွားရမှာဖြစ်တယ်လို့ အဆိုပါ တောင်သူဦးကြီးက ဆက်ပြောပါတယ်။

အခုအခါတွေ ခေတ်ကာလပြောင်းလဲလာမှုကြောင့်အပြင် ဘာသာရေးရဲ့ ကန့်သတ်ချက်များကြောင့် ကရင်နီလူမျိုးတွေရဲ့ “လျာခူ” လို့ခေါ်တဲ့ ထွန်ယက်စိုက်ပျိုးမှု ကို စတင်ခြင်းဓလေ့ဟာ ပျောက်ကွယ်လုနီးဖြစ်နေပါတယ်။

ဒါပေမဲ့ ကရင်နီပြည် ဖရူမြို့နယ်က ကြယ်ဖိုးကြီးကျေးရွာမှာတော့ ပျောက်ကွယ်လုနေပြီဖြစ်တဲ့ ဒီ ရိုးရာဓလေ့ထုံးတမ်းကို နှစ်စဥ် နှစ်တိုင်း ပြုလုပ်နေကြဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဖရူဆိုမြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာအချို့နဲ့ ဒေသခံများ အပါအဝင် စစ်ရှောင်တွေဟာ “လျာခူ”ထွန်ယက်စိုက်ပျိုးမှု စတင်ခြင်းကို ပြုလုပ်ထားပြီးဖြစ်တဲ့အတွက် မျိုးစေ့ချ စိုက်ပျိုးနေကြတာကိုတွေ့မြင်ရပါတယ်။

spot_img
spot_img

Recent posts