spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီထိန်းချုပ်ထားတဲ့ လွိုင်ကော်မြို့မှာ စောင့်ကြည့်မှုစစ်ဆေးမှုတွေကို တိုးချဲ့ပြီး လုပ်ဆောင်လာ

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

စစ်ကောင်စီထိန်းချုပ်ထားတဲ့ လွိုင်ကော်မြို့ပေါ်မှာ စောင့်ကြည့်စစ်ဆေးမှု နေရာတွေ ပိုမိုတိုးချဲ့ပြီး ပြုလုပ်လာနေတယ်လို့ လွိုင်ကော်မြို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“လွိုင်ကော်မြို့ပေါ်က ခြုံထူတဲ့နေရာတွေကိုလည်း ရှင်းလင်းထားတယ်။ တချို့နေရာတွေမှာလည်း စစ်သားတွေက အရပ်ဝတ်နဲ့ သွားလာပြီး မေးမြန်းတာမျိုးတွေ အဲလိုမျိုး စောင့်ကြည့်တာတွေ တိုးပြီး လုပ်နေတာတော့ တွေ့ရတယ်။“ လို့ လွိုင်ကော်ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိ မြို့ပေါ်ရပ်ကွက်အသီးသီးမှာ စစ်ဆေးရေးဂိတ် ၈ ခုနဲ့အထက်ရှိနေတယ်လို့ ဆိုပါတယ်။ စစ်ဆေးရေးဂိတ်တွေရှိတဲ့နေရာကတော့ မိုင်းလုံးမှာနှစ်နေရာ၊ နောင်ယား( က ) မှာတစ်နေရာ၊ မင်းစုမှာ တစ်နေရာ၊ ချိကယ်ရပ်ကွက်သွားလမ်း ကယားဒေးကွင်းဘက်မှာ တစ်နေရာ၊ လွိုင်ကော်မြို့မရဲစခန်းရှေ့မှာ တစ်နေရာ၊ နာရီစင်အဝိုင်းမှာ တစ်နေရာ၊ လွိုင်ကော်အခြေစိုက် (၃၅၆) အမြောက်တပ်ရှေ့မှာ တစ်နေရာ စတဲ့နေရာအသီးသီးမှာ ဂိတ်တွေ ထားရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လမ်းဆုံလမ်းခွတွေမှာ ရှောင်တခင်စစ်ဆေးမှုတွေ ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။ စစ်ကောင်စီက မြို့ပေါ် အချက်အချာကျတဲ့ နေရာတွေမှာ ပုံမှန် စစ်ဆေးမှုတွေ ပြုလုပ်နေပေမယ့်လည်း တစ်ဖက်မှာလည်း တခြားနေရာတွေမှာ စောင့်ကြည့်စစ်ဆေးနေတဲ့ပုံစံတွေကို တိုးချဲ့လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယခင်ကလောက် စစ်ဆေးမှုတွေ တင်းတင်းကျပ်ကျပ် မပြုလုပ်တော့ပေမယ့် စစ်ကောင်စီကတော့ မသင်္ကာမှုတွေ့ရင် ပုံမှန်ထက်ကြာတဲ့ စစ်ဆေးတာတွေ ရှိတယ်လို့ ဆိုပါတယ်။

“ အရင်ကလောက် စစ်ဆေးမကြမ်းတော့ဘူး။ အဓိက ရုပ်ကိုကြည့်ပြီး စစ်တာလားတော့မသိဘူး။ စစ်ဆေးတဲ့နေရာတွေကတော့ ပိုများလာတယ်။ အိတ်တွေဘာတွေ ဆိုစစ်တယ်။ ဥပမာ ကျောပိုးအိတ်တွေပေါ့နော။ နောင်ယားကနေ့တိုင်းလိုလိုစစ်တယ်။ ဂိတ်ပုံစံတွေလိုမျိုးရှိပေမယ့် အဲမှာတွေမစစ်တော့ဘူး။” လို့ လွိုင်ကော်မြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း လွိုင်ကော်မြို့ဟာ စစ်ကောင်စီရဲ့အုပ်ချုပ်ရေးယန္တာရား ပုံမှန်လည်ပတ်နေတဲ့ မြို့ဖြစ်တာကြောင့် စစ်ဆေးမှုတွေ တင်းကြပ်စွာ ပြုလုပ်ထားတာဖြစ်ပါတယ်။ ဖေဖော်ဝါရီလအတွင်းက စစ်ကောင်စီက မြို့ပေါင်း ၄၀ကို စစ်အုပ်ချုပ်ရေးကြေညာထားပြီး ကရင်နီပြည်က မြို့နယ်လေးခုပါဝင်ခဲ့ပါတယ်။

အဲ့ဒီမြို့နယ်တွေကတော့ ရှားတောမြို့၊ ဒီးမော့ဆိုမြို့၊ ဖရူဆိုမြို့၊ ဘောလခဲမြို့နယ်တွေဖြစ်ကြပြီး စစ်ကောင်စီထိန်းချုပ်မှုရှိနေတဲ့ လွိုင်ကော်မြို့တော့ ပါဝင်ခြင်းမရှိပါဘူး။ စစ်ကောင်စီက ၂၀၂၃ခုနှစ်ထဲမှာ ရွေးကောက်ပွဲပြုလုပ်ဖို့ စီစဉ်နေတဲ့အတွက် စစ်ဆေးမှုတွေ တိုးချဲ့ လုပ်ဆောင်နေတာဖြစ်နိုင်တယ်လို့ ဒေသခံတွေ ပြောဆိုနေကြပါတယ်။

spot_img
spot_img

Recent posts