spot_img
Friday, September 22, 2023
spot_imgspot_imgspot_imgspot_img

စစ်ရှောင်လူထု အသုံးပြုနေတဲ့ ရေသိုလှောင်ကန်မှာ ပိုးလောက်လန်းများနေပြီး နှိမ်နှင်းရေး အတွက် အခက်အခဲရှိနေ

Author

Date

Category

CJ (ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည်နယ် ဖရူဆိုနဲ့ ဒီးမော့ဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင်တချို့ရဲ့ မိုးရေလှောင် ကန်ငယ်တွေမှာ ပိုးလောက်လန်းများစွာရှိနေပြီး ပိုးမွှား နှိမ်နှင်းရေး အတွက် အခက်အခဲရှိနေတယ်လို့ စေတနာ့ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

အဆိုပါ ပိုးလောက်လန်းတွေကနေ ပေါက်ဖွားလာတဲ့ ခြင်တွေကနေတဆင့် တုပ်ကွေး နဲ့ ခြင်ကတဆင့် ကူးစက်နိုင်တဲ့ တခြားသောရောဂါတွေ ဖြစ်ပွားမှာကို စစ်ရှောင်တွေက စိုးရိမ်နေကြပါတယ်။

“ဒီရာသီကလည်း စစ်ရှောင်တွေက တောထဲမှာ နေရတယ်ဆိုတော့ ခြင်ကိုက်တာပေါ့နော။ ခြင်ကိုက်တော့ အဓိကတော့ ဒါကာကွယ်နိုင်လို့ရှိရင် ကောင်းတာပေါ့။ ကာကွယ်နိုင်တယ်ဆိုပေမယ့် လူထုတွေကလည်း အလုပ်တစ်ဖက်၊ စားဝတ်နေရေးကလည်း တစ်ဖက်ဆိုတော့ ဒီဟာတွေက ရှောင်လွဲလို့မရတဲ့ အရာပေါ့နော။ ပြီးတော့ လူအရမ်းများတဲ့နေရာမှာဆိုလည်း ကူးနိုင်တယ်ပေါ့နော၊ ကူးစက်နိုင်တယ်ဆိုတော့ တစ်ယောက်ကနေတစ်ယောက်မကူးအောင်လည်း အများကြီး ပြင်ဆင်ဖို့လိုတာပေါ့။”လို့ စေတနာဝန်ထမ်း ဆရာမတစ်ဦးက ဆိုပါတယ်။

ခြင်ကိုက်ရာကနေတဆင့် ဖြစ်ပေါ်လာနိုင်တဲ့ ရောဂါတွေကို ကာကွယ်နိုင်ဖို့ အတွက် ပိုးလောက်လန်း နှိမ်နှင်းဖို့ လိုအပ်နေတယ်လို့လည်း အဆိုပါ ဆရာမက ပြောပါတယ်။

ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ် မှာ စစ်ဘေးရှောင်အများဆုံးရှိနေတဲ့ ဒေသတွေဖြစ်ပြီး စစ်ဘေးရှောင်စခန်းအားလုံးကို ကျန်းမာရေးစောင့်ရှောက်မှုတွေ မပေးနိုင်သေးသလို ဆေးဝါးလုံလောက်မှု နည်းပါးနေတာကြောင့် အခက်အခဲရှိတယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်စခန်း အများစုဟာ ရေဝယ်ယူသုံးစွဲနေကြတာဖြစ်ပြီး မိုးရာသီကာလမှာတော့ စစ်ရှောင်လူထုတွေဟာ မိုးရေ တွေ သိုလှောင်ထားပေမဲ့ ပိုးလောက်လန်း ပေါက်ဖွားမှု များတာကြောင့် အခက်အခဲရှိတယ်လို့ ပြောကြပါတယ်။

Recent posts