spot_imgspot_imgspot_imgspot_img
Monday, May 19, 2025
spot_imgspot_imgspot_imgspot_img

စစ်ရှောင်စခန်းတွေမှာ စားနပ်ရိက္ခာပြတ်လပ်မှု များလာ၊ အကူအညီလိုအပ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းရှိ စစ်ရှောင်စခန်းတွေမှာ စားနပ်ရိက္ခာပြတ်လပ်မှု ပိုများလာပြီး အကူအညီလိုအပ်နေတယ်လို့ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်သူတွေက ပြောပါတယ်။

စစ်ရှောင်စခန်းတွေမှာ ကိုယ်တိုင် ရှာဖွေစားသောက်နိုင်တဲ့ စစ်ရှောင်တွေ ရှိသလို အလှူရှင်ကိုသာ မှီခိုနေရတဲ့ စစ်ရှောင်တွေက အများစုဖြစ်တယ်လို့ ဆိုပါတယ်။ စစ်ရှောင်စခန်းတွေမှာ သွားရောက်လှူဒါန်းတဲ့အခါ တစ်ဦးကို ဆန် နှစ်ပြည်သာ ပေးဝေနိုင်တယ်လို့ စစ်ရှောင်အရေး ကူညီ‌ဆောင်ရွက်ပေးသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“ဒီ တစ်ပတ်ပဲပေါ့နော်။ ကျနော့်ကို ဆန်လာတောင်းကြတဲ့ စစ်ဘေးရှောင်တွေ ရှိတယ်။ သူတို့တစ်လကို ဆန်က တစ်ခေါက်ပဲ လာတယ်ပေါ့။ တခေါက်ပဲလာတဲ့ဟာမျိုးရှိတယ်။ တချို့ တစ်လကို နှစ်ခေါက်လာတဲ့ စခန်းရှိတယ်။ ဆိုတော့ သူတို့ တခေါက် ရောက်တဲ့ စခန်းတစ်ခုက သူတို့ ဘယ်လောက်ပေးလဲဆိုရင် နှစ်ပြည်ပဲပေးတာပေါ့နော်။ တစ်ဦးကို နှစ်ပြည်နှုန်း” လို့ သူက ပြောပါတယ်။

စစ်ရှောင်ကာလကြာမြှင့်လာတာနဲ့အမျှ စစ်ရှောင်ကူညီတဲ့အဖွဲ့တွေလည်း အလှူငွေရရှိမှုနည်းပါးလာသလို ပြည်နယ်တွင်း ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပြတ်တောက်နေတာကြောင့် အလှူရှင်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့ ဆက်သွယ်ရေးလိုင်းက အခက်အခဲရှိတယ်လို့ ဆိုပါတယ်။

စားဝတ်နေရေးအဆင်မပြေတဲ့ စစ်ဘေးရှောင်တွေဟာ နေ့စားအလုပ် ရှာလုပ်ရပြီး စားဝတ်နေရေး ဖြေရှင်းကြတယ်လို့ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ဆန်ကတော့ မိသားစုလူဦးရေအပေါ်လည်း မူတည်မယ်ထင်တယ်။ ဘာလို့ဆို တချို့က ကလေးလည်းများဆို မိဘတွေတော့ရုန်းရမှာပဲ။ တချို့ဆို အချင်းချင်း တောင်းစားလို့လည်း အဆင်မပြေဆို ကိုယ့်ကိုယ် ထောက်ပံ့ပေးမဲ့ ဆွေမျိုးလည်း မရှိရင်တော့ ဘာလုပ်ရလုပ်ရ လုပ်စားဖြေရှင်းရမှာပဲလေ ။ နေ့စားလိုက်ရတာလည်းရှိတယ်။ အမြဲတမ်းလည်း သူများမခေါ်တော့ အဆင်မပြေဘူးလေ” လို့ အဆိုပါ အမျိုးသမီးက ပြောပါတယ်။

ကရင်နီပြည်တွင်းမှာ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး ထပ်မံတိမ်းရှောင်ရတဲ့ စစ်ဘေးရှောင်ဦးရေလည်း တိုးလာတာကြောင့် စားနပ်ရိက္ခာလိုအပ်ချက် ပိုမိုမြင့်မားနေတယ်လို့ သိရပါတယ်။ တိုက်ပွဲကြောင့် ကရင်နီပြည်နဲ့ ကရင်နီ-ရှမ်းနယ်စပ် မှာ ထွက်ပြေးတိမ်းရှောင်ရတဲ့ လူဦးရေ ၃ သိန်းကျော်ရှိတယ်လို့ IEC စာရင်းအရ သိရပါတယ်။ နိုင်ငံတစ်ဝန်းမှာတော့ လူပေါင်း ၂ ဒသမ ၇ သန်းကျော် အိုးအိမ်စွန့်ခွါထွက်ပြေးနေကြရဆဲ ဖြစ်တယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်း‌ရေးရုံး (UNOCHA)က မတ်လ ၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

spot_img
spot_img
spot_img

Recent posts