spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ငှက်ဖျားရောဂါအကြောင်းသိသင့်သည်များ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

စစ်တပ်အာဏာသိမ်းမှုနောက်ဆက်တွဲအနေနဲ့ ကရင်နီပြည်က တောတောင်ထဲစစ်ရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေကြား လက်ရှိ မိုးရာသီကာလမှာ ငှက်ဖျားရောဂါဖြစ်ပွားမှုနှုန်း ပိုမိုများပြားလာနေတာကို တွေ့ရပါတယ်။

ဒါ့အပြင် ပြိုလဲသွားတဲ့ ကျန်းမာရေးစောင့်ရှောက်မှု အကျိုးဆက်တွေကြောင့် ပြည်သူတွေဟာ ကျန်းမာရေးစောင့်ရှောက်မှုတွေ မခံယူနိုင်တော့ဘဲ ငှက်ဖျားအပါအဝင် တခြားသော ကျန်းမာရေး ပြဿနာအမျိုးမျိုးနဲ့ ကြုံတွေ့နေရပါတယ်။

ဒါကြောင့် ငှက်ဖျားရောဂါဟာ စစ်ရှောင်ပြည်သူတွေကို ဘယ်လိုခြိမ်းခြောက်နေလဲ၊ ငှက်ဖျားရောဂါအကြောင်းကို သိထားခြင်းဖြင့် ဘယ်လိုကာကွယ်နိုင်သလဲ ဆိုတဲ့ ငှက်ဖျားရောဂါအကြောင်း သိသင့်တာတွေကို တင်ဆက်ပေးချင်ပါတယ်။

ငှက်ဖျားရောဂါဆိုတာ

ငှက်ဖျားရောဂါဟာ ငှက်ဖျားရောဂါပိုးသယ်ဆောင်တဲ့ အနောဖလိ ခြင်မ ကိုက်ခံရတာကြောင့် ကူးစက်မှုတွေ ဖြစ်ပွားလာပါတယ်။ ငှက်ဖျားရောဂါပိုးဟာ လူ့ခန္ဓာကိုယ်ထဲနဲ့ ငှက်ဖျားခြင် ထဲမှာ နေထိုင်ပြီး လူခန္ဓာကိုယ်ထဲက သွေးနီဥထဲမှာ နေထိုင်ပွားများလာပြီး၊ အဲဒီ သွေးနီဥတွေ ပေါက်ကွဲစေကာ ငှက်ဖျားရောဂါလက္ခဏာကို ဖြစ်ပေါ်စေပါတယ်။ ငှက်ဖျားရောဂါပိုးဟာ အလွန်သေးငယ်ပြီး အဏုမြူမှန်ဘီလူးနဲ့ ကြည့်မှသာ မြင်နိုင်ပါတယ်။

လူတွေမှာဖြစ်ပွားတဲ့ ငှက်ဖျားရောဂါပိုး အမျိုးအစား ( ၄ ) မျိုးရှိပါတယ်။ အဲဒါတွေကတော့ ပလက် (စ်) မိုဒီယမ် ဖယ်ရီပါရမ်၊ ပလက် (စ်) မိုဒီယမ် ဗိုင်းဗက်၊ ပလက် (စ်) မိုဒီယမ် မလေးရီးယေး၊ ပလက် (စ်) မိုဒီယမ် အိုဗေး တို့ဖြစ်ပါတယ်။

အဆိုပါ ငှက်ဖျားပိုး ( ၄ ) မျိုးအနက် ပလက် (စ်) မိုဒီယမ် ဖယ်ရီပါရမ် ကတော့ အပြင်းထန်ဆုံးဖြစ်ပြီး အသက်အန္တရာယ် သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ အဖြစ်များဆုံးသော ငှက်ဖျားအမျိုးအစားကတော့ ပလက် (စ်) မိုဒီယမ် ဗိုင်းဗက် လို့ သိရပါတယ်။

ပလက် (စ်) မိုဒီယမ် ဗိုင်းဗက် ငှက်ဖျားရောဂါပိုးကြောင့် သေဆုံးမှုနည်းပါးတယ်ဆိုပေမယ့် ထပ်မံကူးစက် ခံရနိုင်တာ၊ နောက်တကြိမ် ပြန်လည်ဖြစ်ပွားတာ စတာတွေကြောင့် နာမကျန်းမှုတွေ မကြာခဏ ဆိုသလို ဖြစ်နိုင်ပါတယ်။

ဘယ်လိုလူတွေမှာ ငှက်ဖျားရောဂါပိုမိုကူးစက်နိုင်လဲ

ငှက်ဖျားရောဂါဟာ လူမျိုးမရွေး၊ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်တယ်ဆိုပေမယ့် ငှက်ဖျားရောဂါပိုး ကူးစက်နိုင်တဲ့ ဒေသက တောတောင်ထဲ နေထိုင်သူတွေမှာ ပိုမိုကူးစက်နိုင်ပါတယ်။

ငှက်ဖျားရောဂါပိုးရှိတဲ့ တောတောင်ထဲ ခြင်ထောင်နဲ့ မအိပ်သူတွေ ၊ ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးတွေမှာ ငှက်ဖျားရောဂါပြင်းထန်စွာ ခံစားရနိုင်ပါတယ်။

ခြင်ကနေတစ်ဆင့် ငှက်ဖျားရောဂါဘယ်လို ကူးစက်သလဲ

ငှက်ဖျားရောဂါဟာ ခြင်ကနေတစ်ဆင့် ကူးစက်နိုင်တယ်ဆိုတာ လူတိုင်းသိထားပြီးသားဖြစ်ပါတယ်။ ငှက်ဖျားရောဂါပိုးသယ်ဆောင်တဲ့ အနောဖလိ ခြင်မဟာ ရောဂါပိုးရှိတဲ့ လူကိုကိုက်ပြီး တခြားလူကို ကိုက်ခြင်းဖြင့် ရောဂါကူးစက်နိုင်ပါတယ်။ အနောဖလိ ခြင်မဟာ နေဝင်ချိန်မှ မနက်စောစော အချိန်ထိ ကိုက်လေ့ရှိပါတယ်။

အနောဖလိ ခြင် တွေကို ပင်လယ်ကမ်းခြေဒေသတွေ၊ တောတောင်ထူထပ်တဲ့ ဒေသတွေ၊ ရေသွင်း စိုက်ပျိုးတဲ့ လွင်ပြင်ဒေသတွေမှာ တွေ့မြင်ရပါတယ်။ မိုးရေတင်ကျန်နေတတ်တဲ့နေရာက ရေတွေ၊ ရေအိုင်ငယ်နဲ့ ရေကန်အမျိုးမျိုး၊ လယ်ကွင်း ရေကြည်ရေသန့်ရှိတဲ့ စိုက်ခင်းတွေ၊ ရေစီးကြောင်းနဲ့ မြောင်းတွေမှာ ပေါက်ဖွားလေ့ရှိပါတယ်။

အနောဖလိ ခြင်မဟာ ၎င်းတို့ရဲ့ မျိုးဥတွေမျိုးအောင်ဖို့အတွက် လူ (သို့မဟုတ်) တိရစ္ဆာန်တို့ရဲ့ သွေးကို စုပ်ယူပြီး ငှက်ဖျားရောဂါကို ကူးစက်စေပါတယ်။

ငှက်ဖျားရောဂါလက္ခဏာများ

ငှက်ဖျားရောဂါ စစဖြစ်ချိန်မှာ နေ့စဉ်ဖျားနိုင်ပြီး ချမ်းတုန်တာ၊ ကိုယ်ပူတာ၊ ချွေးအလွန်အမင်းထွက်တာ စတဲ့ ပုံစံမျိုးနဲ့ လက္ခဏာပြတတ်ပါတယ်။ ရက်ခြားဖျားတာ ဖြစ်နိုင်သလို ထပ်ခါထပ်ခါ ဖျားတာလည်း ဖြစ်နိုင်ပါတယ်။

ခေါင်းကိုက်တာ၊ အစားအသောက်ပျက်တာ၊ မူးဝေတာ၊ အန်တာ၊ ကြွက်သားနဲ့ အဆစ်တွေ ကိုက်ခဲတာ၊ ဝမ်းဗိုက်အောင့်တာ၊ သွေးအားနည်းပြီး ဖြူဖတ်ဖြူရော်ဖြစ်တာ စတဲ့ လက္ခဏာတွေလည်း ခံစားရနိုင် ပါတယ်။

ပြင်းထန်ငှက်ဖျားရောဂါခံစားရသူတွေမှာတော့ အလွန်အမင်း အဖျားတက်တာ၊ အလွန်အမင်း သွေးအားနည်းတာ၊ မျက်လုံးဝါတာ၊ ဂနာမငြိမ်တာ၊ တက်တာ ၊မေ့မြောတာ၊ အမူအရာပြောင်းလဲတာ၊ တစ်ပါးသူ အကူအညီမပါဘဲ မထနိုင်တာ၊ ခြေဖျားလက်ဖျားအေးပြီး သွေးလန့်တာ စတဲ့ လက္ခဏာတွေ တွေ့ရပါတယ်။

ငှက်ဖျားရောဂါကို ဆေးမကုဘဲနေတာ၊ ထိရောက်စွာ ဆေးကုသမှု မခံယူခဲ့ရင် ရောဂါပြင်းထန်လာပြီး အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။

ဘယ်လိုလူတွေမှာ ငှက်ဖျားပိုးစစ်ဆေးသင့်လဲ

အကြောင်းအရင်းမရှိဘဲဖျားနေသူတွေ၊ သွေးအားနည်းရောဂါလက္ခဏာရှိသူတွေ၊ သွေးသွင်းပြီး (၃) ရက် အတွင်း ဖျားသူတွေမှာ ငှက်ဖျားရောဂါသံသယရှိတာကြောင့် သွေးဖောက်စစ်ဆေးသင့်ပါတယ်။

ငှက်ဖျားကူးစက်မှုရှိတဲ့ဒေသသို့ သွားလာသူခဲ့တွေမှာလည်း ဖျားနာခဲ့ရင်ချက်ခြင်း သွေးစစ်ကြည့်သင့်သလို မဖျားခဲ့ရင်လည်း ခရီးမှပြန်လာပြီး (၃) ပတ်အကြာမှာ သွေးစစ်သင့်ပါတယ်။ အထူးသဖြင့် ငှက်ဖျားကူးစက်မှုရှိတဲ့ဒေသမှ (၅) နှစ်အောက်ကလေးတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေမှာ ၃ လ တစ်ကြိမ် ငှက်ဖျားပိုး ရှိ/မရှိကို စစ်ဆေးရမှာဖြစ်ပါတယ်။

ရာသီတုပ်ကွေး၊ အူရောင်ငန်းဖျား၊ အသည်းရောင်အသားဝါ၊ ဦးနှောက်အမြှေးပါးရောဂါ၊ ဆင်ခြေထောက်ရောဂါ၊ ကိုဗစ်ရောဂါ စတာတွေဟာ ငှက်ဖျားရောဂါနဲ့ ဆင်တူလက္ခဏာတွေ ပြနိုင်တာကြောင့် ငှက်ဖျားရောဂါမှန်း သေချာစေပြီး စောစီးစွာကုသနိုင်ဖို့အတွက် သွေးဖောက်စစ်တာက အသေချာဆုံးဖြစ်ပါတယ်။

ငှက်ဖျားရောဂါကာကွယ်ရာနည်းလမ်းများ

ငှက်ဖျားရောဂါမဖြစ်ဖို့ လူကိုခြင်မကိုက်ခံရအောင်နေထိုင်တာ၊ ပတ်ဝန်းကျင်မှာ ခြင် မပေါက်ဖွား နိုင်အောင် ဆောင်ရွက်တာ၊ ခြင်ကောင်တွေကို နှိမ်နင်းတာ၊ ငှက်ဖျားလူနာ တွေကို ပုံမှန်ကုထုံးနဲ့ စောစီးစွာကုသမှု ခံယူစေတာ နဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ၅ နှစ်အောက်ကလေးငယ် တွေကို ငှက်ဖျားဆေးကြိုတင် တိုက်ကျွေးခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။

ငှက်ဖျားရောဂါဟာ ခြင်ကနေတစ်ဆင့် ကူးစက်နိုင်တာကြောင့် မည်သူမဆို ဘယ်နေရာမှာအိပ်အိပ်၊ ဘယ်အချိန်မှာအိပ်အိပ်၊ ဆေးစိမ်ခြင်ထောင်နဲ့ အိပ်ခြင်းဟာ ငှက်ဖျားရောဂါကို ကာကွယ်ဖို့ အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။

ကိုးကား – NUG, MOH facebook

spot_img
spot_img

Recent posts