spot_imgspot_imgspot_imgspot_img
Monday, May 20, 2024
spot_imgspot_imgspot_imgspot_img

စစ်အာဏာရှင်ကို သာမက ကင်ဆာရောဂါကိုပါ တွန်းလှန်နေရတဲ့ CDM အမျိုးသမီး

Author

Date

Category

မူဖိလစ်စတာ/ ကန္တရဝတီတိုင်း (မ်)

ဒေါ်မိငယ်ဟာ အသက် ၄၂ အရွယ်ရှိပြီဖြစ်တဲ့ စစ်ရှောင်မိခင်တဦးပါ။ စစ်ဘေးဒုက္ခကြောင့် မိမိနေရပ်ကို စွန့်ခွာတိမ်းရှောင်နေရတဲ့ သူပါ။ စစ်ရှောင်ဆိုတဲ့အလျောက် ဒေါ်မိငယ်တို့ မိသားစုဘဝက မလွယ်ကူလှပါဘူး။ စားဝတ်နေရေး၊ သားသမီးပညာရေးက နိစ္စဓူဝပူပန်နေရတဲ့ အရာတွေပါ။
ဒါပေမဲ့ ဒီလိုအပူတွေထက် ပိုပူလောင်တဲ့ အရာ ကို ဒေါ်မိငယ်တယောက်ရင်ဆိုင်ကြုံတွေ့နေရပါပြီ။ ဒါကတော့ ရင်သားကင်ဆာ လို့ခေါ်တဲ့ ရောဂါပါ။ ဒေါ်မိငယ်ရဲ့ ရင်သားကင်ဆာ ကတော့ အဆင့် ၂ ကိုရောက်နေပါပြီ။

” ဒီချိန်မှာ သူများနည်းနည်း ပံ့ပိုးရင် နည်းနည်းက ဆန်ဝယ်စားရတယ်ဆိုတော့လေးနော။ မငတ်ရုံတမယ်ပဲ ရှာနေရခါကျတော့ တော်တော်လေးစဥ်းစားရတာ‌ပေါ့။ ဆေးရုံတက်ဖို့က ဘယ်လိုလုပ်မလဲဆို။ အဲတာ နာရင်းနဲ့ ကိုယ့်ကို ခိုးငိုရတဲ့ နေ့တွေအများကြီးရှိတယ်ပေါ့နော”လို့ ဒေါ်မိငယ်ကပြောပါတယ်။

ဒေါ်မိငယ်ဟာ အာဏာ မသိမ်းခင်ကာလတုန်းကတော့ သမဝါယမ ရုံးဝန်ထမ်းဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီး တပတ်အတွင်း CDMလုပ်ဖို့ စိတ်အားထက်သန်စွာ ဆုံးဖြတ်ခဲ့ပြီးတဲ့နောက်မှာတော့ ရုံးကထုတ်ပြန်လိုက်တဲ့ ဝန်ထမ်းအဖြစ်က ထုတ်ပယ်စာ ကို ပြုံးပြုံးလေးလက်ခံခဲ့သူပါ။

အဲဒီအချိန်ကစလို့ သူမရဲ့ သားသမီး လေးယောက်အတွက် အလုပ်ကြမ်းလုပ်ရင်း ရုန်းကန်ရှာဖွေစားသောက်ခဲ့တာပါ။ သူမရဲ့ အမျိုးသားကလည်း တော်လှန်ရေးရဲဘော်တဦး ဖြစ်နေတာကြောင့် သူမတယောက်ထဲ ရုန်းကန်နေခဲ့ရပါတယ်။

စစ်ဘေးရှောင်ကာလ နှစ် နှစ်ကျော်ကြာလာတဲ့အခါမှာတော့ သူမလုံးဝမထင်မှတ်ထားတဲ့ ဒီရင်သားကင်ဆာဆိုတဲ့ ရောဂါ ခံစားရတာကို သိလာရတာပါ။

ကနဦးအနေနဲ့တော့ သူမရဲ့ရင်သားမှာ အကျိတ်တခုရှိနေတာကို ဒေါ်မိငယ်က သတိထားမိပါတယ်။ ဒါပေမဲ့ စားဝတ်နေရေးကိုပဲ အလေးပေးရုန်းကန်နေရတဲ့ခါ အဲဒီအကျိတ်ကို အတိုင်းအတာ တခုအထိ လစ်လျူရှုထားခဲ့ပါတယ်။

“ကလေးအတွက်ကလည်း ကျောင်းစရိတ်တို့၊ စားဖို့ သောက်ဖို့တို့က ရုန်းကန်နေရတော့ ဒီဖက်ကို ခဏလေးမေ့ထားလိုက်တယ်။ အကျိတ်က သိပ်မကြီးသေးဘူးဆိုတော့။ သူများတောင်ယာလုပ်ရင်လည်း လိုက်သွားတယ်။ ညဆို ကလေး စာနည်းနည်းပါးပါးပေါ့နော ပြန်လာလုပ်ပေးလိုက်ဆို စိတ်ပင်ပန်းနေတဲ့ အခါမှာ အကျိတ်တွေက ကိုက်ကိုက်လာတယ်။ ကိုက်လာတဲ့အခါမှာ အဲ ငါတကယ်များ ကင်ဆာများ ဖြစ်သွားပြီလား။ ငါကင်ဆာဖြစ်သွားရင် ငါဘယ်လိုလုပ်မလဲပေါ့နော” လို့ ထိုစဉ်က ခံစားခဲ့ရတဲ့ စိုးရိမ်စိတ်နဲ့ ပတ်သက်ပြီး ဒေါ်မိငယ်ကပြောပါတယ်။

ဒေါ်မိငယ်က ဂရုမစိုက်ပဲ ပစ်ထားတဲ့ အကျိတ်က တဖြည်းဖြည်း ပိုကိုက်ခဲလာပါတယ်။ သူမရဲ့ ကင်ဆာဖြစ်နိုင်ချေက သေချာသလောက်ဖြစ်နေတာကို ဒေါ်မိငယ်က သိရှိခဲ့ပါတယ်။

မိုးရွာနေတဲ့ ညနေခင်းတခုမှာ တောင်ယာခင်းမှအပြန် မိုးရေကြားထဲ လမ်းလျှောက်ပြန်လာရင်း မိုးရေနဲ့အတူ ဒေါ်မိငယ်တယောက်မျက်ရည်စီးကျလာခဲ့ပါတယ်။ ကင်ဆာရောဂါအတွက် ကုသစရိတ်က သာမာန်ရောဂါတွေထက် အဆပေါင်းများစွာကုန်ကျတာကို ကြိုသိနေခဲ့တာကြောင့်ပါ။

“ငါလုပ်မှရတော့မယ်။ ငါမလုပ်ရင် ငါ့သားသမီးတွေက ဘာစားမလဲပေါ့နော။ အဲတာ လုပ်ရင်းလုပ်ရင်းနဲ့ အနာက ပိုကိုက်ကိုက်လာတယ်။ မဖြစ်တော့ဘူးထင်တယ်။ ငါကတော့ ပြမှရ‌တော့မယ်။ ပြမှရတော့မယ်ဆို စစ်ရှောင်တယောက်က ဆေးရုံ၊ဆေးခန်းသွားဖို့က အနည်းဆုံးပိုက်ဆံက လေးငါးသိန်းလောက်ရှိမှပဲ အဆင်ပြေတယ်ပေါ့နော။ ကိုယ့်လက်ထဲမှာက လေးငါးသိန်းမပြောနဲ့။ လေးငါးသောင်းတောင် မစုထားနိုင်တဲ့ အခြေနေမှာရှိတယ်ပေါ့နော။” လို့ ဒေါ်မိငယ်က ပြောပါတယ်။

ရင်သားက အကျိတ်တွေရဲ့ စူးခနဲ စူးခနဲ ကိုက်ခဲနာကျင်မှုဒဏ်ကို မခံစားနိုင်တော့လို့ ဆေးစစ်လိုက်တဲ့ခါ သူမမှာ ရင်သားကင်ဆာ အဆင့် ၂ ရောက်နေပါပြီ။ ဒါ့အပြင် အကျိတ်က ချိုင်းအောက်ထိ ပြန့်နေပြီလို့ သိရှိလိုက်ရပါတယ်။

ဒါကိုသိလိုက်ရတဲ့တချိန်ထဲမှာပဲ တင်းထားသမျှအားအင် အကုန်ပြိုလဲသွားခဲ့ရတယ်လို့ သူမပြောပါတယ်။

ဒေါ်မိငယ်ကတော့ မိမိရောဂါထက် တချိန်မှာ မိခင်မ‌ရှိတော့မယ့် သူမရဲ့သားသမီးတွေရဲ့ဘဝ ခါးသီးကြမ်းတမ်းမှာကို မလိုလားပါဘူး။ သူမခံစားနေရမှာထက် သူမ သားသမီးခံစားရမှာကို ပိုစိတ်ပူမိတာကြောင့်ကုန်ကျစရိတ် မည်မျှပင်ရှိနေပါစေ လုံးပန်းရှာကြံပြီး ဆေးကုသမှုခံယူဖို့ ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရပါတယ်။

“ဆရာဝန်က ပြောတယ်။ နင်အခုအချိန်လောက်ခွဲလိုက်ရင် နင်အနှစ် ၂၀ လောက်နေရသေးတယ်။ မခွဲဘူးဆိုရင်တော့ နင့်သဘောပဲပေါ့နော။ အဲလိုပြောတဲ့ခါမှာ ကလေးအတွက်ပြန်စဥ်းစားရတယ်ပေါ့။ အေ ငါအခုခွဲလို့ အနှစ် ၂၀ လောက်‌နေလိုက်ရသေးရင် ကလေးအငယ်ဆုံးက အနည်းဆုံးတော့ အသက် ၂၀ ကျော်သေးတယ်ပေါ့နော။ အဲတာကလေးအတွက်ကို စဥ်းစားပြီးတော့ ခွဲဖို့ဆုံးဖြတ်လိုက်တယ်ပေါ့နော”လို့ ဒေါ်မိငယ်ကပြောပါတယ်။

ဒေါ်မိငယ်တို့ ရဲ့ ကရင်နီပြည်မှာတော့ တပြည်နယ်လုံးအတိုင်းအတာနဲ့ စစ်ပွဲတွေဖြစ်နေတာကြောင့် အရင်လို အစိုးရဆေးရုံ၊ ဆေးခန်းတွေလည်ပတ်မှုမရှိတော့ပါဘူး။ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ဆေးရုံ ဆေးပေးခန်းတွေရှိနေပေမဲ့ ဆေးကုသဖို့လိုအပ်တဲ့ အထောက်အပံ့ပစ္စည်း ၊အဆင့်မြင့်ကိရိယာတွေလည်း အပြည့်အစုံမရရှိနိုင်တော့ပါဘူး။

ဒါ့ကြောင့် ရောဂါကြီးကြီးမားမားခံစားရတဲ့ ဝေဒနာသည်တွေဟာ ကရင်နီပြည်တွင်းမှာ အမြစ်ပြတ်အောင်ကုသလို့မရတော့ပဲ တခြားပြည်နယ်ထိ သွား‌ရောက်ကုသမှုခံယူဖို့ ညွှန်ကြားရတယ်လို့ ကရင်နီပြည်တွင်းရှိ ဆေးရုံတခုမှာ တာဝန်ယူထမ်းဆောင်နေတဲ့ ဒေါက်တာ စိုးရန်နိုင်က ပြောပါတယ်။

“ကျ‌နော်တို့ဆီကို ဒီဖက်စစ်ရှောင်တွေကြားထဲမှာဆိုရင် ကင်ဆာရောဂါသည်တွေ လာပြတာတွေ‌တော့ကြုံရပါတယ်။ များသောအားဖြင့် ကျနော်တို့ဆီမှာကကျတော့ symptomatic လို့ခေါ်တဲ့ ဒီလတ်တလော ကြုံရတဲ့ ဝေဒနာကို ကျနော်တို့ သက်သာအောင်လုပ်ပေးလို့ရတာမျိုးပဲရှိတယ်ပေါ့နော။ ခွဲစိတ်ကုသတဲ့ နေရာမှာကျတော့လည်း ကင်ဆာကျိတ်ကို ခွဲထုတ်ပစ်လိုက်လို့၊ ဖယ်ထုတ်ပစ်လိုက်လို့ တော့ရပေမဲ့ ကင်ဆာဆဲလ်ဆိုတာကတော့ပွားနှုန်းမြန်တယ်။ မြန်တဲ့ အတွက်ကြောင့် ကျနော်တို့ အမြစ်ပြတ်ကုသဖို့အတွက်ဆိုလို့ရှိရင် မြို့ပေါ်မှာပဲ အဆင်ပြေတယ်ပေါ့နော။ ဒီဖက်မှာကျတော့ ကျနော်တို့ ပစ္စည်းမစုံတာတွေ နောက် facility(လိုအပ်တဲ့အ‌ထောက်အပံ့ပစ္စည်း) မပြည့်ဝတာတွေကြောင့်မို့လို့ များသောအားဖြင့်က ကျနော်တို့ မြို့ပေါ်ကိုပဲလုပ်ရတာပိုများပါတယ်” လို့ ဒေါက်တာ စိုးရန်နိုင်ကပြောပါတယ်။

ကင်ဆာရောဂါဟာ ကင်ဆာဆဲလ်တွေ မပြန့်ခင် အမြစ်ပြတ်အောင် ကုရတဲ့ ရောဂါတမျိုးဖြစ်တယ်လို့ပြောပါတယ်။ သို့မဟုတ်ပါက ခန္ဓာကိုယ်တခုလုံးကို ကင်ဆာဆဲလ်ပြန့်ပွားနိုင်ပြီး အသက်သေဆုံးနိုင်တယ်လို့ ဒေါက်တာစိုးရန်နိုင်က အသိပေးထားပါတယ်။

ဒါတင်မကပါဘူး၊ ကရင်နီပြည်ရဲ့ ဆေးဝါးအရောင်းဆိုင်တွေမှာလည်း ကင်ဆာရောဂါနဲ့ပတ်သတ်တဲ့ ဆေးဝါးရောင်းချမှုမရှိပါဘူး။ ကင်ဆာဝေဒနာသည်တွေအတွက် လိုအပ်တဲ့ ဆေးကို တခြားပြည်နယ်ကတဆင့် မှာယူရပါတယ်။ စစ်ကောင်စီတပ်ကလည်း မြို့ပေါ် စစ်ဆေးရေးဂိတ်ကို တင်းကြပ်ထားတာကြောင့် ဆေးဝါးအလွယ်တကူသယ်ယူလို့ မရပြန်ပါဘူး။

ဒါ့ကြောင့် လိုအပ်တဲ့ဆေးဝါးက လက်ထဲ ရောက်လာမှ ဆေးကုသမှုခံယူ ရတယ်လို့ ဒေါ်မိငယ်က ပြောပါတယ်။
ရုံးဝန်ထမ်း CDM လည်းဟုတ်၊ ကလေးမိခင်လည်းဖြစ်တဲ့ ဒေါ်မိငယ်က ‌ရောဂါဝေဒနာခံစားလာရပြီးနောက် သူမ CDM ပြုလုပ်ခဲ့တဲ့အပေါ် စိတ်အားငယ်လာမိတယ်လို့ပြောပါတယ်။ အားကိုးစရာလစာမရှိတော့တဲ့ အပြင် CDM ထောက်ပံ့ကြေးတစုံတရာလည်း မရတာကြောင့် CDM ချင်းတူပေမဲ့ အစိုးရရုံးဝန်ထမ်း CDM ပြုလုပ်သူတွေကို လျစ်လျူရှုထားသလို ခံစားလာရတယ်လို့ သူမက ပြောပါတယ်။

ဒေါ်မိငယ်ကတော့ ငွေကြေးမတတ်နိုင်တဲ့အပြင် သားသမီးအရေးလည်း ရှိနေသေးတာကြောင့် မြို့ပေါ်ထိ ဆေးကုသမှုခံယူဖို့ မသွားနိုင်ပဲ သူမနေထိုင်တဲ့ ဒီးမော့ဆိုအနောက်ခြမ်းက စစ်ရှောင်စခန်းမှာပဲ ရတဲ့နည်းနဲ့ သာ ဆေးကုသမှုခံယူနေပါတယ်။

“အရေးကြီးဆုံးက‌တော့ မိသားစုပေါ့နော။ ဟိုမှာသွားရင်တော့ ပိုပြီးတော့ ပြည့်စုံမယ်ထင်တာပဲ။ တောင်ကြီးထိသွားရင်တော့ ဆေးက ဝယ်ရလည်းပိုလွယ်မယ်။ ဆေးရုံကလည်းနီးတယ်ဆိုတော့ ကုရမှာကတော့ ပိုအဆင်ပြေလိမ့်မယ်။ ဒါမဲ့ ဒီမှာခါကျတော့မိသားစု အခက်အခဲနဲ့ ပိုက်ဆံအခက်ခဲနဲ့ကြောင့်မို့ ဒီမှာ ဆေးရသလောက်နဲ့ပဲ ကုနေရတယ်။ ဆေးအာနိသင်မပြည့်စုံဘူးဆိုရင်လည်း မတတ်နိုင်တော့ဘူးပေါ့နော” လို့ ဒေါ်မိငယ်ကပြောပါတယ်။

ကင်ဆာ‌ရောဂါဝေဒနာရှင်တွေက ကင်ဆာဆဲလ် ပိုးသတ်ဆေးသွင်းပေးရပါတယ်။ ဆေးတစုံ အတွက် ကျပ် ၅ သိန်းပေးရတယ်လို့ဆိုပါတယ်။ ဆရာဝန်က ဆေး ၁၂ စုံ သွင်းဖို့ညွှန်ကြားထားတာကြောင့် ကုန်ကျစရိတ် အတွက် ဒေါ်မိငယ်က ခြံရောင်းပြီး ဆေးကုနေရပါတယ်။

ဆေးစသွင်းပြီးနောက် သူမတန်ဖိုးထားမြတ်ိနုးရတဲ့ သူမရဲ့ ဆံပင်လေးတွေလည်း ကျွတ်လာပါတော့တယ်။ ဒါကလည်း သူမကို စိတ်ဆင်းရဲစေတဲ့အချက်ထဲက တခုပါပဲ။ ဒါ့ကြောင့် အမျိုးသမီးတွေအနေနဲ့ ခန္ဓာကိုယ်ပေါ် အကျိတ်ပေါက်နေရင် လျစ်လျူမရှုမိကြဖို့နဲ့ ကျန်းမာရေးအထူးဂရုစိုက်ကြဖို့ ဒေါ်မိငယ်က ကန္တာရဝတီတိုင်း (မ်) မှတဆင့် အထူးသတိပေး မှာကြားလိုက်ပါတယ်။

spot_img
spot_img

Recent posts