spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ချောင်းမြောင်းပစ်ခတ်ခံရမှုတွေကြောင့် စစ်ကောင်စီတပ်သား သေဆုံးမှုရှိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဖရူဆိုမြို့နယ်မှာ စစ်ကောင်စီတပ်တွေကို ကရင်နီတပ်မတော်(KA) ၊ KNDF တို့ ပူးပေါင်းပြီး ချောင်းမြောင်းပစ်ခတ်မှုတွေကြောင့် စစ်ကောင်စီတပ်သား သေဆုံးမှုတွေရှိသလို စစ်ကောင်စီဖက် လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်လည်း အရပ်သားနေအိမ်ပျက်စီးမှု ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ ဖရူဆိုမြို့အခြေစိုက် ခမရ (၅၃၁) တပ်ရင်းမှ ၎င်းတို့ရဲ့ တပ်ရင်းအတွင်း သန့်ရှင်းရေးပြုလုပ်နေစဉ် ကေးလျားမြို့နယ်တပ် မှ ချောင်းမြောင်းပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သား တစ်ဦး သေဆုံးမှုရှိခဲ့တယ်လို့ ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ ( KMIC) မှ ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

အလားတူ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာလည်း ဖရူဆိုမြို့နယ် မားခရော်ရှေ့ကျေးရွာရှိ စစ်ကောင်စီရဲ့ ခြေကုပ်စခန်းမှ ရေခပ်ဆင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို KNDF B-15 နဲ့ KA တို့ ပူးပေါင်းပြီး ထိတွေ့မှု တစ်နာရီကြာတဲ့ တိုက်ပွဲမှာ စစ်ကောင်စီဖက်က တစ်ဦးသေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရရှိသူလည်းရှိခဲ့တယ်လို့ KNDF B-15 က ထုတ်ပြန်ထားတာရှိပါတယ်။

ဖရူဆိုမြို့နယ်ရှိ တပ်ရင်းတွေနဲ့ အမှတ်(၁၄) တန်းမြှင့် စစ်လေ့ကျင့်ရေးကျောင်း လုံခြုံရေးတပ်ဖွဲ့တို့ကို ကရင်နီတပ်မတော်(KA) ၊ KNDF ပူးပေါင်းတပ်တို့မှ ချောင်းမြောင်းပစ်ခတ်မှုကြောင့် စစ်ကောင်စီရဲ့ ကင်းထောက်ရဟတ်ယာဉ်က ယခုရက်ပိုင်း ဖရူဆိုမြို့နယ်အတွင်းကို ပျံဝဲနေတယ်လို့ ဆိုပါတယ်။

“ ချောင်းမြောင်းပစ်ခတ်တာတွေရှိတယ်။ နောက်ပြီးတော့မှ ဖရူဆိုလည်း မာရှယ်လော၊ စစ်ဥပဒေအုပ်ချုပ်ရေး ထုတ်ပြန်တဲ့အထဲမှာလည်းပါတယ်။ စစ်တပ်က လှုပ်ရှားနေတယ် အင်အားဖြည့်နေတယ်လို့ပြောတယ်လေ။ ကျနော်တို့ထင်မြင်တာကတော့ သူတို့တောင်ဖက်ကိုထိုးမလား။ အရှေ့ဖက်တည့်တည်ကို ဆက်ထိုးမလား အဲ့လိုမျိုးတော့ သုံးသပ်တယ်ပေါ့နော။တောင်ဖက်ကိုထိုးမယ်ဆိုရင်တော့ ဖရူဆိုအရှေ့ခြမ်းနဲ့ ဒီးမော့ဆိုအရှေ့ခြမ်းတော့ အဲမှာ စစ်ဘေးရှောင်က အများကြီးရှိတယ်ကော။ ဆိုတော့ လေယာဉ်နဲ့ကင်းထောက်တယ်ဆိုတာက အဲ့ဒီအခြေအနေကိုရှာတာလား အဲလိုခဏခဏချောင်းပစ်ခံရလို့ လိုက်ရှာပြီးတော့ မြေပုံအညွှန်းတွေလိုက်ယူတာလား မသိဘူးပေါ့။” လို့ ကရင်နီပြည်အစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ဝန်ကြီး ခူညေးရယ်က ပြောပါတယ်။

ယခုလို ပစ်ခတ်ခံရပြီးနောက်ပိုင်း စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်မှု ပြုလုပ်လေ့ရှိတာကြောင့် ဒေသခံနေအိမ်ထိခိုက်ပျက်စီးမှုလည်းရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မနက်ပိုင်းမှာ ရှားတောမြို့အနီး စစ်ကောင်စီတပ် ခမရ (၅၁၀) ရဲ့ မြို့တွင်းတပ်စခန်းတစ်ခုကို KA၊ KNDF ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်ခဲ့ပေမယ့် စစ်ကောင်စီဖက် ထိခိုက်မှုကို မသိရှိရဘူးလို့ KMIC ထုတ်ပြန်ချက်အရ သိရပါတယ်။

“ သူတို့(စစ်ကောင်စီ) ရိက္ခာလမ်းကြောင်းတွေက သွားလာဖို့က အခက်အခဲဖြစ်ပြီလေ။ ကျနော်တို့တပ်တွေကရှိတယ်ကော။ ပြီးတော့မှ ပွန်ချောင်းဆိုလည်း နှစ်ခါ သုံးခါလောက်ဝင်ပစ်ပြီဆိုတော့ ရိက္ခာကတော့ ရှမ်းပြည်ဖက်ကနေ ပို့လာတယ်လို့ပြောတာပဲ သံလွင်မြစ်အတိုင်းပေါ့။ ရှမ်းပြည် S သုံးလုံးဂွင်ကနေ သံလွင်အတိုင်းပို့တာရှိတယ်။ လောလောဆယ်ကတော့ သူတို့ မြို့ထိန်း လမ်းကြောင်းထိန်းပဲရှိပါတယ် သူတို့လှုပ်ရှားနိုင်တယ်ဆိုတာက။ ” လို့ ဝန်ကြီး ခူညေးရယ်က ဆက်ပြောပါတယ်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၁ရက်နေ့ နေ့လည်ပိုင်းမှာ လွိုင်ကော်-လွိုင်လင်လေး လမ်းမကြီးပေါ် ပြေးဆွဲနေတဲ့ မော်တော်ယာဉ်တွေကို KA ၊ KNDF ပူးပေါင်းတပ်တို့မှာ ရှောင်တခင်ဝင်ရောက်စစ်ဆေးနေစဉ် လွိုင်လင်လေးအခြေစိုက် ခမရ(၅၃၀)တပ်ရင်းမှ လက်နက်ကြီးပစ်ခတ်မှုလုပ်ဆောင်ခဲ့တယ်လို့ KMIC ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဆိုပါလက်နက်ကြီးကျည် ပစ်ခတ်မှုကြောင့် အသက် (၅၀)နှစ်အရွယ် အောင်သပြေကုန်းရွာသားတစ်ဦး ညာဖက်တင်ပါးမှာ လက်နက်ကြီးစထိမှန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts