spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ငြိမ်းချမ်းရေလုပ်ငန်းစဉ်ဖော်ဆောင်သွားလိုတဲ့ လူငယ်အမျိုးသမီး ကိုယ်စားလှယ်လောင်း

Author

Date

Category

စိုးထိုက်အောင်

အသက် ၂၇ နှစ်အရွယ်သာ ရှိသေးတဲ့ မော်မိုးမြာက ပြည်နယ်အေးချမ်းဖို့နဲ့ လူထုတွေ ငြိမ်းချမ်းစွာ နေထိုင်နိုင်ဖို့အတွက်က သူမရဲ့ ဟစ်ကြွေးသံပါ။

“ ငြိမ်းချမ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ပါဝင်နိုင်ဖို့ ကျမအနေနဲ့ အရမ်းကို အာသီသ ပြင်းလှပါတယ်။ ကျမကို ကြိုးစားခွင့်ပေးပါ” လို့လည်း လူထုတွေကို တောင်းဆိုထားပါတယ်။

“အမရဲ့ရည်ရွယ်ချက်က ဒီလူငယ်၊ အမျိုးသမီးတွေ၊ တိုင်းရင်းသားအခွင့်အရေးတွေ ပြန်လည်ရရှိဖို့အတွက်ပေါ့နော်။ ပြီးတော့ ကဏ္ဍပေါင်းစုံပါဝင်နိုင်ဖို့အတွက် ဒီရွေးကောက်ပွဲကို ဝင်ရောက်အရွေးချယ်ခံရခြင်းဖြစ်ပါတယ်။” လို့မော်မိုးမြာက ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရတဲ့အဓိက ရည်ရွယ်ချက်ကို ပြောပြပါတယ်။

မော်မိုးမြာ

၂၀၁၅ ခုနှစ်မှာ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲမှာ ရှားတောမြို့နယ်ကို ဒေါ်အောင်ဆန်းစုကြည် လာရောက်မဲဆွယ်ခဲ့စဉ် ဒေါ်အောင်ဆန်းစုကြည်ရဲ့လုံခြုံရေးနဲ့ မဲဆွယ်စည်းရုံးရေးအတွက် အနီးကပ် ကူညီပေးခဲ့ပြီး ယခု ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ရှားတောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာမှာ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ KySDP ကိုယ်စားလှယ်လောင်း တစ်ယောက်အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

“၂၀၁၅ တုန်းကဆို ကယားပြည်နယ်မှာရှိတဲ့ လူငယ်တွေ၊ အမျိုးသမီးတွေသာမက ပြည်သူပြည်သားတွေအားလုံးက ကျမတို့ကယားပြည်နယ် ရေရှည်ငြိမ်းချမ်းရေးဖြစ်လာမယ်၊ တိုင်းရင်းသားအခွင့်အရေးတွေ ဖော်ဆောင်ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့အမတို့က ဝန်းရံ ခဲ့တယ်၊ အပြောင်းအလဲတစ်ခုပေါ့နော်၊ အပြောင်းအလဲတစ်ခု လိုချင်လို့ဝန်းရံခဲ့တယ်။ ဝန်းရံခဲ့တဲ့အပြင်အမတို့က အနီးကပ် ဒေါ်အောင်ဆန်းစုကြည်ရဲ့အနီးကပ်မှာပါဝင်ခဲ့တဲ့ လူတစ်ယောက်ဖြစ်တယ်။ သူရဲ့လုံခြုံရေးမှာ အမကိုယ်တိုင်ပါဝင်ခဲ့တယ်ပေါ့နော် ပြီးတော့မှစည်းရုံးကူပေးတဲ့ အပိုင်းတွေလုပ်ပေးခဲ့တယ်။” လို့မော်မိုးမြာက NLD အတွက် ဆောင်ရွက်ခဲ့ဖူးတာတွေကို ပြောပြပါတယ်။

ဒေသငြိမ်းချမ်းရေးကိစ္စတွေကို ဖော်ဆောင်ပေးဖို့နဲ့ လူနည်းစုဖြစ်တဲ့ တိုင်းရင်းသားအခွင့်အရေးတွေရရှိဖို့အတွက် ၂၀၂၀မှ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ(NLD) ကို ဝန်းရံပေးခဲ့ပေမယ့် တကယ့်လက်တွေ့လုပ်ဆောင်ပေးမှု မရှိလာတဲ့အတွက်ကြောင့် ၂၀၂၀ရွေးကောက်ပွဲမှာ ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီဖြစ်တဲ့ ကယားပြည်နယ်ဒီမိုကရပ်တစ်ပါတီကနေ ကိုယ်တိုင်ဝင်ရောက်အရွေးချယ်ခံရခြင်းဖြစ်တယ်လို့မော်မိုးမြာက ဆက်ပြောပါတယ်။

သူမဟာ ရှားတောမြို့နယ်၊ အောင်ချမ်းသာရပ်ကွက်ဇာတိဖြစ်ပြီး လက်ရှိမှာတော့ လွိုင်ကော်မြို့ ၊ နမ့်ကွတ်ရပ်ကွက်မှာ မိဘတွေနဲ့အတူ နေထိုင်ပါတယ်။

သူမက ၂၀၁၃ ခုနှစ်မွာ ကရင်နီအမျိုးသားလူငယ်အစည်းအရုံး(KNYO) ကိုစတင်ဝင်ရောက်ခဲ့ပြီး ပြည်နယ်အတွင်းက အမျိုးသမီးတွေရဲ့ အသိပညာမြင့်တင်ရေးနဲ့ ပြည်နယ် ငြိမ်းချမ်းရေးနဲ့ ဖွံ့ ဖြိုးတိုးတက်ရေးအပေါ် ကြီးမားတဲ့ တက်ရောက်မှုဖြစ်စေနိုင်တဲ့ အကြီးစားစီမံကိန်းတွေကို စောင့်ကြည့်လေ့လာတာတွေမှာ အချိန်ပြည့် ပါဝင်ဆောင်ရွက်ခဲ့သူပါ။

သူမရဲ့ စိတ်အားထက်သန်မှု နှင့် ခေါင်းဆောင်မှု စွမ်းရည်တို့ကြောင့် ပြည်နယ်အတွင်းက အရပ်ဖက် အဖွဲ့အစည်းတွေမှာ ပါဝင်ခဲ့ပြီး ကရင်နီအမျိုးသားလူငယ်အစည်းအရုံး (KNYO)မှာ (၂၀၁၆ ကနေ၂၀၁၈အထိ) အတွင်းရေးမှူး(၂)အဖြစ်လည်းကောင်း၊ (၂၀၁၈ ကနေ ၂၀၂၀အထိ) အထွေထွေအတွင်းရေးမှူးအဖြစ်လည်းကောင်း တာဝန်ပေးအပ်ခြင်း ခံခဲ့ရပါတယ်။

ကရင်နီပြည်လူငယ်များသမဂ္ဂ(UKSY)မှာလည်း မိခင်အဖွဲ့အစည်းဖြစ်တဲ့ ကရင်နီအမျိုးသားလူငယ်အစည်းအရုံး(KNYO)ရဲ့ ကိုယ်စားလှယ်အဖြစ် ပါဝင်ခဲ့ရာမှ ၂၀၁၆ခုနှစ်မှာ ကရင်နီပြည်လူငယ်များသမဂ္ဂ(UKSY) ဗဟိုကော်မတီဝင် ဖြစ်လာပြီး ၂၀၁၉ ခုနှစ်အထိ အထွေထွေအတွင်းရေးမှူး(၂)အဖြစ် တာဝန်ယူကာ ပြည်နယ်တွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား သင့်မြတ်ရေးလုပ်ငန်းတွေမှာ ဦးဆော ဦးဆောင်ပါဝင်ခဲ့ပါတယ်။

ပြည်နယ်အဆင့်၊ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာလည်း နည်းပညာအထောက်အကူပေးသူအဖြစ် ပါဝင်ခဲ့တဲ့ အပြင် လယ်ယာမြေ သိမ်ဆည်းခြင်းခံခဲ့ရတဲ့ ပြည်နယ်အတွင်းကတိုင်းရင်းသားလူထုများနှင့်အတူ သိမ်းဆည်းမြေများ ပြန်လည်ရရှိရေးအတွက် ထွန်တုံးတိုက်ပွဲများကိုလည်း ရဲရဲတောက် ဆင်နွှဲခဲ့သူ ဖြစ်ပါတယ်။

၂၀၁၇ က ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ရဲဘော်(၃)ဦး နဲ့ အရပ်သား(၁)ဦး အသတ်ခံရတဲ့ ဖြစ်စဉ်မှာ တရားမျှတမှု ရရှိစေရေး၊ ပြည်နယ်အဆင့်ငြိမ်းချမ်းရေး မပျက်ပြားစေရေး တောင်းဆိုရာမှာလည်း ဦးဆောင်ပါဝင်ခဲ့သူပါ။

ကရင်နီ( ကယား) ပြည်နယ်အတွင်းက လူထုအများစု မနှစ်သက်တဲ့ ဗိုလ်ချုပ်မြင်းစီးကြေးရုပ်စိုက်ထူခြင်းကို ကန့်ကွက်တဲ့ လှုပ်ရှားမှုတွေမှာလည်း အမျိုးသမီးခေါင်းဆောင်အနေဖြင့် စစ်ကြောင်းတစ်ခုကို ဦးဆောင်ပါဝင်ခဲ့ပြီး ၎င်းကိစ္စနှင့်ပတ်သက်ပြီး အာဏာပိုင် တချို့ရဲ့ တရားစွဲဆိုခြင်းကိုလည်း တစ်နှစ်ကျော်ကြာ အမှုရင်ဆိုင်ခဲ့ရပါတယ်။

ဒေသငြိမ်းချမ်းရေး ရရှိဖို့ကို ဦးစားပေးလုပ်ဆောင်သွားမှာဖြစ်ပြီး၊ လူနည်းစုတိုင်းရင်းသားတွေရဲ့အခွင့်အရေးတွေကို ဖော်ဆောင်ပေးဖို့နဲ့ လူငယ်နဲ့ အမျိုးသမီးအခွင့်အရေးရရှိဖို့နဲ့ဒေသတွင်း ရေ၊မီး၊ လမ်းဖွံ့ဖြိုးမှုအပိုင်းတွေမှာ အဓိကလုပ်ဆောင်ပေးသွားဖို့က သူမရဲ့ ကတိကဝတ်တွေ ဖြစ်ပါတယ်။

မော်မိုးမြာ

“ စိန်ခေါ်ချက်တွေတော့ အများကြီးဖြစ်တယ်။ အမျိုးသမီးတစ်ယောက်လည်းဖြစ်တယ်။ လူငယ်တစ်ယောက်လည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ တခြားအမျိုးသားတွေထက်၊ တခြားကိုယ်စားလှယ်တွေထက် ကျမပိုကြိုးစားရတယ်၊ ပိုပြီးတော့မှအချိန်ပေးရတယ်ပေါ့။” လို့မော်မိုးမြာက သူမကြုံနေရတဲ့ စိန်ခေါ်ချက်တွေကို ပြောပါတယ်။

ကပ်ရောဂါဖြစ်တဲ့ ကိုဗစ် ကို ရင်ဆိုင်နေရတာကြောင့် ကိုယ်စားလှယ်လောင်းတွေရဲ့ စည်းရုံးရေးအတွက် ကြီးမားတဲ့ အခက်အခဲ စိန်ခေါ်မှု တစ်ရပ်လည်း ဖြစ်နေပါတယ်။ ဒါပေမဲ့လည်း မော်မိုးမြာအပါအဝင် တခြားသော ကိုယ်စားလှယ်လောင်းတွေကလည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေနဲ့အညီ ဆောင်ရွက်နိုင်ဖို့ ကြိုးစားနေကြပါတယ်။

“ကျမတို့စည်းရုံးရေးဆင်းတဲ့အခါမှာတော့ ကျမတို့ကော်မရှင်ကထုတ်ပြန်ထားတဲ့လူ ၅၀ထက်မပိုရ ဆိုတဲ့ ကိစ္စမျိုးတွေရှိတယ်။ Mask တပ်ရမယ်၊ လက်ဆေးဆပ်ပြာသုံးရမယ် ဆိုတဲ့ ကိစ္စမျိုးတွေပေါ့။ ဒါပေမယ့် ကျမတို့ပါတီကို သူတို့ စိတ်ဝင်စားတယ်။ ၅၀ထက်ပိုသွားတဲ့ကိစ္စတွေကျတော့ ကျမတို့ကသူတို့ ကိုအတင်းပြောလို့မရဘူး။ လူထုတွေက ကျမတို့ပါတီကိုစိတ်ဝင်စားလို့သူတို့လာတယ်။ ကျမတို့တာဝန်ခံတယ်။ ကျမတို့လူကျဲကျဲလေးနေတယ်၊ Mask တွေတပ်ပေးတယ်၊ လက်ဆေးဆပ်ပြာတွေပေးပြီး စနစ်တကျနေခိုင်းတယ်။” လို့မော်မိုးမြာက ပြောပါတယ်။

သူမက တန်းတူညီမျှ ခံစားခွင့်မရှိသေးတဲ့ လူနည်းစုတိုင်းရင်းသားများအတွက် လွှတ်တော်နိုင်ငံရေးနည်းလမ်းဖြင့် လုပ်ဆောင်နိုင်ပါက ပိုမိုထိရောက်မယ်လို့ ယုံကြည်နေပါတယ်။

“ ကျမတို့ပြည်နယ် ဒေသခံပါတီပေါ်ထွက်လာပြီ။ ကျမတို့ပြည်နယ်၊ ကျမတို့ တိုင်းရင်းသားအခွင့်အရေး ဖော်ဆောင်ဖို့အခုက အချိန်တန်ပြီ။ ကျမတို့ ကယားပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားပြည်သူတွေအားလုံး ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီကို အားပေးပေးပါ၊ ဝန်းရံပေးပါ၊ ထောက်ခံပေးပါ၊ မဲပေး ပေးကြပါလို့ပဲ ပြောချင်ပါတယ် ရှင့်။”

မော်မိုးမြာအနေနဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မည့် ရှားတောမြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာတော့ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီကနေပြီး ဒေါ်ဝင့်ဝါထွန်းက အနိုင်ရရှိခဲ့တာဖြစ်ပတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာတော့ ဒေါ်ဝင့်ဝါထွန်းအပါအဝင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်းတွေကနေပြီး မော်မိုးမြာနဲ့အတူ ယှဉ်ပြိုင်သွားကြမှာပါ။

spot_img
spot_img

Recent posts