ဒီကနေ့ အောက်တိုဘာလ (၁၉)ရက်နေ့မှာ စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွိုင်ကော်အကျဉ်းထောင်ကနေ ပုဒ်မ ၅၀၅(က)နဲ့ အကျဉ်းကျခံရသူ ၂၂ ဦး လွတ်မြောက်လာပါတယ်။ စစ်ကောင်စီဆန့်ကျင်တဲ့ စာရွက်လိုက်ကပ်လို့ ဖမ်းဆီးခံလိုက်ရပြီး ပုဒ်မ ၅၀၅(က) အမှုရင်ဆိုင်ဆဲဖြစ်ပေမယ့် လွတ်မြောက်လာတဲ့ လူငယ်တစ်ဦးနဲ့ ကန္တာရဝတီတိုင်း(မ်)က ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။ ဘယ်ချိန်တုန်းက ဖမ်းခံရတာလဲ။ ဘာကြောင့်အဖမ်းခံရတာလဲ။
ဖြေ။ ။ ကျနော်က ၄လပိုင်း ၂၉ရက်နေ့မှာ ဖမ်းဆီခံရတာ။ မနက် ၉ နာရီလောက်မှာ စစ်တပ်ဆန့်ကျင်စာရွက်ကို လိုက်ဖြန့်တယ်။ ရပ်ကွက်ထဲ ခနပြန်ဝင်တယ်။ ဝင်ပြီးတော့ ကျနော့်သူငယ်ချင်းက ကွမ်းစားချင်တယ်ဆိုလို့ ကွမ်းယာဆိုင်ကိုသွားတာ အဲ့ဆိုင်မှာ သူတို့ကစောင့်နေတာ ကွမ်းဝယ်နေတဲ့အချိန်မှာ ရဲတွေရောက်လာပြီး လာဖမ်းသွားတာ။
မေး။ ။ အဲ့တုန်းက ဘယ်နယောက် အဖမ်းခံလိုက်ရလဲ။
ဖြေ။ ။ ကျနော်တို့နှစ်ယောက်ပဲ။ ကျနော့် အမှုတွဲတစ်ယောက်က လွတ်သွားတာကြာပြီ။ ၆လပိုင်း ၃၀ ရက်နေ့ကတည်းက လွတ်သွားတာ။
မေး။ ။ ဒီရက် စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဘယ်နှစ်ယောက်လွတ်လာလဲ။
ဖြေ။ ။ ဒီရက် ၂၂ ယောက်မှာ ၂၀ပဲလွတ်တယ်။ ၂ ယောက်ကျတော့ ဆန္ဒပြပွဲမှာ သူတို့ကို လက်နက်ပါတယ်ဆိုပြီးတော့ ၁၉(င)နဲ့ ထပ်စွဲထားတယ်တဲ့ ၅၀၅ နဲ့တော့လွတ်သွားပြီး ၁၉ (င)နဲ့ကျန်သေးလို့ ၂ယောက်ကျန်ခဲ့တယ်။
မေး။ ။ ဖမ်းဆီးခံရပြီးနောက် ဘာပုဒ်မနဲ့ အမှုဖွင့်ခံရတာလဲ။
ဖြေ။ ။ စဖမ်းတော့ ဖရူဆိုရဲစခန်းမှာ ရဲစခန်းကနေ နေ့လည် ၂ နာရီလောက်မှာ လွိုင်ကော်ကို ရောက်တယ်။ ဖရူဆိုမြို့မှာကတည်းက သူတို့အမှုဖွင့်လိုက်ပြီပေါ့။ ၅၀၅နဲ့ အမှုဖွင့်လိုက်ပြီ တစ်ခါတည်း အမှုဖွင့်လိုက်တာ။ ရောက်တော့ တရားသူကြီးဆီမှာ ရမန်သွားယူတယ်။ အဲ့ညတော့ လွိုင်ကော်မြို့မရဲစခန်းမှာပဲ တစ်ညအိပ်လိုက်ရတယ်။ နောက်ရက်တော့ ကိုဗစ်စစ်ပြီးမှ သူတို့ အချုပ်ထဲပြောင်းထားပေးတယ်။ ရဲစခန်းအချုပ်မှာ နှစ်ပတ်နေလိုက်ရတယ်။ နောက်မှပဲ ထောင်ရောက်တယ်။
မေး။ ။ အကျဉ်းထောင်ထဲမှာ ၅၀၅ နဲ့တရားစွဲဆိုခံရတဲ့သူ ဘယ်နှစ်ယောက်လောက်ရှိလဲ။
ဖြေ။ ။ ကျနော်တို့အများကြီးပဲ။ လက်နက်ကိုင်သင်တန်းဆင်းတယ်ဆိုတဲ့ (၇၄)ယောက်တစ်ဖွဲ့၊ တကယ် ဘားမှမဟုတ်ဘဲနဲ့ ဖမ်းခံလိုက်ရတဲ့သူလည်း အများကြီးပဲ အသုဘမှာ ထမင်းသွားစားရင်းနဲ့ မိတဲ့သူ၊ လက်ထပ်ပွဲသွားရင်းနဲ့ လမ်းမှာမိတဲ့သူလည်းရှိတယ်။ သူတို့ကျ ခုထိမလွှတ်သေးဘူး။ ကုမ္ပဏီကနေ ဓတ်တိုင်လိုက်ဆင်လိုက်တဲ့သူကော ဖမ်းဆီးခံလိုက်ရတဲ့သူရှိတယ်။ သူတို့လည်း ၅၀၅ ပဲ။ သူတို့မှာကျ ဘာပြစ်မှုမှမရှိဘူး။ ခုထိမလွတ်သေးဘူး အဲ့လိုရှိတယ်။
မေး။ ။ အကျဉ်းထောင်ထဲမှာ ဘယ်လိုပုံစံနဲ့နေခဲ့ရလဲ။
ဖြေ။ ။ ကျနော်တို့အခန်းက အရင်က လူနည်းတဲ့ချိန်ဆို ၂၀ လောက်ပဲရှိတယ်။ နောက်လူများတော့ တစ်ခါတလေ အယောက် ၄၀ ရှိသွားတဲ့ချိန်တယ်။ နေရာကြပ်သွားပြီ အဆင်မပြေတော့ဘူး။ တစ်ခန်းမှ အိမ်သာ တစ်လုံးပဲရှိတယ်ပေါ့။ ကျနော်ထွက်လာတဲ့ချိန်တော့ တစ်ခန်းမှာ အယောက် ၃၀ ပဲ ရှိတယ်။
မေး။ ။ သူတို့တွေက ဘာပုဒ်မနဲ့ ရောက်လာကြတာလဲ။
ဖြေ။ ။ ၅၀၅(က)ရှိတယ်။ ၁၉(စ)လည်းရှိတယ်။ ဝက်သားခုတ်ရင်းသွားရင်း လမ်းမှာဖမ်းလိုက်တယ်။ ခု ၆လ ကျော်ပြီ။ ပြန်မလွှတ်သေးဘူး။ သူ့အမှုက ဓားဆိုတော့ အမြင့်ဆုံးချမှ ၆လပဲ။ အဲ့ဒါ ၆လကျော် ၇ လ ထိရှိနေပြီ။ ထောင်ထဲမှာရောက်တာ ပြန်မလွတ်သေးဘူး။ သူက ဝက်သတ်ဖို့ သွားတဲ့ချိန်မှာ လမ်းမှာဖမ်းသွားတာတဲ့ အဲ့ဒါရှိတယ်။ ၁၉(စ)၊ ၁၉(ည)၊ ၁၉(င)တွေကော အဲ့ဒါတွေရှိတယ်။
မေ။ ။ ပုဒ်မ ၅၀၅ နဲ့က ဘယ်နှစ်ယောက်ရှိလဲ။
ဖြေ။ ။ သပိတ်မှာ ဖမ်းမိတာဆိုရင် နည်းနည်းပဲရှိတယ်။ အခု သူတို့အခုပြန်လွှတ်တဲ့ထဲ ပါသွားတယ် ပြီးတော့ တိုက်ပွဲဖြစ်တဲ့အချိန်အတွင်းမှာ လမ်းဖြတ်တဲ့သူကော အသုဘကနေကော ဓတ်တိုင်ဆင်ပြီးပြန်လာတဲ့သူကော ပေါင်းလိုက်မယ်ဆိုရင် ၅၀၅(က)က ၃၂ယောက်ရှိတယ် ကျန်တာ ၁၉(စ)တွေ။ လက်နက်ကိုင်သင်တန်းဆင်းတဲ့သူတွေ မပါသေးဘူး။
မေး။ ။အကျဉ်းထောင်ထဲ ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းကော ဘယ်လိုရှိလဲ။
ဖြေ။ ။ ကျန်းမာရေးစောင့်ရှောက်မှုကတော့ အပြည့်အဝပေးပါတယ်။ တစ်ခုခုဖြစ်ပြီဆိုရင် ဆေးခန်းသွားလို့ရတယ် အဲ့ဒါတွေရှိတယ်။
မေး။ ။ အမှုက စစ်ဆေးဆဲလား အမိန့်ချပြီလား။
ဖြေ။ ။ ကျနော့်အမှုက တရားလိုတစ်ယောက်တောင် စစ်ပြီးပြီ။ နောက်တော့ သက်သေက မလာနိုင်လို့ မစစ်တာ တော်တော်ကြာပြီ ။ ကျနော့်အမှုက စစ်နေဆဲပဲ အမိန့်တော့ မချသေးဘူး။
မေး။ ။ အခြား ဘာပြောပြချင်တာရှိသေးလဲ။
ဖြေ။ ။ ကျနော်က စာရွက်လိုက်ကပ်လို့ဖမ်းခံရပြီး ၅၀၅ ပုဒ်မနဲ့ တပ်ခံရတာ အဓိပ္ပါယ်ရှိသေးတယ်။ တချို့ကျတော့ အိမ်မှာနေရင်းနဲ့ ဖမ်းခံရတဲ့သူတွေ လက်ထပ်ပွဲသွားရင်းနဲ့ ဖမ်းခံရတဲ့သူတွေ အသုဘအိမ်မှာ ထမင်းစားရင်းနဲ့ဖမ်းခံရတဲ့သူတွေ သူတို့ကျတော့ ရုံးလည်းမထုတ်ဘူး ရုံးလည်းမစစ်ဘူး။ သူတို့မှာလည်း ထောင်ဝင်စာလည်းမလာဘူး။ တော်တော်ခက်ခဲကြတယ်။ ဘားမှမဟုတ်တဲ့ ဝက်သားခုတ်ဓါးနဲ့ ထောင်ကျနေရတယ် သူတို့အတွက် တစ်ခုခုလုပ်ပေးစေချင်တယ်။
ကျေးဇူးတင်ပါတယ်။