spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ရေးအရ အရေးပါတဲ့ မိုးဗြဲမြို့ကို စစ်ကောင်စီထိန်းချုပ်ဖို့ ကြိုးစားနေ

မိုးဗြဲမြို့မြင်ကွင်း။(ဓါတ်ပုံ – Google)

ကန္တာရဝတီတိုင်း(မ်)

မိုးဗြဲမြို့ဟာ ကရင်နီပြည်နဲ့ ရှမ်းပြည်နယ်နယ်နိမိတ်ချင်း ထိစပ်နေတဲ့ လွိုင်ကော်- ဖယ်ခုံသွားလမ်းမကြီးပေါ်မှာတည်ရှိပြီး စစ်ကောင်စီရဲ့ ရိက္ခာလမ်းကြောင်း၊ လက်နက်ခဲယမ်းပို့ဆောင်တဲ့ အဓိက လမ်းမကြီးတစ်ခုဖြစ်တာကြောင့် စစ်ကောင်စီဟာ မိုးဗြဲမြို့ကို အပြည့်အဝထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာဖြစ်တယ်လို့ ကရင်နီပြည်အစိုးရ ကာကွယ်ရေးဒုဝန်ကြီး ခူဒယ်နီယာယ်က ပြောပါတယ်။

“အဓိက ရည်ရွယ်ချက်ကတော့ ခုနကပြောတဲ့လမ်းမကြီး ပြည်ထောင်စုလမ်းမကြီးကို သူထိန်းချုပ်နိုင်ဖို့ပဲ။ တကယ်လို့သာ အဲ့လမ်းမကြီးကို သူမထိန်းနိုင်တော့ဘူးဆိုရင် ကရင်နီပြည်မှာရှိတဲ့တပ်တွေအားလုံးအတွက်က သူတို့ ရိက္ခာလမ်းကြောင်းမရှိတော့ဘူး။ လက်နက်ခဲယမ်းတွေမပို့နိုင်တော့ဘူး အဲဒါကို မရရအောင် ထိန်းနိုင်ခြေရှိတယ်။” လို့ ခူဒယ်နီယာယ်က ပြောပါတယ်။

စစ်ရေးအရ အရေးပါပြီး တိုက်ပွဲမကြာခဏပြင်းထန်စွာဖြစ်ပွားနေတဲ့ မိုးဗြဲမြို့ကို စစ်ကောင်စီက လက်နက်ကြီးပစ်ကူအမြောက်အများသုံးပြီး တိုက်ခိုက်နေတာကြောင့် စက်တင်ဘာလအတွင်း အရပ်သားသေဆုံးမှု၊ နေအိမ်ပျက်စီးမှု၊ ထိတွေ့တိုက်ပွဲအတွင်း နှစ်ဖက်အကျအဆုံးရှိနေပါတယ်။

လက်နက်ကြီးထိမှန်မှုကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သားပြည်သူများ။ (ဓါတ်ပုံ – Mobye Rescue Team)

စက်တင်ဘာလ ၈ရက်နေ့မှာ ဝါရီဆူးပလိုင်ကျေးရွာကနေ မိုးဗြဲမြို့တွင်းကို အင်အား ( ၁၀၀ ) ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာပါ။
တိုက်ပွဲစတင်ပြီး ၅ရက်မြောက်နေ့အထိ စစ်ကောင်စီတပ်ဘက်က အဲ့ဒီတိုက်ပွဲအတွင်း (၆၀)ဝန်းကျင်သေဆုံးခဲ့တယ်လို့ ပူးပေါင်းတပ်ဖွဲ့တွေက ထုတ်ပြန်ထားကြပါတယ်။

ပြင်းထန်ခဲ့တဲ့ မိုးဗြဲတိုက်ပွဲအတွင်း စစ်ကောင်စီဖက်က လွိုင်ကော်၊ မိုးဗြဲအမြောက်တပ်ကနေ လက်နက်ကြီးပစ်ကူအပြင် လေကြောင်းပစ်ကူ ၁၅ကြိမ်ခန့် ပြုလုပ်ခဲ့တာကြောင့် အရပ်သားနေအိမ် ၁၀၀ ဝန်းကျင် ပျက်စီးခဲ့ရပါသေးတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရတဲ့ နေအိမ်။ (ဓါတ်ပုံ – PKPF)

လူဦးရေ နှစ်သောင်းကျော်နေထိုင်တဲ့ မိုးဗြဲမြို့မှာ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ ဒေသခံ ၅ထောင်ကျော်ရှိနေပြီး မြို့တွင်းပိတ်မိတဲ့ အရပ်သားပြည်သူ(၁၀၀)ခန့်ကိုလည်း စစ်ကောင်စီက လူသားဒိုင်းအဖြစ် အသုံးပြုနေပြီး တချို့ကိုပြန်လွှတ်လိုက်ပြီဆိုပေမယ့် ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်တယ်လို့ သိရပါတယ်။

၅ရက်ကြာတိုက်ပွဲဖြစ်ပွားပြီး အကျအဆုံးများတဲ့ စစ်ကောင်စီတပ်ဆုတ်ပြီးနောက် တစ်ပတ်အကြာ စစ်ကောင်စီက စက်တင်ဘာလ ၁၉ရက်နေ့ မနက်စောပိုင်းမှာ တာဝေးပစ်လက်နက်ကြီးပစ်ခတ်ပြီး စစ်ကြောင်းနှစ်ကြောင်းနဲ့ မိုးဗြဲမြို့ကို ဝင်ရောက်ခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့နဲ့ တစ်ကျော့ပြန် ထိတွေ့မှုဖြစ်ပွားခဲ့ပါတယ်။

ဒီကနေ့ စက်တင်ဘာလ ၂၃ရက်နေ့ မနက်ပိုင်းကစပြီး စစ်ကောင်စီဖက်က လက်နက်ကြီးပစ်ခတ်မှုတွေ လုပ်ဆောင်နေတယ်လို့ KNDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“မိုးဗြဲအခြေအနေက ဒီမနက်အစောကြီးကတည်းက တိုက်ပွဲပြင်းထန်နေတယ်ပေါ့နော။ ကျနော်တို့ပြောနိုင်တာက ဒီလောက်ပဲပေါ့။ မနက်အစောကြီးကတည်းကနေ လက်နက်ကြီးတွေနဲ့တောက်လျှောက် အတွဲလိုက်ပစ်တဲ့ဒုံးတွေနဲ့ကော ပစ်နေတယ်လို့ပြောတယ်။” လို့ KNDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

တစ်ကျော့ပြန် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေဟာ မိုးဗြဲမြို့ စက်တော်ရာတောင်ပေါ်မှာတပ်စွဲထားပြီး ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက မိုးဗြဲမြို့ကို ပြန်လည်ရရှိဖို့ ခုခံတိုက်ခိုက်နေဆဲလို့ ဆိုပါတယ်။

မိုးဗြဲမြို့ဟာ လွိုင်ကော်- ဖယ်ခုံ- ဒီးမော့ဆို သွားတဲ့အဓိကကျတဲ့ ဆက်သွယ်ရေးလမ်းကြောင်းဖြစ်ပြီး မကြာခဏတိုက်ပွဲဖြစ်ပွားနေတာကြောင့် စစ်ကောင်စီတပ်တွေကသာ မိုးဗြဲမြို့ကို ထိန်းချုပ်နိုင်ခဲ့မယ်ဆိုရင် စစ်ရှောင်လူထုအတွက် စားနပ်ရိက္ခာလမ်းကြောင်း ပိုကြပ်တည်းသွားနိုင်တာကြောင့် စိုးရိမ်ရတဲ့အခြေအနေတစ်ခုမှာရှိနေတယ်လို့ KSCC ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တာဝန်ခံ ဆရာဗညားက သုံးသပ်ပြောဆိုပါတယ်။

“မိုးဗြဲတိုက်ပွဲတွေကနေ နောက်ထပ် စစ်ကောင်စီကနေ မိုးဗြဲကိုထိန်းချုပ်လိုက်မယ်ဆိုရင်တော့ ကျနော်တို့လူထုတွေအတွက် အဓိက စားနပ်ရိက္ခာလမ်းကြောင်းတွေက ပိုပြီးကြပ်တည်းသွားမယ်။ စစ်ဘေးရှောင်တွေအတွက် လိုအပ်တဲ့စားနပ်ရိက္ခာဆိုင်ရာအကူအညီတွေကို ကျနော်တို့အရပ်ဖက်အဖွဲ့အစည်းမကဘူး လုပ်ရှားပေးနေတဲ့တချို့ UN အေဂျင်စီ ကိုယ်၌တောင်မှ ဆက်ပြီးတော့ လူသားချင်းစာနာထောက်ထားမှုအကူအညီကို ကူပေးဖို့ တော်တော်ခက်သွားနိုင်ပါတယ်။ အဲ့ဒီဟာက စိုးရိမ်ဆုံးအခြေအနေတစ်ခုမှာရှိတယ်။” လို့ KSCC ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တာဝန်ခံ ဆရာဗညားက သုံးသပ်ပြောဆိုပါတယ်။

စက်တင်ဘာလ ၂၂ရက်နေ့ မိုးဗြဲ PDF ထုတ်ပြန်ချက်အရ လွိုင်ကော်အမြောက်တပ်ကနေ ပစ်ခတ်လာတဲ့ ၁၂၀မမလက်နက်ကြီး နှစ်ချက်မှာ မိုးဗြဲစက်တော်ရာတောင်ပေါ်မှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်နေရာကို ကျရောက်ခဲ့ပြီး ထိခိုက်သေဆုံးမှုရှိတာကို အတည်ပြုနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပူးပေါင်းတပ်ဖွဲ့ရဲ့ စနိုက်ဘာပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီလက်နက်ခဲယမ်းများ ပူးပေါင်းတပ်ဖွဲ့ သိမ်းဆည်းမိ။(ဓါတ်ပုံ – KNDF)

မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းတပ်ဖွဲ့အကြား စစ်ရေးအခြေအနေတင်းမာလျက်ရှိနေပြီး စစ်ကောင်စီတပ်မဆုတ်သေးသ၍ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားနိုင်တာကြောင့် လူထုအနေနဲ့ လုံခြုံစိတ်ချရတဲ့နေရာမှာ နေထိုင်ပေးကြဖို့နဲ့ ခရီးသွားပြည်သူအနေနဲ့ မိုးဗြဲလမ်းကို အသုံးမပြုကြသေးဖို့ ကာကွယ်ရေးတပ်ဖွဲ့တွေက အသိပေးထားပါတယ်။

မိုးဗြဲမြို့တိုက်ပွဲအတွင်း မိုးဗြဲ PDF၊ ဖယ်ခုံ PDF၊ ကရင်နီတပ်မတော် (KA)၊KNDF၊ လွိုင်ကော် PDF၊ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့၊ DM)-PDF၊ နေပြည်တော် PDF၊ KGZ၊ URF ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီနယ်မြေခံတပ်ရင်း၊ တပ်မ ၆၆ နဲ့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ပူးပေါင်းတပ်ဖွဲ့ထံကနေ သိရပါတယ်။

spot_img
spot_img