spot_imgspot_imgspot_imgspot_img
Wednesday, September 11, 2024
spot_imgspot_imgspot_imgspot_img

“စစ်” ကြောင့် ဆုံးရှုံးခဲ့ရတာတွေကို ပြောပြလာတဲ့ ၁၀ နှစ်အရွယ် ကောင်းမြတ်ဟိန်း

ကန္တာရဝတီတိုင်း(မ်)

သူ့နာမည်က မောင်ကောင်းမြတ်ဟိန်း ပါ။ အသက် ၁၀ နှစ် ရှိပါပြီ။
ဒီးမော့ဆိုမြို့နယ် ဒေါညေးခူကျေးရွာမှာ နေထိုင်ပါတယ်။
မီးလောင်ပြာကျသွားတဲ့ သူတို့ မိသားစုနဲ့ ဆွေမျိုးသားချင်းတွေရဲ့ နေအိမ်လေးတွေကို ကြည့်ရင်း အရင်က သူတို့ ညီအစ်ကိုတွေ ဆော့ကစားခဲ့တဲ့ နေရာလေးကို တမ်းတနေပါတယ်။

မောင်ကောင်းမြတ်ဟိန်းက ဝါးချောင်းလေးတွေကို သေနတ် ပုံစံပြုလုပ်ပြီး သူငယ်ချင်းတွေနဲ့အတူ သေနတ်ပစ်တန်း ကစားနေကြတာကိုတော့ မိဘတွေ မနှစ်သက်လှပါဘူး။

ခေတ်အဆက်ဆက် သေနတ်ကြောင့် ပြေးလွှားရ၊ အိုးအိမ်တွေ ပျက်စီးခဲ့ရတာအပြင် အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဒါကြောင့် မိဘတွေက သေနတ်ပစ်တမ်း ဆော့ကစားတာတွေကို မနှစ်သက်ပါဘူး။

ကောင်းမြတ်ဟိန်းတို့လို အရွယ်လေးဟာ “စစ်” ဆိုတဲ့ ဆိုးကျိုးကို နားမလည်သေးပေမယ့် “စစ်” ရဲ့ အကျိုးဆက်ကိုတော့ အရွယ်မမျှအောင် ရင်ဆိုင်နေကြရပါတယ်။

၂၀၂၃ ခုနှစ် မတ်လအတွင်းမှာ ကောင်းမြတ်ဟိန်း တို့ရဲ့ ကျေးရွာထဲကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြပါတယ်။
ကောင်းမြတ်ဟိန်းတို့တရွာလုံးကတော့ လွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတာပါ။
ကောင်းမြတ်ဟိန်းတို့ မိသားစုကတော့ လွိုင်ကော်မြို့တနေရာမှာ သွားရောက်ခိုလှုံခဲ့ကြပါတယ်။
အဲ့ဒီအချိန်မှာ လွိုင်ကော်မြို့မှာ စစ်ဆင်ရေးတွေ မစသေးပါဘူး။

လွိုင်ကော်မြို့ကိုတိမ်းရှောင်နေချိန်မှာပဲ ရွာကနေအိမ်ဟာ တိုက်ပွဲတွေကြား မီးလောင်ပြာကျသွားခဲ့ရပါတယ်။ သူတို့မိသားစုပိုင် နေအိမ်သာမက အိမ်နီးချင်းကပ်လျှက်ရှိနေတဲ့ သူ့ရဲ့ ဦးလေးဖြစ်သူနေအိမ်လည်း မီးလောင်တဲ့အထဲပါဝင်သွားပါတယ်။

အရင်ကတော့ ကောင်းမြတ်ဟိန်းတို့ညီအစ်ကို မှာ ကျောင်းသွားဖို့ မိဘတွေဝယ်ထားပေးတဲ့ စက်ဘီး ၂ စီးရှိပါတယ်။ အိမ်မီးလောင်တော့ တစ်စီးပါသွားပြီး ကျန်တစီးကတော့ ခိုးယူခံရပါတယ်။
ဒီစက်ဘီးလေးက ကောင်းမြတ်ဟိန်းတို့ ညီအစ်ကို၂ယောက်လုံး တန်ဖိုးထားရတဲ့အရာတွေမို့ နှမြော နေတာပါ။ အခုတော့ ကောင်းမြတ်ဟိန်းတို့ ကျောင်းကို ခြေလျင်ဘဲ သွားနိုင်ကြတော့တယ်လို့ ဆိုပါတယ်။

ကောင်းမြတ်ဟိန်း

“စစ်သားက မီးရှို့လိုက်တာ။ ဘာမှမကျန်တော့ဘူး။ အကုန်ပါသွားတယ်။ စက်ဘီး နှမြောတယ်။”

မီးလောင်ပြာကျသွားတဲ့ ခြံဝန်းလေးထဲမှာ ကောင်းမြတ်ဟိန်းတို့ မိသားစုဟာ တဲအိမ်ကလေးထိုးပြီး ပြန်လာနေထိုင်ကြပါပြီ။ တစ်ဝမ်းကွဲ ညီအစ်ကိုတွေနဲ့ ဆော့ကစားခဲ့ကြ၊ တီဗီ ကြည့်ခဲ့ကြတဲ့ နေရာလေးက ကောင်းမြတ်ဟိန်းအတွက် အတမ်းတရဆုံးသော နေရာဖြစ်ပါတယ်။
အခုတော့ အဲ့ဒီနေရာလေးဟာ မီးလောင်ရင်း ကျန်ရစ်နေတဲ့ အုတ်ခဲအစလေးတွေနဲ့ ပန်းကန်ကွဲ အစလေးသာ ကျန်ရှိနေပါတော့တယ်။

၂၀၂၃ မတ်လအတွင်းမှာ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီး အဲ့ဒီဒေသကို ခိုလှုံလာကြတဲ့ စစ်ဘေးရှောင်တွေအပါအဝင် ဒေသခံတွေအားလုံး ထွက်ပြေးတိမ်းရှောင်ကြရပါတယ်။

စစ်ကောင်စီတပ်က သူတို့ တပ်စွဲထားတဲ့ ကျေးရွာတွေမှာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး ကောင်းမြတ်ဟိန်းတို့ နေအိမ်အပါအဝင် ရာနဲ့ချီသော လူနေအိမ်တွေ မီးလောင်ပျက်စီးသွားခဲ့ရပါတယ်။

spot_img
spot_img