spot_imgspot_imgspot_imgspot_img
Monday, December 9, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီ စစ်ကြောင်းထိုးဝင်ရောက်လာမှာကို စိုးရိမ်တာကြောင့် လွိုင်ကော်၊ နိုးကိုးဒေသခံနဲ့ စစ်ဘေးရှောင်တွေ တိမ်းရှောင်နေရ

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အနောက်ဘက်ခြမ်းက နိုးကိုးကျေးရွာအုပ်စုအတွင်းမှာ နေထိုင်တဲ့ ကျေးရွာခံတွေအပြင် စစ်ဘေးရှောင်တွေဟာ စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်လာမှာကို စိုးရိမ်တာကြောင့် လုံခြုံရေးအရ ရွေ့ပြောင်းတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

နိုဝင်ဘာလ တတိယပတ်ကစပြီး စစ်ဘေးရှောင်တွေဟာ ဘေးကင်းလုံခြုံမယ်လို့ယူဆကြတဲ့ နေရာတွေကို ရွေ့ပြောင်းကြတာဖြစ်ပါတယ်။ လက်ရှိမှာလည်း ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့မှာ တိုက်ပွဲဖြစ်ပွားနေပြီး အရပ်သားရှိရာနေရာတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးတိုက်ခိုက်မှု ပြုလုပ်မှာကို စိုးရိမ်နေကြတာလည်း ဖြစ်ပါတယ်။

“ဘယ်လိုကြားထားလဲဆိုတော့ သူတို့(စစ်ကောင်စီ) စစ်ကြောင်းထိုးမှာပေါ့နော်။ ဒီးမော့ဆို ဒါမှမဟုတ်ရင် မိုးဗြဲပေါ့၊ မိုးဗြဲဖက်ကနေလာခဲ့ရင်တော့ အဲ့ဖက်တကြောက (မိုးဗြဲ – ဒီးမော့ဆိုမြို့နယ်အတွင်းကို သွားလာတဲ့လမ်းကြောင်း) ပိတ်မိပြီပေါ့။ အဲ့လိုမျိုးဖြစ်သွားမှာစိုးလို့။ ပြီးရင်မိုးဗြဲဖက်လာမယ်ဆိုလည်း မိုးဗြဲတံတားတစ်ခုပဲ အဲ့ဖက်တစ်လမ်းပဲကျန်တဲ့ခါကျတော့ အဲ့တစ်လမ်းပဲနောက်ဆုံးဖြစ်သွားမယ်ဆိုပြီးတော့ ထွက်လာတာပေါ့နော်”လို့ လွိုင်ကော်မြို့ ၊ နိုးကိုးကျေးရွာအုပ်စု၊ သရက်ပင်ရွာမှာစစ်ရှောင်နေတဲ့ အမျိုးသမီးတစ်ဦးက ပြောပြပါတယ်။

၁ လေးလုံးစစ်ဆင်ရေးစတင်ချိန်ကစပြီး လွိုင်ကော်မြို့တွင်းကနေ နေရပ်စွန့်ခွာထွက်ပြေးရင်း အသိမိတ်ဆွေရှိရာ သရက်ပင်ကျေးရွာမှာ ကလေးငယ်နဲ့အတူ တိမ်းရှောင်ရပြီး ယခုတဖန်ထပ်မံတိမ်းရှောင်နေကြရတယ်လို့ အဆိုပါ အမျိုးသမီးက ဆက်ပြောပါတယ်။

လက်ရှိ တိမ်းရှောင်ကြတဲ့အထဲ နိုးကိုးကျေးရွာအုပ်စုထဲက ကျေးရွာ ၈ ရွာက ကျေးရွာခံတွေအပြင် အဆိုပါကျေးရွာမှာ လာရောက်နေထိုင်တဲ့ စစ်ဘေးရှောင်တွေလည်း ပါဝင်ပါတယ်။

တိမ်းရှောင်တဲ့နေရာမှာလည်း အခြေခံအသုံးအဆောင်ပစ္စည်းတွေ နဲ့ ဆန်၊ စပါး၊ အရေးကြီးပစ္စည်းတွေကို အရင်ဆုံး ရွေ့ပြောင်းနေကြတာ ရှိပါတယ်။

” သူတို့ပထမဆုံး အရေးကြီးတဲ့ပစ္စည်းတွေ ကားရှိတဲ့သူတွေအကုန်ရွှေ့ထားပေါ့နော်။ လမ်းပိတ်သွားရင်အဆင်မပြေတော့ဘူးပေါ့။ အဲ့လိုလေးကြားတဲ့ခါကျတော့ သူများတွေသယ်တာတော့ကြာပြီ စပါးများတဲ့လူတွေခါကျတော့။ ပြီးတချို့ကျတော့လည်း ရောင်းသင့်ရင်ရောင်းလိုက်တယ်။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သီးနှံရိတ်သိမ်းပြီးစ ကာလဖြစ်တာကြောင့် ရိတ်သိမ်းထားတဲ့ စပါး၊ ဆန် တွေကို သိမ်းဆည်းဖို့ နေရာ လိုက်ရှာ ဌားရမ်းရတယ်လို့ ဆန်စက်ပိုင်ရှင်တွေကလည်း ပြောပါတယ်။

ရှမ်း – ကရင်နီနယ်စပ် မိုးဗြဲမြို့ကနေ လွိုင်ကော်သွားတဲ့လမ်းတစ်လျှောက်က ပီကင်းကောခူ ၊ ဝါရီကောခူကျေးရွာအပြင် တခြားကျေးရွာတွေလည်း တိမ်းရှောင်ကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့က နိုးကိုးကျေးရွာအုပ်စုထဲကို စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၁၀နှစ်အရွယ်ကလေးငယ်အပါအဝင် ၄ဦးသေဆုံးခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ လက်နက်ကြီးထပ်မံကျရောက်ပေါက်ကွဲမှာကို ကျေးရွာခံတွေဟာ စိုးရိတ်ထိတ်လန့်ကြပြီး တိမ်းရှောင်ကြသူလည်း ရှိပါတယ်။

spot_img
spot_img

Recent posts