spot_imgspot_imgspot_imgspot_img
Saturday, June 22, 2024
spot_imgspot_imgspot_imgspot_img

စစ်ရှောင်စခန်းက တတိယအရွယ်တွေရဲ့ အိမ်လွမ်းစိတ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

စစ်ရှောင်စခန်းလို့ ဆိုလိုက်ရင် တောတောင်ကြား၊ သစ်ပင်အောက်တွေမှာ အပြာရောင်၊ အစိမ်းရောင် မိုးကာလေးတွေနဲ့ တဲအိမ်တွေ စီစီရီရီ ကာရံထားတဲ့နေရာလို့ ဆိုနိုင်ပါတယ်။ စစ်ဒဏ်ကြောင့် ထွက်ပြေးလာတဲ့ လူတွေထဲမှာ အမျိုးသမီးတွေနဲ့ ကလေးငယ်လေးတွေအများစုဖြစ်ပေမဲ့လည်း အဲဒီအထဲမှာ ကျန်ရှိနေတဲ့ဘ၀ကို စစ်ရှောင်စခန်းမှာပဲ ဖြတ်သန်းရမလိုဖြစ်နေတဲ့ သက်ကြီးရွယ်အိုတွေလည်း ပါပါတယ်။

သူတို့ဟာ စစ်ရှောင်နေရာမှာ မိသားစုတွေနဲ့အတူ နေထိုင်နေကြတဲ့သူတွေရှိသလို၊ တကိုယ်တည်း စစ်ရှောင်နေရတဲ့သူတွေလည်း ရှိနေပါတယ်။ အသက် ၇၀ နီးပါးရှိနေပြီးဖြစ်တဲ့ ဒေါ်တီမိုဟာ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း၊ လွိုင်နန်းဖ စစ်ရှောင်စခန်းဖက်မှာ စစ်ရှောင်နေသူတဦးဖြစ်ပါတယ်။

သူဟာ စစ်ရှာင်စခန်းငါးနေရာလောက်ကို တခုပြီးတခု ပြောင်းလဲနေထိုင်နေရပြီး တကိုယ်တည်းစစ်ရှာင်နေရသူဖြစ်ပါတယ်။

“ပတ်ဝန်းကျင်မှာ ဘယ်သူ့မှ မရှိဘူး။ ကိုယ့်ကိုပဲ ဂရုစိုက်နေတာ။ ရေချိုးဖို့ဆို ရေနွေးတည်ထားတယ်။ နောက် မိုးအုံ့ဆိုလည်း မချိုးရဲဘူး။ အစားအသောက်ဖက်မှာလည်း ကိုယ့်ကိုယ်ကို ဆင်ခြင်နေရတယ်။ ဘာဖြစ်လဲဆိုတော့ ကိုယ်တယောက်တည်းပဲကော။“ လို့ အသက် ၇၀ ရှိပြီဖြစ်တဲ့ ဒေါ်တီမို ကပြောပါတယ်။

ဒေါ်တီမို ရဲ့ ဇာတိကတော့ ဒီးမော့ဆိုမြို့ ၊ ဒေါပေါ်ကူးအုပ်စုက ဖြစ်ပြီး အာဏာသိမ်းပြီးနောက် တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ စစ်ရှောင်နေရတာ နှစ်နှစ်ကျော်ရှိနေပါပြီ။
သားသမီး၊ မိသားစုမရှိသလို မွေးချင်းမောင်နှမသုံးဦးရှိပေမဲ့ တကွဲတပြားစီဖြစ်နေတာပါ။ အဲ့ဒီအတွက် စစ်ရှောင်တဲ့နေရာမှာ ကိုယ့်ကိုယ်ကိုပဲ ဂရုစိုက်နေရတယ်လို့ ဆိုပါတယ်။

စစ်ရှောင်တဲအိမ်လေးမှာထိုင်ပြီး အနားယူနေသူ ဒေါ်တီမို။
ကရင်နီပြည်ရဲ့ စစ်ရှောင်နေရာတွေက စစ်ရှောင်သက်ကြီးရွယ်အိုတွေရဲ့ ပုံရိပ်။
ကရင်နီပြည်ရဲ့ စစ်ရှောင်နေရာတွေက စစ်ရှောင်သက်ကြီးရွယ်အိုတွေရဲ့ ပုံရိပ်။

ကရင်နီပြည်က စစ်ရှောင်နေရာတွေထဲ စစ်ရှောင်ဦးရေ ၁၀၀ ဦးမှာဆိုရင် ၁၅ ဦးဟာ အသက် ၆၀ အထက် သက်ကြီးရွယ်အိုတွေ ဖြစ်ကြတယ်လို့ မြေပြင်က စစ်ရှောင်ကူညီသူတချို့နဲ့ အဖွဲ့အစည်းတချို့ က ခန့်မှန်းကြပါတယ်။ လက်ရှိအချိန်ထိ ကရင်နီပြည်မှာဆိုရင် စစ်ရှောင်ဦးရေ ၂ သိန်းခွဲရှိနေပါတယ်။

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံသန်းခေါင်စာရင်းအရ ကရင်နီ(ကယား) ပြည်နယ်မှာ အသက် ၆၀နဲ့ အထက် သက်ကြီးရွယ်အို ကိုးထောင်ကျော်ရှိတယ်လို့ ဖော်ပြထားပါတယ်။

သက်ကြီးရွယ်အိုတွေမှာဆိုရင် သက်ကြီးရောဂါ၊ နာတာရှည်ရောဂါခံစားနေရတဲ့ သူတွေအများစုရှိပြီး၊ စစ်ရှောင်တဲတွေမှာ နေနေရတဲ့အတွက် ပိုမိုခက်ခဲပင်ပန်းစွာ ဖြတ်သန်းနေရပါတယ်။
ဒေါ်တီမိုမှာ သိသာထင်ရှားတဲ့ရောဂါတခုဖြစ်တဲ့ လည်ပင်းကြီးရောဂါရှိနေသလို ၊ အစာအိမ်ရောဂါအခံနဲ့ သွေးတိုးရောဂါ စတာတွေကို ခံစားနေရတဲ့သူတဦးဖြစ်ပါတယ်။

ဒီရောဂါဝေဒနာတွေကို ခံစားလာတာ အနှစ်(၃၀)နီးပါးရှိနေပါပြီ။ အစားအသောက်ဖက်မှာ ဂရုစိုက်ရသလို ၊ ဆေးဖိုးဝါးခတွေအတွက်လည်း ကိုယ်တိုင်ရှာဖွေနေရတယ်လို့ ဆိုပါတယ်။
စစ်ရှောင်တဲအိမ်လေးထဲ တယောက်တည်း နေနေရတာဖြစ်တဲ့အတွက် ရုတ်တရက် နေမကောင်းဖြစ်တာ တွေဆိုရင် အခက်ခဲရှိတယ်လို့ သူကဆိုပါတယ်။

အစာအိမ်ရောဂါရှိတဲ့အတွက် ညအချိန် ထဖောက်တာတွေ၊ ဆေးခန်းသွားရတာတွေ၊ ညအချိန်ဖြစ်တဲ့အတွက် ဆေးဆရာတွေကို သွားနှိုးရတာတွေ စတဲ့ အခက်ခဲတွေ ရှိတယ်လို့ သူကပြောပြလာပါတယ်။

“ နေမကောင်းတဲ့အချိန် တယောက်တည်းပဲနေတယ်ကော။ တခါတလေ ခေါင်းမူးတယ်။ သွေးတိုးရှိတယ်။ တခါတလေ အစာအိမ်ဖောက်သေးတယ် အဲ့လိုမျိုး။ ဆေးတော့ အမြဲဝယ်သောက်ရတယ်။ အမြဲဆောင်ထားတာပေါ့။ အခုတလောတော့ ဆေးရုံ၊ ဆေးခန်းတွေ ပိတ်သွားတော့ အပြင်မှာဝယ်ရတယ်လေ။ သွေးတိုးဆေးတွေ တလုံး၊ တလုံး သောက်ခဲ့တယ်။ အခုတလောကျတော့ မနိုင်တော့ဘူး တခြမ်းပဲ။ တခြမ်းနဲ့ ဆိုတော့ သူ အဆင်ပြေပါတယ်။“ လို့ ဒေါ်တီမိုက ပြောပါတယ်။

စစ်ရှောင်ကာလ မတိုင်ခင်ကဆိုရင် ဒေါ်တီမိုဟာ အကြော်ရောင်းပြီး စားဝတ်နေရေး ဖြေရှင်းနေတဲ့ သူဖြစ်ပါတယ်။ လက်ရှိကာလမှာ စစ်ရှောင်ထောက်ပံ့ကူညီမှုတွေ နည်းလာပြီး ဒေါ်တီမိုကတော့ စားဝတ်နေရေးအတွက် အကြော်နည်းနည်းပါးပါး ရောင်းပြီး ဆေးဖိုး နဲ့ စားသောက်ဖို့အတွက် ဝင်ငွေရှာနေရပါတယ်။

သို့သော် ဆီဈေး၊ ကုန်ဈေးတွေကြီးတဲ့အတွက်လည်း အများကြီးမလုပ်နိုင်ဘူးလို့ ဆိုပါတယ်။ စစ်ရှောင်အချင်းချင်းဖြစ်တဲ့အတွက်လည်း အကြော်ဝယ်ယူအားပေးနိုင်သူတွေကလည်း မများဘူးလို့ ဆိုပါတယ်။

တခြားသော စစ်ရှောင်စခန်းတခုမှာ နှစ်နှစ်ကျော်ကြာစစ်ရှောင်နေပြီဖြစ်တဲ့ အသက် ၈၄ နှစ်အရွယ် ဦးအန်တိုလိနို ကတော့ ချွေးမဖြစ်သူ မိသားစုနဲ့အတူ နေထိုင်နေပါတယ်။ သူကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ကျော်လောက်က တောထဲသွားရင်း မြေမြုပ်မိုင်းနင်းမိတဲ့အတွက် ဘယ်ခြေထောက်တဖက် ဆုံးရှုံးထားရတဲ့သူဖြစ်ပါတယ်။

ဦးအန်တိုလိနိုကတော့ စစ်ရှောင်တဲအိမ်လေးမှာပဲ မနက်၊ ည အချိန်တွေကို ဖြတ်သန်းနေပြီး တခြားနေရာ၊ တခြားစစ်ရှောင်အိမ်တွေဆီ သွားလည်ပတ်တာမျိုးလည်း မရှိပါဘူး။ နေ့ရက်တိုင်းကို ခက်ခဲလှတဲ့ စစ်ရှောင်ဘဝနဲ့ ငြီးငွေ့စရာဖြတ်ကျော်နေရတယ်ဆိုတာကို သူအခုလို ပြောပြလာပါတယ်။

“ ထမင်းက မနက်တခါ၊ ညတခါပဲစားတယ် နေ့လည်စာမစားဘူး။ မစားချင်ဘူး ဒီလိုပဲ နေတာကို ထမင်းစားတာ ဘာလို့စားရမှာပါလိမ့်။ အလုပ်လည်း ဘာမှမလုပ်နိုင်ဘူး။ အားအားနေ ထမင်းစားဆိုတော့ ကလေးလည်း မဟုတ်တော့ဘူး။“ လို့ ဦးအန်တိုလိနို ကပြောပါတယ်။

စစ်မရှောင်ခင်ကာလမှာတော့ ဦးအန်တိုလိနို တယောက် တခြားနေရာမှာ သွားရောက်လည်ပတ်တာတွေရှိသလို၊ အိမ်မှာနေရင်း ကလေးငယ်တွေအတွက် ကစားစရာကို သစ်သားတွေနဲ့ ပြုလုပ်ပေးတာတွေ၊ ဝါးနဲ့ ပြုလုပ်လို့ရတဲ့ လက်လုပ်ပစ္စည်း ပြုလုပ်တာတွေ ရှိခဲ့ပါတယ်။

သို့ပေမဲ့ လက်ရှိ စစ်ရှောင်နေရာမှာတော့ လုပ်ကိုင်စရာဘာမှ မရှိတော့သလို၊ ဆွေမျိုးတွေရှိပေမဲ့ တခြားသောနေရာကို သွား‌ရောက်မလည်ပတ်ချင်ဘူးလို့လည်း ဆိုပါတယ်။ အရင်က အိမ်မှာနေထိုင်ခဲ့တဲ့ ပုံစံအတိုင်း လွတ်လွတ်လပ်လပ်နေထိုင်တာမျိုး မတွေ့ရတော့ပါဘူး။

ကရင်နီပြည်ရဲ့ စစ်ရှောင်နေရာတွေက စစ်ရှောင်သက်ကြီးရွယ်အိုတွေရဲ့ ပုံရိပ်။

“ချွေးမဆို သွားလည်ဖို့ ပြောတယ်။ ကျနော်ဆို မသွားချင်ဘူး။“ လို့ ဦးအန်တိုလိနိုက ပြောပါတယ်။

ချွေးမဖြစ်သူရဲ့ ပြောပြချက်အရ စစ်စတင်ရှောင်ရတဲ့ အချိန်မှာဆိုရင် ဦးအန်တိုလိနိုက သားနဲ့ချွေးမနောက်ကို မလိုက်သွားဘဲ သူ့ ရွာမှာပဲနေခဲ့တယ်လို့ ဆိုပါတယ်။

“အစကတည်းက ကျမတို့ သူ့ ဒီကိုခေါ်လာတယ်။ သူပြောတယ် မသွားချင်ဘူး ခြေထောက်လည်းမရှိဘူး။ ဒီမှာပဲ သေမယ် သူပြောတယ် (သူ့ ရွာမှာသေမယ်)။ သူမသွားဘူး။ သူ့ကို ထားခဲ့တယ်။ ကလေးအဖေ နဲ့ ကျမနဲ့ အိတ်တအိတ်နဲ့ ကလေးသုံးယောက်ပေါ့။ အဲ့ဒါ ထပ်တင်လို့မရဘူးကော ကားလည်းမရှိ ဆိုင်ကယ်နဲ့ပဲ။ သူ့ကို ထားခဲ့တယ်။ ပြီးမှ သူ့သား ပြန်လာခေါ်တယ်။“ လို့ ရွာကနေထွက်လာတဲ့အခြေအနေကို ဦးအန်တိုလိနိုရဲ့ ချွေးမဖြစ်သူက ပြောပြပါတယ်။

စစ်ရှောင်ကာလကြာလာသလို အလှူရှင်တွေအပေါ်မှာပဲ မှီခိုနေရပြီး၊ အလှူရှင်တွေ နည်းလာတဲ့အတွက်လည်း သူတို့စစ်ရှောင်မိသားစုကလည်း စားဝတ်နေရေးအခက်ခဲတွေ ရင်ဆိုင်နေရပါတယ်။
ခင်ပွန်းဖြစ်သူက တခြားနေရာမှာ တာဝန်ကျနေတာကြောင့် ချွေးမဖြစ်သူက တယောက်တည်း ကလေးနှစ်ယောက်ကို ကြည့်ရှုစောင့်ရှောက်ရ၊သက်ကြီးရွယ်အိုဖြစ်တဲ့ ယောက္ခထီးဖြစ်သူ ဦးအန်တိုလိနိုကိုလည်း ဝေယျာဝိစ္စတွေ လုပ်ဆောင်ပေးနေရပါတယ်။

“အိမ်မှာနေတာ(အရင်နေရာ) ပိုသက်သာတယ်ပေါ့နော။ ကလေးတွေ ကစားစရာလုပ်ခိုင်းတယ်။ လက်တွေ ၊ ခြေထောက်တွေ ကိုယ့်ကိုဆေးတယ်။ ဒီမှာ လာခါကျတော့ သူမပျော်ဘူးထင်တယ်။ ကိုယ့်ကိုမဆေးတော့ဘူး မျက်နှာလည်းမဆေးတော့ဘူး။ တခါတလေလည်း ကျမအားတဲ့အချိန်ပဲ ရေချိုးပေးတယ် အဲ့လိုမျိုး။“ လို့ ဦးအန်တိုလိနို နဲ့ပတ်သက်ပြီး ချွေးမဖြစ်သူကပြောပြပါတယ်။

ဦးအန်တိုလိနိုကတော့ ကျန်းမာရေးနဲ့ပတ်သက်ပြီး ရောဂါအခံတွေမရှိပေမဲ့ တကိုယ်ရည်သန့်ရှင်းရေးပိုင်းနဲ့ ပတ်သက်ပြီး ကိုယ်တိုင်လုပ်ဆောင်တာတွေ အားနည်းတယ်လို့ ဆိုပါတယ်။
ဦးအန်တိုလိနိုတို့မိသားစုကတော့ ဒီးမော့ဆိုမြို့နယ် ခြောက်မိုင်ကျေးရွာက ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာရယူလိုက်တဲ့အတွက် နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ လူမှုစီးပွား အကျိုးသက်ရောက်မှုများဟာ မြန်မာနိုင်ငံ လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်း ရှိတဲ့ (အသက် ၆၀နှစ်နဲ့အထက်) သက်ကြီးရွယ်အိုပေါင်း ၅.၅ သန်း အပေါ် မှာ အပြင်းထန်ဆုံး ထိခိုက်စေခဲ့တယ်လို့ The Livelihoods and Food Security Fund (LIFT) ကထုတ်ပြန်ထားပါတယ်။

LIFT ရဲ့ ဆန်းစစ်မှုအရ သက်ကြီးရွယ်အိုများဟာ သူတို့ဆွေမျိုးတွေရဲ့ ဝင်ငွေဆုံးရှုံးမှုကြောင့် သူတို့ကိုထောက်ပံ့မှု ပေးနိုင်တာမရှိတော့ဘဲ စားနပ်ရိက္ခာ၊ ကျန်းမာရေးစောင့်ရှောက်မှု နဲ့ အခြားအခြေခံဝန်ဆောင်မှုများ လက်လှမ်းမီ ရရှိနိုင်ရန် ဆိုးရွားတဲ့စိန်ခေါ်မှုများ ရင်ဆိုင်ကြုံတွေ့ နေရတယ်လို့ဆိုတယ်။

ဒါ့အပြင် လုံခြုံမှုမရှိခြင်း နဲ့ အကြမ်းဖက်မှုများကြောင့်လည်း စိုးရိမ်ကြောင့်ကြမှုများ မြင့်တက်နေပြီး၊ စိတ်ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုတွေလည်း ပိုမိုဆိုးရွားမြင့်တက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ စစ်ရှောင်စခန်းရှိ သက်ကြီးရွယ်အိုတချို့မှာ သွေးတိုး၊ ဆီးချို၊ နှလုံး စတဲ့ ရောဂါတွေ ခံစားနေကြရတာရှိသလို ဆေးဝါးဝယ်ယူဖို့အတွက် လမ်းပန်းဆက်သွယ်ရေးခက်ခဲသွားတာတွေ၊ ဆရာဝန်နဲ့ ပြသနေရတဲ့သူတွေဟာ စစ်ရှောင်နေရတာကြောင့် မပြသနိုင်တော့တာတွေလည်း ရှိနေပါတယ်။
ဒါ့ကြောင့် သက်ကြီးရွယ်အိုတွေမှာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ စိန်ခေါ်မှုတွေ ကြုံတွေ့ခံစားနေရတာဖြစ်ပါတယ်လို့ စစ်ရှာင်စခန်းမှာ နေထိုင်သူအချို့က ပြောတယ်။

“ တချို့စခန်းတွေမှာရှိတဲ့ နာတာရှည်ရောဂါသည်တွေအတွက်က တော်တော်လေး အခက်ခဲဖြစ်နေသေးတယ် ဆိုတဲ့ဟာကို တွေ့ရတယ်။ အထူးသဖြင့် ဆေးဝါးပိုင်းသော်လည်းကောင်း၊ တချို့ သက်ကြီးထဲမှာမှ နာတာရှည်ရောဂါ ထပ်ပြီးတော့ ခံစားရတဲ့ သူတွေဆိုရင် ဒိုင်ဘာတွေ ဘာတွေ သုံးရတဲ့ ပုဂ္ဂိုလ်တွေရှိတယ်ပေါ့နော။ အဲ့လိုမျိုးတွေ သူတို့အတွက် တကယ်လိုအပ်တဲ့ အနေအထားမျိုးတွေရှိတယ်ပေါ့နော်“ လို့ စစ်ရှောင်သက်ကြီးရွယ်အိုတွေရဲ့ လိုအပ်ချက်နဲ့ ပတ်သက်ပြီး မြေပြင်မှာ တွေ့မြင်နေရသူအမျိုးသမီးတဦး ကပြောပြသွားတာဖြစ်ပါတယ်။

သက်ကြီးရွယ်အိုတွေထဲမှာဆိုရင် စစ်ရှောင်စခန်းတွေမှာ နေထိုင်ရင်း ဆုံးပါးသွားခဲ့ရသူတွေလည်း ရှိနေပါတယ်။ သက်ကြီးရောဂါနဲ့ ဆုံးပါးရတာတွေ၊ ဆေးဝါးကုသမှု အချိန်မီမရတာတွေ နဲ့ လက်နက်သံတွေကြောင့် ထိတ်လန့်ပြီး ဆုံးပါးသွားခဲ့ရတာတွေလည်း ရှိနေပါတယ်။

၂၀၂၃ခုနှစ် ၊ ဇန်နဝါရီလ နောက်ဆုံးပတ်တုန်းက ဖရူဆိုမြို့နယ်၊ ပရေစိုးလဲ စစ်ရှောင်စခန်းမှာနေထိုင်နေပြီး ဖျားနာနေတဲ့ အသက်(၆၀)ကျော် ဦးမီရယ်ကို ကျေးရွာဆီ ခေါ်ပြန်ရင်း လမ်းမှာဆုံးပါးသွားခဲ့ရတဲ့ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။ သူကတော့ သက်ကြီးရောဂါခံစားနေရတဲ့ သူလည်းဖြစ်ပါတယ်။ အခုလို စစ်ရှောင်ရင်း ဆုံးပါးခဲ့ရတဲ့ သက်ကြီးရွယ်အိုတွေရဲ့ စာရင်းကိုတော့ အတိကျ မသိရှိရပါဘူး။

သက်ကြီးရွယ်အို ၈၃ ရာခိုင်နှုန်းမှာ မှာ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဝန်ဆောင်မှုများနဲ့ ဆေးဝါးများ ရရှိနေဆဲဖြစ်သော်လည်း၊ ၁၇ ရာခိုင်နှုန်းမှာ နိုင်ငံရေးအခြေအနေကြောင့် ပို၍ပို၍ဆိုးရွားလာတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ၂၀၂၁ ခုနှစ်ကထုတ်ပြန်တဲ့ LIFT ရဲ့ဆန်းစစ်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ရှောင် အသက် ၈၀ကျော် ဦးအန်တိုလိနို။

သက်ကြီးရွယ်အိုတွေ အများစုဟာ မိမိစားဝတ်နေရေးအတွက် ဝင်ငွေတွေမရှာဖွေနိုင်တော့သလို၊ တကိုယ်တည်း စစ်ရှောင်နေနေရတဲ့ သူတွေမှာဆိုရင် ပိုမိုခက်ခဲမှုတွေနဲ့ ဖြတ်သန်းနေရတာဖြစ်ပါတယ်။
စစ်ရှောင်ကာလအစပိုင်းမှာတော့ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ စသဖြင့် ထောက်ပံ့မှုတွေကို ဦးစားပေးအနေနဲ့ ကူညီကြတာတွေရှိခဲ့ပေမဲ့ ကာလကြာပြီးနောက်ပိုင်းမှုတော့ သီးသန့်ပံ့ပိုးတာတွေ နည်းပါးလာပါတယ်။

ဒါ့ကြောင့် စစ်ရှောင်သက်ကြီးရွယ်အိုတွေအတွက် သီးသန့်ကူညီမှုတွေ လုပ်ဆောင်ပေးနိုင်တဲ့ ပရဟိတအဖွဲ့ဖြစ်ဖြစ် ရှိဖို့လိုအပ်တယ်လို့ မြေပြင်မှာ စစ်ရှောင်တွေကို ကူညီမှုတချို့ ပံ့ပိုးပေးဖူးတဲ့ ကရင်နီလူငယ်တဦးဖြစ်တဲ့ လောရင်းရှိုင်းက သုံးသပ်ပြောဆိုပါတယ်။

“ သက်ကြီးရွယ်အိုတွေအတွက် ဆေးဝါးတွေ၊ စိတ်ပိုင်းဆိုင်ရာ အဓိက အခက်အခဲရှိတယ်ပေါ့။ ဖြစ်နိုင်မယ်ဆိုရင် ဆေးဝါးတွေဖြစ်ဖြစ်၊ အဖွဲ့အစည်းတခုမဟုတ်တောင်မှ volunteer(လုပ်အားပေး) လေးတွေ၊ လူငယ်လေးတွေ ဖြစ်ဖြစ်ပေါ့နော။ စုပေါင်းပြီးတော့မှ သက်ကြီးရွယ်အိုအတွက် တလ တခေါက်ဖြစ်ဖြစ် အိမ်တိုင်ရာရောက်လည်ပတ်တာတို့ ၊ သူတို့ရဲ့ တကိုယ်ရည် သန့်ရှင်းရေး တွေ လုပ်ပေးနိုင်မယ့် volunteer လေးတွေရှိရင်တော့ သက်ကြီးရွယ်အိုတွေအတွက် တော်တော်လေးအဆင်ပြေမယ်လို့ယုံကြည်တယ်ပေါ့နော။ “ လို့ လောရင်းရှိုင်းက ဆိုပါတယ်။

ဒါ့အပြင် သက်ကြီးရွယ်အိုတွေဟာဆိုရင် အိုးအိမ်မစွန့်ခွာချင်တာတွေ၊ စစ်မရှောင်ချင်ဘဲ ရှောင်နေရတာတွေ ရှိပြီး သူတို့တွေနဲ့ စကားပြောရင် အိမ်ပြန်ချင်တယ်ဆိုတဲ့ အကြောင်းတွေသာ တဖွဖွပြောပြလေ့ရှိတယ်လို့ လောရင်းရှိုင်းကဆက်ပြောပါတယ်။

“ ဆယ်ယောက်မှာ ကိုးယောက်လောက်က အဲ့ဒါတွေပဲ သူတို့က ပြောတယ်။ ပြီးတော့ တချို့က သူတို့ရဲ့ စတိုရီကို အများအားဖြင့် ပြောပြကြတယ်။ အဲ့ထဲမှာပေါ့နော တချို့က အိမ်ပဲပြန်ချင်တယ်။ ပြီးတော့ ဒီကာလကြီးက ဘယ်အချိန်ပြီးမလဲ ဘာညာ ကိုယ့်ကိုယ် မေးတာတွေတော့ တော်တော်များများရှိတယ်ပေါ့နော။ သူတို့ ပျော်သွားအောင် နည်းနည်းလိမ်ပေးရတာတို့ အဲ့လိုမျိုးရှိတယ်ပေါ့။ နောက်ဆိုရင် သူတို့ ငြိမ်းငြိမ်းချမ်းချမ်း ပြန်နေရပြီ အဲ့လို အားပေးစကားတွေတော့ ပြောဖြစ်တယ်ပေါ့။ “ လို့ လောရင်းရှိုင်းက ကပြောပါတယ်။

စစ်ရှောင်သက်ကြီးရွယ်အိုတွေ အများစုရဲ့ အနာဂတ်မျှော်လင့်ချက်ကတော့ တော်လှန်ရေးပြီးလို့ အိမ်ပြန်နိုင်မဲ့ တနေ့ပါပဲ။ သို့ပေမဲ့ မရေရာတဲ့ အနာဂတ်မှာတော့ အထီးကျန်ဆန်မှု၊ အိမ်လွမ်းသောကတွေနဲ့ ဘဝခရီး ဖြတ်သန်းနေရကြရဆဲပါ။

အဲ့ဒီအထဲမှာ ဒေါ်တီမို ဆိုရင်လည်း အေးအေးချမ်းချမ်း အိမ်ပြန်နိုင်မယ့် တနေ့ကိုတော့ မျှော်လင့်နေဆဲပါပဲ။

“ ဒီလိုမျိုး ဘဝ မလိုချင်ဘူး။ ကိုယ့်နေရာ နဲ့ ကိုယ် ပြန်နေချင်တယ်ပေါ့။ အဆင်မပြေခဲ့သော်ငြားလည်း လုပ်စားလို့ နည်းနည်း အသက်ရှူချောင်တယ်ပေါ့။ အေးအေးချမ်းချမ်း ပြန်နေလို့ရရင် ပြန်နေချင်တယ်ပေါ့။ နေခွင့်ရခဲ့သော် ပြန်နေမှာပဲလေ။ “ လို့ ဒေါ်တီမိုက ပြောပါတယ်။

spot_img
spot_img

Recent posts