spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီကို နှစ်ဆမုန်းပြီး တော်လှန်တိုက်ခိုက်နေတဲ့ CDM စစ်သား

ကန္တာရဝတီတိုင်း( မ် )

“အခုလက်ရှိတော်လှန်ရေးတပ်ဖွဲ့ဝင် မုန်းနေတဲ့အမုန်းထက် ကျနော်တို့က ၂ဆပိုမုန်းပါတယ်။ အဲ့ဒါကြောင့်မလို့ ကျနော်တို့မှာက စစ်ကောင်စီနဲ့ပြန်တိုက်တော့ ဘယ်လိုခံစားရလဲဆိုတော့ သူသေကိုယ်သေပေါ့နော။ အဲ့လိုမျိုး အတကုန်ပဲကျနော်တို့ကြိုးစားတယ်ပေါ့။ အားသွန်ခွန်စိုက်ကျနော်တို့အလုပ်လုပ်ပါတယ်။” လို့ CDM စစ်သားတစ်ဦးဖြစ်တဲ့ အသက် ၂၆နှစ်အရွယ် ကိုဆိုင်းလ်ဇန်နှောင်က ပြောပြပါတယ်။

ကိုဆိုင်းလ်ဇန်နှောင်ဟာ နေပြည်တော်မှာရှိတဲ့ အကြမ်းဖက်နှိမ်နှင်းရေးအထူးတပ်ဖွဲ့မှာ တပ်ကြပ်ကြီးရာထူးနဲ့ ၅နှစ်တာဝန်ထမ်းဆောင်ခဲ့သူပါ။ စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ခုနှစ် မတ်လ ၂၇ရက်နေ့မှာ CDM ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အာဏာရှင်စနစ်ကိုမကြိုက်လို့ လမ်းပေါ်ထွက်ဆန္ဒပြကန့်ကွက်တဲ့ ပြည်သူတွေကို လက်နက်သုံး ဖြိုခွင်းခဲ့တဲ့ အပြင် ဆန္ဒပြသူတွေကို ကျည်အစစ်နဲ့ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရတဲ့ မမြသွဲ့သွဲ့ခိုင် အဖြစ်အပျက်က ကိုဆိုင်းလ်ဇန်နှောင်အတွက် စစ်ကောင်စီတပ်ကနေ စွန့်ခွာပြီး CDM ပြုလုပ်ဖို့ တွန်းအားကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။

မြေပြင်အချိတ်အဆက်တွေနဲ့ မဟုတ်ဘဲ စစ်ပြေးပုံစံနဲ့ CDM ပြုလုပ်လာခဲ့တယ်လို့ ကိုဆိုင်းလ်ဇန်နှောင်က ပြောပါတယ်။ CDM ပြုလုပ်ချိန် ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲကိုလည်း သူက အခုလို ပြောပြပါတယ်။

“CDMလုပ်ဖို့ကအခက်ခဲတွေ အများကြီးကြုံခဲ့ရတာပေါ့နော။ ဘယ်လိုမျိုးလဲဆိုတော့ ဒီကျနော်တို့စပြီးတော့ CDM လုပ်တဲ့ချိန်မှာကတော့ စစ်ကောင်စီထဲက ဒီCDMစစ်သားဆိုတာရှားတယ်လေး။ ရှားတော့ ကျနော်တို့မှာက စစ်ပြေး အနေနဲ့ကျနော်တို့ပြေးခဲ့ရတယ်။ ပြီးတော့တောထဲမှာ ကျနော်တို့ပြောင်းခင်းထဲမှာနေပြီးတော့မှ ၄ ရက်တိတိထမင်းမစားရပဲနဲ့ ပြောင်းဖူးအစိမ်းတွေစားပြီးတော့နေခဲ့ရတယ်။” လို့ ကိုသန်းစိုးက ပြောပါတယ်။

စစ်ပြေးဘဝနဲ့ CDM ပြုလုပ်ပြီး ဖယ်ခုံမြို့မှာခိုလှုံနေစဉ် SSRY မှတဆင့် PDF သင်တန်းတွေတက်ပြီး နိုင်တဲ့ဘက်ကနေ ပါဝင်ဆောင်ရွက်ခဲ့သလို နောက်ပိုင်း ကရင်နီပြည်က ပြည်သူ့ရင်ခွင်ဖွဲ့စည်းတဲ့အချိန် ပြည်သူ့ရင်ခွင်ထံ ခိုလှုံခဲ့တယ်လို့ သူကပြောပါတယ်။

ကိုဆိုင်းလ်ဇန်နှောင်ဟာ စစ်ကိုင်းတိုင်း ဇာတိကဖြစ်ပြီး စစ်တပ်ထဲမှာရှိစဉ်တုန်းက ကရင်ပြည်နယ်မှာ ရှေ့တန်း တာဝန်ထမ်းဆောင်ဖူးပါတယ်။ တိုင်းပြည်နဲ့လူမျိုးကို ကာကွယ်ချင်တဲ့အတွက် စစ်တပ်ထဲကို ဝင်ခဲ့ပေမယ့် အခုတော့ အမှတ်တရတစ်ခုအဖြစ်သာ ကျန်ရစ်ခဲ့တယ်လို့ သူက ဝန်ခံပြောဆိုပါတယ်။

“ကျနော်တို့ပြန်တွေးကြည့်ရင်တော့ အခုချိန်မှာ ရယ်စရာဖြစ်နေပြီပေါ့နော။ အဲ့ဒီအချိန်တုန်းကတော့ ပြည်သူကိုကာကွယ်ဖို့ ပြည်သူကို ကာကွယ်ဖို့ဆိုပြီးတော့ သင်တန်းတွေအများကြီးတက်ခဲ့တယ်။ လေ့ကျင့်မူတွေအများကြီးလုပ်ခဲ့တယ်။ စစ်ဆေးရေးတွေအများကြီးလုပ် ခဲ့တယ်ပေါ့။ အဲ့လိုမျိုးတွေတော့ တခါတလေပြန်တွေးကြည့်ရင်တော့ အမှတ်တရဖြစ်ဖို့တော့ ပိုပြီးတော့ အောက်မေ့မိတာပေါ့နော။” လို့ သူက ပြောပါတယ်။

စစ်တပ်ထဲမှာလည်း တပ်အတွင်းက ရာထူးအဆင့်ခွဲခြားမှုတွေ၊ နှိပ်စက်မှုတွေ မျက်မြင်ကြုံတွေ့ခဲ့တာတွေကို သူကဖွင့်ဟပါတယ်။

စစ်သားတွေ အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM) မပြုလုပ်ဖို့ ဖုန်းတွေသိမ်းထားတာ၊ သတင်းမီဒီယာတချို့ကို ကြည့်ရှုနားဆင်ခွင့် ပိတ်ပင်တာ၊ နိုင်ငံရေးနဲ့ပတ်သက်ပြီး လုပ်ပိုင်ခွင့်တွေ ပိတ်ပင်တာ၊ ရှေ့တန်းမှာ ပြောက်ကျားဝတ်စုံတွေ့တဲ့အိမ်ကို သူပုန်အိမ်အဖြစ်သတ်မှတ်ခိုင်းပြီး မီးရှို့ခိုင်းတာတွေ စစ်ကောင်စီတပ်က ပြုလုပ်တယ်လို့ ဆိုပါတယ်။

“လက်ရှိရှေ့တန်းမှာသွားတဲ့ အိမ်ထောင်သည်ရဲဘော်တွေဆိုရင် သွားတယ်။ သူတို့ထွက်သွားပြီဆိုရင် နောက်မှာရှိနေတဲ့အိမ်ထောင်သည် ရဲမေတွေကိုသူတို့က ချုပ်ထားတာမျိုးတွေရှိတယ်။ ချုပ်ထားတယ်ဆိုတော့ ဟိုလိုပေါ့။ ဘယ်လိုပြောပြရမလဲ နင့်ယောင်္ကျားCDMလုပ်လို့ ထွက်ပြေးမယ်ဆိုရင် နင်တို့ကိုထောင်ချမယ်။ အဲ့လိုမျိုးဖိအားမျိုးတွေလည်း ကျနော်တို့ကြားရတယ်ပေါ့။ ကျနော်တို့သိရတယ်ပေါ့။” လို့ ကိုဆိုင်းလ်ဇန်နှောင်က ပြောပါတယ်။

လက်ရှိမှာတော့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) CDM ဌာနနဲ့ ပူးပေါင်းပြီး စစ်ကောင်စီနဲ့ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်နေပါပြီ။

CDM စစ်သားတစ်ဦးဖြစ်တဲ့ ကိုဆိုင်းလ်ဇန်နှောင်

ကရင်နီပြည်မှာ လက်နက်နဲ့အတူ CDM ပြုလုပ်တဲ့သူတွေကို ထိုက်တန်တဲ့ဆုကြေးငွေတွေ ထောက်ပံ့ပေးသွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အသီးသီးက အသိပေးထုတ်ပြန်ထားပြီး ဖိတ်ခေါ်ထားပါတယ်။

၂၀၂၂ခုနှစ် ဖေဖော်ဝါရီလအတွင်း မိုးဗြဲကနေ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီနဲ့ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲရက်ရှည် ပြင်းထန်ဖြစ်ပွားခဲ့တဲ့ အချိန်မှာလည်း ကိုဆိုင်းလ်ဇန်နှောင်က ပါဝင်ခဲ့ပါတယ်။

အရပ်သားပြည်သူ ၄၀ကျော် အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံထားရတဲ့ ဖရူဆိုမြို့နယ် မိုဆိုဖြစ်စဉ်မှာလည်း စိတ်မကောင်းဖြစ်စရာအဖြစ်အပျက်တွေကို ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီလိုအဖြစ်အပျက်တွေက ကိုဆိုင်းလ်ဇန်နှောင်အတွက် စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းပြီး တိုင်းရင်းသားပေါင်းစုံစုဖွဲ့ထားတဲ့ ဖယ်ဒရယ်တပ်မတော်ထဲကို ဆက်လက်တာဝန်ထမ်းဆောင်ဖို့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ဖြစ်စေခဲ့ပါတယ်။

“ အရင်ကလည်းစစ်သားပဲလုပ်ခဲ့တာဆိုတော့ ကျနော်အနာဂတ်မှာလည်း ဒီဖယ်ဒရယ် တပ်မတော်ပေါ့။ တိုင်းရင်းသားပေါင်းစုံဖွဲ့စည်းထားတဲ့ ဖယ်ဒရယ် တပ်မတော်၊ တိုင်းပြည်သစ်၊ နိုင်ငံသစ်မှာ ကျနော်ဆက်ပြီးတော့မှ ကျနော်တာဝန်ထမ်းဆောင်ချင်တယ်ပေါ့။” လို့ ကိုဆိုင်းလ်ဇန်နှောင်က သူ့ရဲ့ နောက်ဆုံး မျှော်လင့်ချက်ကို ပြောပြသွားပါတယ်။

spot_img
spot_img