ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည် လွိုင်ကော်မြို့နယ်အရှေ့ဖက်ခြမ်းက စစ်ရှောင်စခန်းတစ်ခုမှာ စစ်ရှောင်မိသားစုတစ်စု နေထိုင်တဲ့ တဲအိမ်မီးလောင်ပြာကျခဲ့ပြီး လက်ရှိမှာ စားဝတ်နေရေးအတွက် အကူအညီလိုအပ်နေတယ်လို့ ဒေသခံအမျိုးသားတစ်ဦးဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့ ည ၈နာရီခွဲမှာ ဖယောင်းတိုင်မီးထွန်းရာကနေ စတင်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။
“မီးလောင်တာ ဖယောင်းတိုင်ထွ န်းပြီး တခြားအိမ်သွာလည်တဲ့အချိန်မှာ ဖြစ်ပွားတယ်လို့သိရတယ်။
တခြားဘေးအိမ်တော့ မီးကူးစက်လောင်ခြင်း မရှိပါဘူး။ ဘာပစ္စည်းမှ ပြန်ယူလို့ အချိန်မရဘူး။”လို့ ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။
မီးလောင်မှုအတွင်း တဲအိမ်အပြင် မိသားစု စီး 125 Dream အမျိုးအစား ဆိုင်ကယ်တစ်စီး၊ ဆန်၊ အိုးခွက်ပန်းကန်၊ စောင်နဲ့ အဝတ်အစား၊ အိမ်အသုံးအဆောင်ပစ္စည်း၊ ကလေးမွေးစာရင်းနဲ့ မှတ်ပုံတင်တွေ အိမ်ထောင်စုစာရင်းနဲ့ ငွေကြေးတချို့ စတဲ့ မိသားစုပိုင်ဆိုင်မှုတွေ အားလုံး မီးလောင်မှုထဲ ပါဝင်သွားခဲ့တယ်လို့ ဆိုပါတယ်။
စစ်ဘေးရှောင်ဖြစ်တဲ့အပြင် မီးလောင်မှုအတွင်း ဘာပစ္စည်းမှ မယူမီတာကြောင့် ခက်ခဲနေကြတယ်လို့လဲ အဆိုပါ ဒေသခံအမျိုးသားက ဆက်ပြောပါတယ်။
“ကိုယ်ပေါ်မှာ ပါတဲ့ အဝတ်အစားကလွဲရင် ဘာမှ ပြန်မယူမီဘူး။ အဲ့တာ လက်ရှိစားဝတ်နေရေးအတွက် တကယ် ခက်ခဲနေကြတယ်။ အလှူရှင်ရှိရင်လည်း ကူညီစေချင်တယ်ပေါ့။”လို့ သူက ပြောပါတယ်။
အဆိုပါ တဲအိမ်မီးလောင်ပြာကျသွားတဲ့ မီးသားစုမှာတော့ မိသားစုဝင် ၃ ဦး ရှိတယ်လို့ သိရပါတယ်။