ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်မှာရှိတဲ့ စစ်ရှောင်စခန်းက စစ်ရှောင်ပြည်သူတွေ နေထိုင်ဖို့တဲအိမ်တွေကို မိုးကာနဲ့ အသုံးပြုကြတာဖြစ်ပြီး မိုးကာအသုံးပြုမှု ကြာလာတာနဲ့အမျှ ဆွေးမြှေ့လာတာကြောင့် မိုးရာသီကာလမှာ ပြန်လည်လိုအပ်လာတယ်လို့ သိရပါတယ်။
အခြားသောရာသီကာလမှာလည်း မိုးကာလိုအပ်မှုရှိပေမဲ့ မိုးရာသီကာလမှာတော့ ပိုမိုလိုအပ်လာကြတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။
“မိုးကာက ခုလို မိုးရာသီဆို ပိုလိုတာပေါ့နော်။ နွေရာသီဆိုရင် မိုးကာမလုံလည်း အဲ့လောက်ထိ မဟုတ်ဘူးပေါ့နော်။ မိုးရာသီဆိုရင် မိုးမလုံအိပ်လည်းမပြေဘူးလေ။ အကြာကြီးအသုံးပြုရင် သိတဲ့အတိုင်းပဲ မိုးကာက ဆွေးကုန်တယ်လေးနော်။ အဲ့ကြောင့် ပုံမှန်လဲလှယ်ပေးနိုင်ရင်တော့ ပိုကောင်းတာပေါ့။”လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုပါတယ်။
ဒါ့အပြင် အစားအစာချက်ပြုတ်ဖို့ နဲ့ သောက်သုံးရေ သိုလှောင်ထားနိုင်ဖို့ မိုးကာလိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်သူတစ်ဦးက ပြောပါတယ်။
“မိုးကာကတော့ လိုအပ်နေဆဲပဲပေါ့နော်။ နေထိုင်ဖို့ အမိုးအကာ တစ်ခုတည်းမဟုတ်ဘူး။ လက်ရှိအခြေအနေနဲ့ဆို မိုးရာသီဆို တောရေသိုလှောင်နိုင်ဖို့လည်း မိုးကာလိုအပ်နေတယ်ပေါ့နော်။”လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်သူတစ်ဦးက ဆိုပါတယ်။
စစ်ရှောင်တွေဟာ မိုးတွင်းကာလမှာ မိုးရေသိုလှောင်နိုင်ဖို့ မိုးကာတွေမလုံလောက်တာကြောင့် သန့်ရှင်းတဲ့ရေကို မသုံးစွဲနိုင်ဘဲ တောင်ကျချောင်းရေကို အသုံးပြုနေတာကြောင့် ဝမ်းပျက်ဝမ်းလျှောဖြစ်နေကြတာလည်း ရှိနေပါတယ်။
ကရင်နီပြည်အတွင်းမှာရှိတဲ့ စစ်ရှောင်စခန်းတွေမှာ လိုအပ်တဲ့ မိုးကာကို IEC အပြင် အခြားသော အရပ်ဖက်အဖွဲ့အစည်းတွေကနေ ထောက်ပံ့နေပေမယ့် လိုအပ်ချက်ရှိနေဆဲပဲလို့ IEC ရဲ့ အတွင်းရေးမှူး(၂) ဦးဗညားက အခုလိုပြောပါတယ်။
“ကျနော်တို့ IEC ဖက် ကနေတော့ နိုင်သလောက်ပေါ့နော် ဆက်တိုက် ဝေထားတာတော့ရှိတာပေါ့နော်။ ဒါပေမဲ့ သေချာတာတစ်ခုကတော့ ပြည့်ပြည့်စုံစုံတော့ မဟုတ်ဘူးပေါ့နော်။ အခြားတစ်ဖက် မှာလည်း အရပ်ဖက်အဖွဲ့အစည်းတွေကလည်း အခြားပရဟိတအဖွဲ့တွေလည်း ဝင်ပေးတာရှိပါတယ်။အချုပ်အားဖြင့် ပြောရရင်တော့ အတော်အသင့်ကတော့ မိုးရာသီအတွက်က ဆိုးဆိုးရွားရွားအခြေအနေကနေ ကျနော်တို့ ကျော်လွားနိုင်သေးတာပေါ့နော်။ အဲ့တာကရှိပါတယ်ပေါ့ လိုအပ်ချက်ကရှိပါတယ်။ သို့ပေမဲ့လည်း နိုင်တဲ့ဖက်ကနေ ဝိုင်းပြီးလုပ်ကြတော့ အနည်းနဲ့ အများကတော့ ကျနော်တို့ ကာမိတာပေါ့နော်။ ဒါပေမဲ့ ပြည့်ပြည့်စုံစုံတော့ အားလုံးလုံခြုံမှုရှိတယ် ပြောရတာတော့ ခက်တာပေါ့နော်” လို့ ဦးဗညားက ဆိုပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေရဲ့ လိုအပ်ချက်ကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးဖို့ ကြိုးစားနေပြီး မဖြစ်မနေ လိုအပ်တဲ့အရာတွေကို ဦးစားပေး ဆောင်ရွက်မှုတွေ ပိုလုပ်ဖြစ်တယ်လို့ ဦးဗညားက ဆက်ပြောပါတယ်။
ကရင်နီပြည်က စစ်ဘေးရှောင်အများစုဟာ မိုးကာနဲ့ တဲအိမ်ထိုးပြီး တောတောင်တွေ ၊ ကျေးရွာတွေရဲ့အနီးအနားမှာ စစ်ရှောင်နေကြရတာဖြစ်ပြီး လက်ရှိမှာတော့ စစ်ဘေးရှောင်ကာလ ၃နှစ်ကျော်လာပြီဖြစ်ပါတယ်။