spot_imgspot_imgspot_imgspot_img
Tuesday, January 21, 2025
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီရဲ့ ဒရုန်းဗုံးကြဲတိုက်ခိုက်မှုကြောင့် မိုးဗြဲမြို့ပေါ်က နေအိမ် ၅၀ ကျော် ပျက်စီး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲမြို့ပေါ်မှာ စစ်ကောင်စီတပ်က ဒီဇင်ဘာလအတွင်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေရဲ့ နေအိမ် ၅၀ ကျော် ပျက်စီးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဆီကနေ သိရပါတယ်။

“မိုးဗြဲမှာ စစ်ကောင်စီဖက်က ပြည်သူတွေရဲ့ နေအိမ်ပေါ်ကို ဒရုန်းဗုံးတွေချပြီး တိုက်ခိုက်တဲ့အတွက် မိုးဗြဲ သစ်ယာကုန်းရပ်ကွက်ရယ် ၊ ပေါ်ဦးရပ်ကွက်တွေထဲမှာ နေအိမ် အနည်းဆုံး ၅၀ ပေ့ါနော် နေအိမ် ၅၀ ကျော် ပျက်စီးခဲ့ရတယ်ပေါ့နော်။ စစ်ကောင်စီဖက်ကတော့ ဒရုန်းတွေကိုတော့ ဒီရက်ပိုင်းမှာ ခပ်စိပ်စိပ် ပိုပြီးတော့ တိုက်ခိုက်တယ်ပေါ့နော်။ နေ့တိုင်းနီးပါး ဒရုန်းအသုံးပြုတယ်လို့ ပြောလို့ရတာပေ့ါ။” လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

ယခုရက်ပိုင်းအတွင်း ဒရုန်းနဲ့အသုံးပြု တိုက်ခိုက်တာ ပိုများလာတာကြောင့် လူထုတွေအနေနဲ့ သတိထားနေထိုင်ဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်တွန်းထားပါတယ်။

ဒီဇင်ဘာလအတွင်း မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲကြီးကြီးမားမားဖြစ်ပွားတာမရှိဘူးလို့ သိရပါတယ်။ မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီက စစ်ကြောင်းထိုးစစ်ဆင်နေပြီး တော်လှန်ရေးတပ်ဖွဲ့တွေက ပြန်လည်ခုခံနေတယ်လို့ ဆိုပါတယ်။

“စစ်ကောင်စီတပ်က သူတို့ရဲ့ အခြေစိုက် တပ် ၄၂၂ ကနေပြီးတော့ မိုးဗြဲမြို့ထဲကို စစ်ကြောင်းထိုးဖို့ပေါ့နော် စစ်ကြောင်း ၃ကြောင်းနဲ့ စစ်ကြောင်းထိုးဖို့ လုပ်ခဲ့တယ်။ ဒါပေမဲ့ ဒီတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ခုခံတိုက်ခိုက်မှုကြောင့် သူတို့ဖက်က ဆက်ပြီးမတိုးနိုင်တော့တဲ့ အနေအထားမျိုးဖြစ်သွားတယ်ပေ့ါနော်။” လို့ တာအယ်စိုးက ဆက်ပြောပါတယ်။

ဒီဇင်ဘာလ ဒုတိယပတ်အတွင်းမှာလည်း မိုးဗြဲမြို့နဲ့ အနီးအနားကျေးရွာတွေကို စစ်ကောင်စီတပ်က နေ့စဥ်နဲ့အမျှ လက်နက်ကြီးပစ်ခတ်မှုတွေ လုပ်ဆောင်နေခဲ့တာကြောင့် ပြည်သူတွေ စိုးရိမ်ထိတ်လန့်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်နေ့နဲ ၈ရက်နေ့မှာ မိုးဗြဲမြို့ပြင်မှာ အခြေစိုက်ထားတဲ့ ခမရ (၄၂၂)တပ်က မိုးဗြဲမြို့နဲ့အနီးတစ်ဝိုက်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ S-PHOS ( အက်စ်ဖော့စ် ) တံဆိပ်ပါ ၅၆၀ အဆိပ်ငွေ့ပြားတွေကို ထည့်သွင်း အသုံးပြုခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောဆိုထားပါတယ်။

spot_img
spot_img
spot_img

Recent posts