မော်ဦးမြာ / ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ ဆိုမိုဖေစိုးလေးမြို့နယ် ( ရှားတော ) မြို့နယ်အတွင်းမှာ နေထိုင်သူတွေဟာ ခေတ်ဟောင်း ရိုးရာဝတ်စုံကို ဝတ်ဆင်နေကြသူတွေ ရှိနေသေးတဲ့ ဒေသဖြစ်ပါတယ်။ အဲ့ဒီဒေသထဲမှာ ဒေါလဲဒူကျေးရွာလည်း အပါအဝင် ဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ ဒေါလဲဒူ ကျေးရွာမှာ နေထိုင်သူတွေထဲက ခေတ်ဟောင်း ရိုးရာဝတ်စုံ ဝတ်ဆင်သူ ၁၂ ဦး ကျန်ရှိနေသေးတယ်လို့ ဒေသခံတွေဆီကနေ သိရှိရပါတယ်။ ယခင် ၂၀၂၀ ခုနှစ်အထိ အဆိုပါကျေးရွာမှာ ရိုးရာဝတ်စုံ ဝတ်ဆင်သူ ၂၀ ဦး ရှိသေးတယ်လို့ သိရပါတယ်။
ခေတ်ဟောင်း ရိုးရာဝတ်စုံကို ဝတ်ဆင်သူတွေထဲမှာ အသက် ၇၅ နှစ်အရွယ် မော်နဲမယ် လည်း ပါဝင်ပါတယ်။ သူမဟာ လူမှန်းသိတတ်စ အရွယ်ကတည်းက မိဘဖြစ်သူတွေက ရိုးရာဝတ်စုံကို ဆင်မြန်းထားပေးပြီးသားလို့ ဆိုပါတယ်။ သူမကိုယ်တိုင်ကလည်း ငယ်စဉ်ကတည်းက ရိုးရာဝတ်စုံကိုပဲ တန်ဖိုးထားနှစ်သက်စွာနဲ့ တစိုက်မတ်မတ်ဝတ်ဆင်လာခဲ့တာပါ။
အခုတော့ သူမရဲ့ ဝတ်စုံလေးဟာ ခပ်နွမ်းနွမ်းဖြစ်နေပြီး အပ်ချုပ်ရာတွေအထပ်ထပ်နဲ့ ဒဏ်ရာတွေကို ချုပ်ထားသည့်သဖွယ်ဖြစ်နေသလို ရိုးရာအဆင်တန်ဆာလည်း မပြည့်စုံတော့ပါဘူး။
မော်နဲမယ်တို့လို ရိုးရာဝတ်စုံဝတ်ဆင်သူတွေဟာ ဝတ်စုံအတွက် သူတို့ကိုယ်တိုင် ချည်နဲ့ ယက်လုပ်ပြီး ဝတ်ဆင်ကြပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာ ချည်တွေဝယ်ယူဖို့ ခက်ခဲလာကြပါတယ်။ ဒါကြောင့်လည်း သူတို့ဝတ်ဆင်ထားတဲ့ ရိုးရာအထည်တွေ ဟောင်းနွမ်းလာတဲ့အခါ တခြားသူတွေလိုပဲ သာမာန်ဝတ်စုံတွေကို ဝတ်ဆင်ရတော့မှာ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း ငယ်စဉ်ကတည်းက ရိုးရာဝတ်စုံကို မြတ်နိုးပြီး ဆင်မြန်းဝတ်ဆင်လာတဲ့သူတွေအဖို့ အသက် ၇၀ အရွယ်ရောက်မှ သာမန်ဝတ်စုံကို ပြောင်းလဲဝတ်ဆင်ရတာဟာ သူတို့အတွက် အခက်အခဲတခုပါ။
“ငယ်ငယ်ကတည်းက ဒီလိုဘဲ ဝတ်လာတာ အခု အသက်ကြီးတဲ့အထိဘဲ။ တခြားသာမန်ဝတ်စုံလိုမျိုးဆို မဝတ်တတ်တော့ဘူး။ ဒီလိုဘဲ ဝတ်လာတော့လေ။” လို့ ဒေါလဲဒူ ကျေးရွာက အသက် ၇၅ အရွယ် ရိုးရာဝတ်စုံဝတ်ဆင်သူ မော်နဲမယ် က ပြောပါတယ်။

မော်နဲမယ်က ငယ်စဉ်ကတည်းက ကယားရိုးရာဝတ်စုံကို ကိုယ်တိုင်ယက်လုပ်ကာ ဝတ်ဆင်လာသူဖြစ်ပြီး လက်ရှိမှာတော့ သူမ မှာ လဲလှယ်ဝတ်ဆင်နိုင်ဖို့ ဟောင်းနွမ်းနေပြီဖြစ်တဲ့ ဝတ်စုံ ၃ စုံသာ ရှိတော့တယ်လို့ ဆိုပါတယ်။
ယခင် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းမှာ ဆိုမိုဖေစိုးလေး(ရှားတော) မြို့နယ်ကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်နေစဉ်အတွင်း တောတောင်ထဲကို တိမ်းရှောင်နေရတဲ့အချိန်မှာ ရိုးရာအဆင်တန်ဆာတွေ ကျပျောက်ခဲ့တာတွေရှိတယ်လို့ သိရပါတယ်။
မော်နဲမယ်တို့ စစ်ဘေးရှောင်ရတာဟာ အခုမှမဟုတ်ဘဲ ငယ်စဉ်ကတည်းက ဖြစ်ပါတယ်။ ဆိုမိုဖေစိုးလေး မှာ စစ်ပွဲတွေ မကြာခဏဖြစ်ပွားခဲ့တဲ့အပြင် စစ်သား( စစ်ကောင်စီ) တွေဟာ ရွာတွေထဲကို မကြာခဏ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် အဲ့ဒီကတည်းက တိမ်းရှောင်နေကြရသူတွေပါ။ အထူးသဖြင့် ဖြတ်လေးဖြတ်ကာလဖြစ်ခဲ့တဲ့ ၁၉၉၄-၁၉၉၆ အတွင်းမှာ အဆိုးရွားဆုံး အခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။
“ပြေးလွှားရင်းနဲ့ နည်းနည်းစီကျပျောက်သွားတာမျိုးလည်း ရှိတယ်။ တနေရာပြီး တနေရာပြေးရတော့ တနေရာပြေး နည်းနည်းကျပျောက်၊ နောက်ထပ် ထပ်ပြေး ထပ်ကျပျောက် အဲ့လိုလေ။ ချည်လည်း မဝယ်နိုင်တော့ဘူးလေ။ တအားခက်ခဲတယ်။” လို့ မော်နဲမယ် က သူမ ရိုးရာဝတ်စုံဝတ်ဆင်ပြီး တောတောင်ထဲ စစ်ဘေးတိမ်းရှောင်ရရင် ကြုံတွေ့ရတဲ့ အခြေအနေကို ပြောပြပါတယ်။
မော်နဲမယ်လိုဘဲ မော်ပိုးမယ် ဟာလည်း ဒေါလဲဒူကျေးရွာမှာ နေထိုင်ပါတယ်။ သူမဟာလည်း ငယ်စဉ်ကတည်းက ရိုးရာဝတ်စုံကို ဝတ်ဆင်လာခဲ့တာ အခုဆိုရင် အသက် ၇၀ အရွယ်ကို ရောက်နေပါပြီ။
အခုတော့ သူမ ရဲ့ ရိုးရာဝတ်စုံအဆင်တန်ဆာတွေဟာ မော်နဲမယ်လောက်တောင် မစုံလင်တော့ဘူးလို့ ပြောပါတယ်။ စုံစုံလင်လင် ဆင်မြန်းနိုင်ဖို့ မဆိုထားနှင့်။ အဓိက အထည်ဖြစ်တဲ့ ချည်ထည်ကတောင် သူမမှာ လဲဝတ်စရာ သုံးစုံသာ ရှိပါတော့တယ်။ ဒါပေမဲ့လည်း သူမ ဟာ မိဘအမွေ၊ သူမရဲ့ ကယားလီဖု အမျိုးသား အမွေအနစ်ဖြစ်တဲ့ ရိုးရာဝတ်စုံကလွဲလို့ ကျန်တာတွေကို မဝတ်ဖူးတာကြောင့် အခြားအဝတ်အစားတွေကို မဝတ်တဲ့အပြင်၊ သူမ တန်ဖိုးထားမြတ်နိုးတဲ့ ရိုးရာဝတ်စုံကိုသာ ဝတ်ဆင်လိုတယ်လို့ ဆိုပါတယ်။

“ရိုးရိုးဝတ်စုံကို မဝတ်တတ်ဘူး။ ဒီရိုးရာဝတ်စုံဘဲ ဝတ်ချင်တယ်။ ကယားလီဖုလိုဘဲ နေချင်တယ်။” လို့ မော်ပိုးမယ် က ပြောပါတယ်။
မော်ပိုးမယ်ကတော့ မော်နဲမယ်လို နားတောင်း မဝတ်ဆင်ထားပါဘူး။ အေးတတ်တာကြောင့် ခြုံထည်လေးကိုတော့ အမြဲ ခြုံထားလေ့ရှိတယ်လို့ ဆိုပါတယ်။
ရှားတောမြို့ပေါ် ရပ်ကွက်တခုက ညီအမ နှစ်ဦးဟာလည်း ရိုးဟာဝတ်စုံကလွဲရင် တခြားဝတ်စုံကို ဝတ်လေ့မရှိပါဘူး။ သူတို့ဟာလည်း အသက် ၇၀ ကျော် ရှိနေပါပြီ။
အခုလက်ရှိ ဆိုမိုဖေစိုးလေး(ရှားတော) မြို့လေး ပြန်လည်ထူထောင်ခါစ အချိန်မှာတော့ သူတို့အတွက် ခေတ်ဟောင်းရိုးရာ ဝတ်စုံတွေကို ချုပ်ပေး၊ ရောင်းပေးမယ့်သူတွေလည်း မရှိတော့ဘူးလို့ ဆိုပါတယ်။
“ဝယ်မရတော့ဘူး။ ဒါတွေပဲ ကျန်တယ်။ ဒါတွေပါ ထပ်ပြီး မကောင်းတော့ရင် ဘာတွေ ဝတ်စားရမလဲ မသိတော့ဘူး။”လို့ သူတို့ ညီအမက ပြောပါတယ်။
ရိုးရာဝတ်စုံကို တန်ဖိုးထား မြတ်နိုးတဲ့ သူတို့ ညီအမ နှစ်ဦးဟာ ရိုးရာဝတ်စုံကိုပဲ အမြဲဝတ်လေ့ရှိပြီး နောက်ပိုင်းမှာ ဝတ်စားဆင်ယင်သူတွေ ပျောက်ကွယ်သွားမှာကိုလည်း စိုးရိမ်နေကြပါတယ်။
ဒေါမူစဲ ကျေးရွာက အသက် ၅၀ ကျော်အရွယ် ခေတ်ဟောင်းရိုးရာဝတ်စုံ ဝတ်ဆင်သူ မော်နဲမိုကတော့ “ရိုးရာတွေ ပျောက်သွားလို့ မရဘူးလေ။ ကျမတို့ ပြည်၊ တောတောင်၊ ရေမြေ က ကယားဆိုရင်တော့ ကယားရိုးရာလို နေပြီး တန်ဖိုးထားရမယ်လေ။” လို့ ပြောဆိုသွားပါတယ်။

ကယားရိုးရာခေတ်ဟောင်းဝတ်စုံနဲ့ အသုံးအဆောင်တွေကတော့ ဒူးကွင်းကြီးတွေပါရမယ်၊ ထဘီအတိုဖြစ်ရမယ်၊ ခြုံထည်၊ ခေါင်းပေါင်း စတာတွေပါဝင်ပြီး၊ ခေါင်းပေါင်း ပေါင်းရင်ခေတ်ဟောင်း ပေါင်းနည်းအတိုင်း ဖြစ်ရပါမယ်။ ခန္ဓာကိုယ်မှာ တန်ဆာဆင်အသုံးပြုရမယ့်ပစ္စည်းတွေဆိုရင်လည်း ခြေကြေးဝတ်၊ ခါးဝတ်တန်ဆာ၊ ငွေလက်ကောက်၊ ငွေကွင်း စတာတွေ စုံစုံလင်လင်ပါရှိရမယ်လို့ ၂၀၁၇ ခုနှစ်မှာ ကျင်းပပြုလုပ်တဲ့ (၆)ကြိမ်မြောက် ကယားအမျိုးသား စုပေါင်း အဲ့ဒိုပေါ်မီပွဲအတွင်းမှာ အတည်ပြုခဲ့ကြပါတယ်။
ယခုပေါက်စျေးအရ အဆင်တန်ဆာအစုံပါဝင်တဲ့ ကယားရိုးရာ ခေတ်ဟောင်းဝတ်စုံတစုံကို ထိုင်းဘတ်ငွေ ၁၃၅၀၀ ဝန်းကျင် ရှိနေတယ်လို့ ဝတ်စုံရောင်းချပေးသူတွေဆီကနေ သိရပါတယ်။
“အများကြီး ကုန်တယ်လေ။ တခုချင်းစီတိုင်းအတွက် ကုန်ကျစရိတ်က များတယ်။ တခုဝယ်လည်း တခုကျန်တယ်။ နောက်တခုဝယ်လည်း တခုကျန်တယ်။ အဲ့လိုဖြစ်တော့ မဝယ်နိုင်တော့ဘူးလေ။ များများရှိတော့ များများဆင်ရင် ပိုကောင်းတာပေါ့။ ဒါမဲ့ မရှိဘူးလေ။ မဝယ်နိုင်တော့ဘူး။” လို့ မော်ပိုးမယ် က ရိုးရာအဆင်တန်ဆာ မစုံလင်နိုင်တော့တဲ့ အကြောင်းကို ပြောဆိုသွားတာ ဖြစ်ပါတယ်။