spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စားဝတ်နေရေးဖြေရှင်းဖို့အတွက် အလုပ်အကိုင်ရရှိရန် ခက်ခဲလာ

ကန္တာရဝတီတိုင်း(မ်)

တိုက်ပွဲတွေ စတင်လာတာ ၁နှစ်ကျော်ရှိလာတဲ့နောက်ပိုင်းမှာ ကရင်နီပြည်က နေရာတော်တော်များများဟာ စစ်ပွဲဒဏ်ကို ခံခဲ့ရပါတယ်။ စစ်ပွဲကြောင့် အိုးအိမ်တွေကို စွန့်ခွာထွက်ပြေးနေသူတွေဟာ ကရင်နီပြည်တွင်း လူဦးရေရဲ့ ၃ပုံ ၂ပုံ ရှိပါတယ်။ စစ်ပွဲဇုံလိုဖြစ်နေတဲ့ ဒီးမော့ဆိုမြို့နယ် အပါအဝင် ဖရူဆိုမြို့နယ် နဲ့ တခြားမြို့နယ်တွေမှာ စစ်ဘေးရှောင် စခန်းတွေဖွင့်ပြီး နေထိုင်နေကြရပါတယ်။

ကရင်နီပြည်မှာ တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေရှိသလို တိုက်ပွဲမဖြစ်ပွားတဲ့နေရာတွေမှာလည်း ကုန်စျေးနှုန်းမြင့်တက်မှု၊ အလုပ်အကိုင်ရှားပါးမှုတွေကို ပြည်သူတွေကြုံတွေ့နေရပါတယ်။ စစ်ကောင်စီကို ဆန့်ကျင်ကာ CDM ပြုလုပ်ပြီး အလုပ်ရပ်နားခံရတဲ့ အစိုးရဝန်ထမ်းတွေနဲ့ ဒေသခံပြည်သူတွေဟာ စားဝတ်နေရေးဖြေရှင်းနိုင်ဖို့အတွက် အလုပ်အကိုင်ရရှိရန် ခက်ခဲနေကြတယ်လို့ ပြောပါတယ်။

“တစ်ခါတစ်ခါ Non-CDM လုပ်ခဲ့မိရင် ကောင်းသားလို့တောင်စဥ်းစားမိတယ်။ CDM လုပ်သွားပြီးမှ Non-CDM လုပ်သွားတဲ့ သူတွေလည်းရှိတယ်။ သူတို့ကိုလည်း အပြစ်မမြင်ရက်တော့ပါဘူး။ ဝင်ငွေမရှိ အစစအရာရာ ခက်ခဲနေတဲ့ ကာလမှာ တောင့်ခံဖို့မလွယ်ဘူးလေ။ ကျွန်မကိုယ်တိုင်လည်း ဘယ်လောက်တောင့်ခံနိုင်မလဲ မသိတော့ဘူး။ အပြင်အလုပ်ရှာရလည်းမလွယ်ဘူး။” လို့ CDM ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

တစ်ပြည်နယ်လုံးနီးပါး စစ်ဘေးဒဏ်ခံနေရတဲ့အပြင် မြို့တော်လွိုင်ကော်မှာလည်း စီးပွားရေးလုပ်ငန်းတွေ ခက်ခဲလာတာကြောင့် အလုပ်ကိုင်အခွင့်အလမ်းလည်း နည်းပါးနေတယ်လို့ လွိုင်ကော်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“အရင်က ဖုန်းဆိုင်မှာ လုပ်ခဲ့တယ်။ ခုဖုန်းဆိုင် က ပိတ်လိုက်တော့ ဘယ်မှာလုပ်ရမယ်မသိတော့ဘူး။ အလုပ်ခေါ်တာတွေလည်း နည်းသွားပြီဆိုတော့ ရှေ့ဆက်ဖို့တော့အတော်ခက်ပဲ။ အခြားမြို့ရွာသွားရှာဖို့လည်း မလွယ်ဘူးလေ” လို့ လူငယ်အမျိုးသမီးက ပြောပါတယ်။

လွိုင်ကော်မြို့ရဲ့ လူစည်းကားတဲ့နေရာတွေဖြစ်တဲ့ ရပ်ကွက်အချို့မှာလည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးရှောင်ခဲ့ရသလို လက်ရှိအချိန်ထိလည်း ဒေသခံအချို့က နေရပ်ပြန်ခြင်းမရှိကြသေးပါဘူး။
ဒါ့ကြောင့် လမ်းဆုံလမ်းခွနားက ဖုန်းဆိုင်၊ စားသောက်ဆိုင်၊ ဈေးရောင်းဈေးဝယ်လုပ်ငန်းအများစု ရပ်တန့်သွားတဲ့အတွက် အလုပ်လက်မဲ့ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ဒေသတွင်းတိုက်ပွဲတွေကြောင့် ခရီးသွားလုပ်ငန်းရပ်နားခဲ့ရသလို ဟော်တယ်လုပ်ငန်း၊ စားသောက်ဆိုင်အများစုလည်း ရပ်နားလိုက်ရတာဖြစ်ပါတယ်။

ပြည်နယ်တွင်း ဒေသအသီးသီးက လူငယ်အများစုဟာလည်း အိမ်နီးချင်းထိုင်းနိုင်ငံအပြင် ဂျပန်၊ စင်္ကာပူ၊ ကိုးရီးယားကို မိမိတို့ အခက်အခဲ၊ မိသားစု စားဝတ်နေရေး ဖြေရှင်းနိုင်ဖို့အတွက် အလုပ်ထွက်လုပ်နိုင်ရန် ကြိုးစားနေကြသလို တခြားမြို့ကြီးတွေမှာ အလုပ်အကိုင်ရရှိဖို့ ရွေ့ပြောင်းနေထိုင်ကြသူတွေလည်း ရှိနေပါတယ်။

“လူငယ်တွေက အရင်တုန်းက အဲ့မှာလုပ်ကိုင်တဲ့လူငယ်တွေက အခြားတနေရာမှာလုပ်ဖို့အတွက်ပေါ့ ဝင်ငွေရဖို့အတွက်က ဝင်ငွေမရှိတော့ဘူး။ နေရာမရှိတဲ့အတွက်ကြောင့်မလို့ အခုလိုမျိုးနိုင်ငံခြားကိုထွက်ဖို့အတွက် ပိုပြီးတော့မှ ဖြစ်လာတယ်ပေါ့နော။ ရှင်းရှင်းပြောရင်တော့ စစ်ကောင်စီရဲ့အာဏာသိမ်းမှုကြောင့် ကျနော်တို့လူမှုစီးပွားပျက်သုန်းတယ်။ အဲ့ဒါကြောင့်မလို့ လူငယ်တွေ နိုင်ငံခြားကိုထွက်ရတယ်ဆိုတဲ့ အချက်တစ်ခုကိုတော့ ကျနော်တို့ငြင်းလို့မရဘူး။” လို့ ကရင်နီလူအခွင့်အရေးအဖွဲ့ဒါရိုက်တာ ဦးဗညားက ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်နယ်မှာ တိုက်ပွဲဖြစ်ပွားလာတာ တစ်နှစ်ကျော်ကြာမြှင့်နေပြီး အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ရှောင်ပြည်သူ နှစ်သိန်းဝန်းကျင်ရှိနေပါတယ်။ အဲ့ဒီအထဲ ဒီးမော့ဆိုမြို့နယ်က စစ်ရှောင်ဦးရေအများဆုံးဖြစ်ပြီး လက်ရှိမှာလည်း စစ်ဇုံဖြစ်နေတာပါ။ ကိုယ့်ရပ် ကိုယ့်ရွာမဟုတ်တဲ့ ဒေသကို စစ်ရှောင်နေကြရတဲ့ အတွက် အလုပ်အကိုင် မရှိတာ၊ ဝင်ငွေမရှိတာတွေ ရှိနေပါတယ်။

“ ဝင်ငွေခါကျတော့ သူများ နီးနီးနားနားက အဲ့လို နေ့စားတွေ လာခေါ်လို့ ရှိရင်တော့ ကိုယ် က တခါတလေတော့ သွားရတာပေါ့နော။ အဲ့ဒါတွေနဲ့ပဲ ဆေးဖိုးတွေ၊ ဆီတခါတလေ ဝယ်စားတာနဲ့၊ ဆီထည့်တာနဲ့ဆို အဲ့ဒါ သူ့ အိမ်ထောင်ဦးစီးနဲ့ သူ့သားနဲ့ပဲ ရှာရတာပေါ့နော။ “ လို့ စစ်ရှောင်ရင်း နေ့စားအလုပ်ရှာဖွေလုပ်ကိုင်နေရသူ စစ်ရှောင်အမျိုးသမီးတစ်ဦးကပြောပါတယ်။

ဒေသခံစစ်ရှောင်တွေဟာ စိုက်ပျိုးရေးရာသီကာလမှာ မိမိတို့ နေရပ်ပြန်ပြီး စိုက်ပျိုးရေးမလုပ်နိုင်တော့တာကြောင့် စစ်ရှောင်တဲ့ ဒေသက ခြံရှင်တွေဆီမှာ ခြံအငှားနဲ့ လုပ်ကိုင်နေရသူတွေလည်းရှိပါတယ်။

တောင်ပေါ်ဒေသဖြစ်တဲ့ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာတော့ စိုက်ပျိုးရေးလုပ်ဖို့နေရာတွေများများစားစား မရှိတာကြောင့် နေ့စဉ် စားသုံးဖို့ အတွက် အလှူရှင်လာရောက်လှူဒါန်းမှုကိုသာ အားထားနေကြရပါတယ်။လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကြောင့် အလှူပေးတဲ့သူတွေမရောက်လာနိုင်တာတွေရှိနေပြီး ရိက္ခာတွေ ပြတ်လုနီးပါးအချိန်တွေရှိနေပါတယ်။

ကရင်နီလူ့အခွင့်အရေးအဖွဲ့ ရဲ့ ဒါရိုက်တာ ပြောကြားချက်အရ လက်ရှိအခြေအနေအတိုင်း ဆက်သွားနေရင် တိုက်ပွဲကြောင့် သေဆုံးမှုထက် ငတ်မွတ်ခေါင်းပါးမှုကြောင့် သေဆုံးနိုင်ခြေပိုများလာနိုင်တယ်လို့ ကန္တာရဝတီတိုင်း(မ်) နဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့ဖူးပါတယ်။

spot_img
spot_img