spot_imgspot_imgspot_imgspot_img
Monday, April 22, 2024
spot_imgspot_imgspot_imgspot_img

စစ်ပဋိပက္ခကြား ဆေး၀ါးကုသမှုအခက်ခဲကြောင့် သေဆုံးသွားကြရသူများ

မူဖိလစ်စတာ/ ကန္တာရ၀တီတိုင်း (မ်)

တပြည်နယ်လုံးအတိုင်းအတာနဲ့ စစ်ဘေးရှောင်ရတဲ့ ကရင်နီပြည်နယ်မှာ စစ်ဘေးရှောင်အများစုက ကလေး၊အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုတွေ ဖြစ်ကြပါတယ်။

မြို့ပေါ်၊ ဒါမှမဟုတ် မြေပြန့်ဒေသမှာနေထိုင်ကြတဲ့ ဒေသခံတွေက စစ်ပဋိပက္ခကြောင့် သဘာဝကပေးတဲ့ အကာအကွယ်တွေရှိနေတဲ့ တောင်ပေါ်ဒေသကို  ရွေ့ပြောင်းနေထိုင်ကြရပါတယ်။ တောင်ပေါ်နဲ့ မြေပြန့် ဒေသနှစ်ခုကြား မတူတဲ့ရာသီဥတုကြောင့် စစ်ဘေးစရှောင်တဲ့ ၂၀၂၁ ခုနှစ် မေလတည်းကစလို့ ယနေ့အချိန်ထိပင် စစ်ဘေးရှောင်အများစုက ရာသီတုပ်ကွေးရောဂါဝေဒနာကို အလူးအလဲ ခံစားကြရပါတယ်။

ကျန်းမာရေးကောင်းတဲ့သာမန်လူ လူတယောက်ကတောင် စစ်ရှောင်ပြီးနောက်ပိုင်း ရောဂါဝေဒနာ တခုမဟုတ်တခု ခံစားလာကြရပါတယ်။ ရာသီအလိုက်ဖြစ်တတ်တဲ့ ရာသီတုပ်ကွေးအပြင် သွေးတိုး၊ လေဖြန်း၊ ကင်ဆာ၊ ဆီးချို၊ သွေးချို၊ ဆီးကျောက်တည်၊ အစာအိမ်၊ အဆုတ်ရောင် ၊ နှလုံးသွေးကြောကျဥ်း စတဲ့ရောဂါတွေကို စစ်ဘေးရှောင်တွေကြား ခံစားနေကြရတာကိုတွေ့လာရပါတယ် ။ ဒါ့အပြင် စိတ်ကျရောဂါကို စစ်ရှောင်တိုင်း လိုလိုက ခံစားနေရတာဖြစ်ပါတယ်။

ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းမှာ ဆေးဆိုင်ဖွင့်ထားတဲ့ ကျန်းမာရေးဆရာမတဦးက သွေးတိုး၊ ဆီးချို၊ သွေးချို ရောဂါဆိုင်ရာဆေး၀ါး အရောင်းရဆုံးဖြစ်တယ်လို့ ပြောပါတယ်။ ဒါကိုကြည့်ချင်းအားဖြင့် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင် အပါအ၀င် ဒေသခံ လူထုတွေမှာ သွေးတိုး၊ ဆီးချို၊သွေးချို ရောဂါ အများဆုံးခံစားနေရတာကို သိနိုင်ပါတယ်။

“အများဆုံးသုံးတာကကျတော့ အားဆေးတွေ  ဆီးချို၊ သွေးတိုး ။ အထူးသဖြင့် သွေးတိုး။ သွေးတိုးတွေက အသုံးများတယ်။ လာ၀ယ်သမား များတယ်ပေါ့နော” လို့ ဆေးဆိုင်ဖွင့်ထားတဲ့ ကျန်းမာရေး ဆရာမတဦးကပြောပါတယ်။

ဆီးချို၊ သွေးချို၊ သွေးတိုး ရောဂါကို နာတာရှည်ရောဂါဖြစ်တဲ့ အတိုင်းအဆအလျောက် ဆေး၀ါးကို ပုံမှန် မှီ၀ဲသုံးစွဲရတာဖြစ်ပါတယ်။ အာဏာသိမ်းမှုကြောင့် ခေတ်ပျက်နေတဲ့ မြန်မာနိုင်ငံထဲမှာ အမြဲလိုလို စစ်ရေးအခြေအနေ တင်းမာနေတဲ့ ကရင်နီပြည်နယ်က ပြည်သူတွေအတွက် ဆေး၀ါးရရှိမှုက အလွန်အင်မတန်မှ ခက်ခဲလာပါတယ်။ ဒီလိုခက်ခဲတဲ့အခြေနေကြောင့် ဆေး၀ါး စွဲစွဲမြဲမြဲ မသောက်သုံးနိုင်သူတွေ ရှိနေပါတယ်။

လွိုင်ကော်မြို့သိမ်းတိုက်ပွဲ မဖြစ်ခင်က လွိုင်ကော်ကို အမှီပြုပြီး ဆေး၀ါး၀ယ်ယူကြခဲ့တာဖြစ်ပြီး မြို့သိမ်းတိုက်ပွဲကြောင့် တခြားနယ်မှတဆင့် ဆေး၀ါး၀ယ်ယူရပါတယ်။ အခြေခံဆေး၀ါးလောက်တော့ ၀ယ်ယူရလွယ်ကူပေမဲ့ ကင်ဆာ၊ အဆုတ် စသည်ဖြင့် ကြီးမားတဲ့ရောဂါအတွက်ဆေးကို ကရင်နီမှာရဖို့ အလွန်အင်မတန်ခက်ပါတယ်။

ဒီးမော့ဆို အနောက်ခြမ်းမှာ စစ်ဘေးရှောင်နေတဲ့ စစ်ရှောင် အမျိုးသမီးတဦးက ရင်သားကင်ဆာရောဂါဝေဒနာ ခံစားနေရလို့ သူမကိုထိုးဆေး ၁၂ စုံ ထိုးဖို့ဆရာ၀န်က ညွှန်ကြားလိုက်ပါတယ်။ ထိုးဆေးတစုံကို ၅သိန်းခွဲ ပေး၀ယ်ရတယ်လို့ သူမကပြောပါတယ်။

” ဆေးကပျှမ်းမျှအားဖြင့် ဒီလေးလုံးကို ၀ယ်လိုက်တဲ့ အချိန်မှာ သိန်း ၂၀ ကျော်သွားတယ်။ ဒီကင်ဆာဆေးပဲပေါ့။ ဒါမဲ့ ဆေးစစ်နေတဲ့ချိန်မှာ စီ ပိုးကလည်းထပ်ပေါ်လာတော့ စီ ပိုးအတွက်လည်း ထပ်၀ယ်ရတယ်။ စီပိုးအတွက် ၃ လသောက်ရမယ် ဆရာ၀န်ကပြောတော့ ၃ လစာကို ဆေးက ၃ ဘူး၀ယ်ရတယ်။ တဘူးကို ၂ သိန်းခွဲဆိုတော့ ၃ ဘူးကို ၇သိန်းခွဲပြန်ကျတယ်” လို့ သူမကပြောပါတယ်။

ဆေး၀ါးကို စစ်ကောင်စီတပ်သားအထိုင်ကျတဲ့ ဂိတ်မှတဆင့် ဖြတ်သန်းသယ်ယူရတာပါ။ စစ်ကောင်စီက ဆေး၀ါး၊ ဆန်၊ စက်သုံးဆီ တင်သွင်းခြင်းကို တင်းတင်းကြပ်ကြပ် တားမြစ်ထားတာဖြစ်လို့ ဆေး၀ါးသယ်ယူဖို့ခက်ခဲသလို အချိန်အတန်ကြာပါတယ်။ ကင်ဆာ ရောဂါအတွက် ကုသဆေး၀ါးကို တခါမှာယူရင် တလ ကြာတတ်လို့ ဆေးအချိန်မီ မထိုးနိုင်ပဲ နောက်ကျမှ ဆေးထိုးရတဲ့ချိန်လည်းရှိတယ်လို့ ကင်ဆာရောဂါခံစားရတဲ့ ၎င်းအမျိုးသမီးက ပြောပါတယ်။

ဒီလိုကာလမှာ ဝင်ငွေမရှိတော့တဲ့ သူမအဖို့ ကင်ဆာပိုးသတ်ဆေး ၁၂ စုံ ထိုးရမဲ့ထဲက ပထမ ၄ စုံကိုတောင် ခြံကွက်ပေါင်ပြီး ၀ယ်ယူရတယ်လို့ သူမကဆက်ပြောပါတယ်။

“ဒီအချိန်က တအားခက်ခဲတော့ မ၀ယ်နိုင်ဘူးပေါ့နော အစက။ ဒါမဲ့ချေးပြီးတော့ လုပ်ရတယ်။ ချေးပြီးတော့ တစုံဆိုလည်းတစုံ နှစ်စုံဆိုလည်း နှစ်စုံ ၀ယ်လို့ရတယ် ဆရာကပြောတော့ ကိုယ်က လေးစုံစာတော့ ၀ယ်ထားလိုက်တယ်ပေါ့။ လေးစုံ စာကလည်း၀ယ်နိုင်လို့ ၀ယ်တာမဟုတ်ဘူးပေါ့နော။ ကိုယ်မမြင်ရတဲ့ အဝေးက ကိုယ့်ရဲ့ ခြံတွေကိုပေါင်ပြီးတော့ ဆေးကို၀ယ်နေရတယ်ပေါ့” လို့ သူမက ဆက်ပြောပါတယ်။

ကရင်နီမှာ သူမလိုပဲ ဆေး၀ါးရဖို့ ခက်ခဲတဲ့ကြားက ရတဲ့နည်းနဲ့ ငွေချေးယူရင်း ဆေးကုသနေရသူတွေဟာ စစ်ရှောင်တွေသာမက ကျေးရွာဒေသခံတွေထဲမှာလည်း ဒုနဲ့ဒေး ရှိနေဆဲပါ။

အချိန်ပြည့် စား၀တ်နေရေးအတွက်ပူပန်မှုနဲ့ အချိန်ကုန်နေရတဲ့ စစ်ဘေးဒုက္ခသည်တွေမှာ ကျန်းမာရေး အတွက် အပူထပ်ဆင့်တိုးနေပါတယ်။ ပူပင်မှုတိုင်းရဲ့ အရင်းမြစ်က ၀င်ငွေမရှိပဲ ထွက်ငွေသာရှိနေခြင်းပါပဲ။ ဘယ်အရာမဆို ငွေနဲ့ဖြေရှင်းနေကြတဲ့ ခေတ်မှာ ၀င်ငွေမရှိတော့တဲ့ CDM အစိုးရ၀န်ထမ်းတွေ အခြေခံ လူတန်းစားတွေကလည်း ကရင်နီ စစ်ဘေးရှောင်ရဲ့ ၃ပုံ ၂ပုံ မကရှိနေပါတယ်။

ဆေးကုဖို့ ငွေကြေးချေးယူကြပေမဲ့ ကရင်နီ တောင်ပေါ်ဒေသတိုင်းမှာ  ခေတ်မီ နည်းပညာနဲ့ပြုလုပ်ထားတဲ့ ကျန်းမာရေးသုံး စက်ပစ္စည်းတွေလည်းမရှိလို့ အဆင်ပြေတဲ့ နည်းနဲ့သာ ကုသကြရပါတယ်။

ဒီးမော့ဆို အနောက်ဖက်ခြမ်းရှိ စစ်ဘေးရှောင်အမျိုးသားတဦးက လည်ချောင်းကင်ဆာကြောင့် ခွဲစိတ်ကုသမှု ပြုလုပ်ဖို့လိုအပ်ပေမဲ့ ခွဲစိတ်စရိတ်တခုတည်းကတောင် သိန်းရာကျော်ကုန်မယ် ဆိုတာကြောင့် မခွဲစိတ်ဘဲ တတ်နိုင်တဲ့နည်းနဲ့ သာကုသမှုခံယူခဲ့ရာ ရောဂါနောက်ဆက်တွဲဝေဒနာကြောင့် အသက်သေဆုံးခဲ့ရပါတယ်။

ခွဲစိတ်ကုသဖို့အတွက် တနယ်တခြားသွားရမှာဖြစ်ပြီး စားစရိတ် နေထိုင်စရိတ်၊ ခရီးစရိတ် ၊ ဆေး၀ါးစရိတ် ၊ ကုသစရိတ် စသည်ဖြင့် တိုလီမုတ်စ ကအစကုန်ကျစရိတ်များလို့ မိမိဒေသမှာ ရတဲ့ နည်းနဲ့သာကုသရင်း အသက်ရှင်အောင်ရရာနည်းနဲ့ ချေးငှားနေထိုင်ကြရပါတယ်။

ဒါ့ကြောင့်လည်း ကရင်နီပြည်၊ ဒီးမော့ဆို အနောက်ဖက်ခြမ်းမှာတင် ဆေး၀ါးရရှိမှု၊ ကုသမှု၊ ငွေကြေး အခက်အခဲကြောင့် ရောဂါရဲ့ နောက်ဆက်တွဲ ပြဿနာကိုခုခံနိုင်စွမ်းမရှိတော့ရာမှ သေဆုံးသွားသူတွေ ရှိလာတယ်လို့ ကရင်နီဆေးရုံတခုမှာ တာ၀န်ထမ်းဆောင်နေတဲ့ ဒေါက်တာစိုးရန်နိုင်က ပြောပါတယ်။

“ဒီဖက်မှာတော့ ဆီးချိုသွေးချိုနဲ့ ပတ်သတ်ပြီးတော့ အဲလိုမျိုးတွေတော့ ကြုံဖူးတယ်ဗျ။ သိပ်အများကြီးတော့ မကြုံဖူးသေးဘူး။ သုံးလေးငါးယောက်တော့ ကြုံဖူးပြီ။ ဒီရောဂါကြောင့် အသက်ဆုံးပါး သွားရတာမျိုးတော့ မဟုတ်ပေမဲ့ ဒီရောဂါရဲ့ နောက်ဆက်တွဲပိုပို ဆိုးလာတဲ့အခြေနေမျိုးမှာ ဥပမာအားဖြင့် ကိုမာ၀င်သွားတာမျိုးပေါ့နော။ ဆီးချို သွေးချို မှတဆင့် ထပ်ပြီးဆိုးသွားတဲ့ ရောဂါမျိုးကြောင့် အသက်ဆုံးရှုံးသွားတာမျိုးတွေတော့ ကျနော်တို့ကြုံဖူးတယ်” လို့ ဒေါက်တာစိုးရန်နိုင်ကပြောပါတယ်။

ဒီးမော့ဆို အနောက်ခြမ်းမှာ စစ်ရှောင်နေတဲ့ စစ်ဘေးရှောင်အမျိုးသားတဦးကလည်း ဆီးချို၊ သွေးချိုရောဂါ ခံစားရပြီး ခြေဖြတ်လိုက်ရပါတယ်။ တနယ်တခြားကို ဆေးကုဖို့သွားခဲ့ပေမဲ့ သူနေထိုင်တဲ့ စစ်ရှောင်စခန်းကို ပြန်ရောက်တဲ့အခါ နောက်ထပ် ခြေတဖက်ကိုဖြတ်ဖို့ ဆရာ၀န်က ညွှန်ကြားလိုက်ပါတယ်။ မိသားစု၀င်က ဆေးကုစရိတ်အတွက် ငွေချေးခဲ့ပေမဲ့လည်း ၎င်းအမျိုးသားက သေဆုံးသွားခဲ့ပါတယ်။

ရောဂါကိုခံနိုင်ရည်ရှိခဲ့ရင်တောင်မှ ငွေကြေးအဆင်မပြေမှုကြောင့် စိတ်ဓာတ်ကျပြီး သေဆုံးသွားတဲ့ဖြစ်စဥ်တခုပါ။ ဒီလိုဖြစ်စဥ်မျိုးတွေက ကရင်နီပြည်နယ် ဒီးမော့ဆို အနောက်ဖက်ခြမ်းမှာတင် တော်တော်များများ ဖြစ်နေတာကို  မျက်မြင်တွေ့ရှိနေရပါတယ်။

spot_img
spot_img