ကန္တာရဝတီတိုင်း(မ်)
ကရင်နီစစ်ရှောင်ကလေးတွေဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကြောင့် စာကို အာရုံစိုက်နိုင်မှု အားနည်းလာတယ်လို့ စာသင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမတွေက ဆိုကြပါတယ်။
ယခုနောက်ပိုင်းမှာတော့ စစ်ဘေးရှောင်စာသင်ခန်းတွေမှာ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေကို တစ်နိုင်တစ်ပိုင် ကုသပေးနိုင်မယ်လို့ ယုံကြည်ရတဲ့ အနုပညာစာသင်ချိန်တွေကို ရရာ သင်ထောက်ကူတွေ ဆွဲကိုင်ပြီး ဆရာ၊ ဆရာမတွေက သင်ကြားပေးနေကြပါတယ်။
ဖရူဆိုမြို့နယ်အတွင်းက စာသင်ခန်းတစ်နေရာမှာ အနုပညာစာသင်ချိန်ကို တာဝန်ယူသင်ကြားပေးနေတဲ့ ဆရာမ တစ်ဦးက အခုလို ပြောပါတယ်။
ကျောင်းဆရာမ တစ်ဦး
“Music တွေ သင်ပေးလိုက်ရင်လေ သူတို့တွေ ကြောက်ကြောက်လန့်လန့်နဲ့ စာတွေ သင်ကြားနေတဲ့အချိန်မှာ သူတို့တွေ ပျော်တာကို မြင်ရတယ်။ Music တွေ သင်ရပြီ သီချင်းတွေလည်း သင်ရပြီဆိုရင် သူတို့တွေ လွတ်လပ်ပေါ့ပါးမှုကို မြင်ရတယ်။ ပျော်ရွှင်မှုကို ခံစားရတယ်ပေါ့။ သူတို့စာထဲမှာ ဖိစီးမနေဘူး။ တခြားအရာတွေကို စိတ်မခံစားတော့ပဲ သီချင်းတွေအပေါ်မှာပဲ အာရုံစိုက်တာမျိုးတွေ မြင်ရတယ်ပေါ့နော။ သူတို့ပျော်ရွှင်မယ်လို့တော့ ထင်ပါတယ်။”
ဘာသာရပ်တွေအဖြစ် မြန်မာ၊အင်္ဂလိပ်၊ သချာၤ စတာတွေကို အဓိက သင်ကြားပေးတာဖြစ်ပြီး ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာကို အထောက်အကူပြုနိုင်မယ့် အနုပညာဆိုင်ရာ ဂီတ၊ ပန်းချီ စတာတွေကို ထည့်သွင်းသင်ကြားပေးတယ်လို့ ဆိုပါတယ်။
ကျောင်းဆရာမ တစ်ဦး
“အိမ်ပြန်ချင်ကြတယ်ပေါ့ ကြောက်ရွံ့နေကြတယ်။ စိတ်ပိုင်းဆိုင်ရာတော့ သူတို့ တော်တော်တော့ ခံစားလိုက်ရတယ် ပြောရမှာပေါ့နော။ အထူးသဖြင့် စစ်ရှောင်ကလေးတွေပေါ့ သူတို့တွေ တော်တော်တော့ ကြောက်ကြတယ်။”
အနုပညာဆိုင်ရာ သင်ထောက်ကူပစ္စည်းတွေကတော့ လိုအပ်နေဆဲပဲလို့ သိရပါတယ်။
စစ်ဘေးရှောင်ကလေးတွေ စာသင်ကြားနေရတဲ့ စာသင်ကျောင်းတွေဟာ စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ထိမှန်ပျက်စီးခြင်းအပါအဝင် လက်နက်ကြီး မကြာခဏ ကျရောက်ခြင်းတွေကြောင့် အချို့သော စာသင်ကျောင်းတွေကို ပိတ်သိမ်းလိုက်ရတာမျိုးတွေ ရှိပါတယ်။