spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဆယ်ကျော်သက်နဲ့ ကလေးငယ်တွေမှာအဖြစ်များတဲ့ ရေကျောက်ရောဂါ

Author

Date

Category

ရေကျောက်ရောဂါဟာ ဗိုင်းရပ်စ်ပိုး (Varicella-zoster virus; VZV) ကြောင့်ဖြစ်ပွားပြီး ကူးစက်ပြန့်ပွားနှုန်း မြင့်မားတဲ့ အရေပြားရောဂါတစ်မျိုးဖြစ်ပါတယ်။ အများအားဖြင့် ကလေးတွေမှာ ဖြစ်တတ်ပေမဲ့ အရွယ်ရောက်ပြီးသူတွေမှာလည်း ဖြစ်နိုင်ခြေရှိပါတယ်။

ရေကျောက်ရောဂါဟာ ခန္ဓာကိုယ်မှာ ယားယံတဲ့ အရည်ကြည်ဖုတွေ ဖြစ်စေပြီး အဲဒီအရည်ကြည်ဖု တွေဟာ ရင်ဘတ်၊ ကျောက်ဘက်နဲ့ မျက်နှာတွေမှာ စတင်ဖြစ်ပေါ်စေပြီး ခန္ဓာကိုယ်နေရာအနှံ့အပြား ကို ပျံ့နှံ့သွားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ နဲ့ စက်တင်ဘာလအတွင်း ကရင်နီပြည် စစ်ဘေးရှောင်စခန်းတစ်ချို့မှာ ကျောင်းနေအရွယ်ကလေးတွေ ရေကျောက်ရောဂါ အဖြစ်များနေတဲ့အတွက် နောက်ထပ်ရေကျောက်ရောဂါ ဖြစ်ပွားခဲ့သည်ရှိသော် ဘယ်လိုနေထိုင်ရမလဲဆိုတာကို ကျန်းမာရေးဗဟုသုတ အနေနဲ့ အသုံးဝင်မယ့် နည်းလမ်းတစ်ချို့ ဖော်ပြပေးလိုက်ပါတယ်။

ရေကျောက်ရောဂါရဲ့ ရောဂါလက္ခာဏာများ

ရေကျောက်ရောဂါရဲ့ ထင်ရှားတဲ့ရောဂါလက္ခဏာကတော့ ခန္ဓာကိုယ်တွင် အနီကွက်တွေဖြစ်လာပြီး အဲဒီအကွက်များမှ ယားယံသော အရည်ကြည်ဖုတွေထလာကာ နောက်ဆုံးမှာ အနာဖေးတွေအဖြစ် ပြောင်းလဲသွားပါတယ်။

အနီကွက်တွေ မဖြစ်ပေါ်ခင် (၁) ရက်မှ (၂) ရက်အတွင်း ဖြစ်ပေါ်လာတတ်တဲ့ အခြားထင်ရှားတဲ့ လက္ခဏာတွေကတော့ ဖျားခြင်း၊ မောပန်းခြင်း၊ အစာစားချင်စိတ် မရှိခြင်း ၊ခေါင်းကိုက်ခြင်း စတဲ့ လက္ခာဏာတွေကို ပြလေ့ရှိပါတယ်။

ရေကျောက်ရောဂါကူးစက်ခံရပါက ပြင်းထန်စွာခံစားရသူတွေကတော့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ဖြစ်ပွားတတ်ပေမယ့် မူလကျန်းမာရေးကောင်းသူဖြစ်မယ်ဆိုရင် စိုးရိမ်စရာ မရှိဘူးလို့ သိရပါတယ်။

နောက်ဆက်တွဲကျန်းမာရေးပြဿနာများ

ရေကျောက်ရောဂါရဲ့ ပြင်းထန်စွာခံစားရနိုင်ခြေရှိသူတွေနဲ့ နောက်ဆက်တွဲပြဿနာတွေကို ခံရနိုင်သူတွေကတော့ မွေးကင်းစကလေးငယ်တွေ ၊ ဆယ်ကျော်သက်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ခန္ဓာကိုယ်ခုခံအား ကျဆင်းနေသူတွေ (ဥပမာ – အိတ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ် ရောဂါလူနာများ၊ ကင်ဆာရောဂါလူနာများ) နဲ့ ခန္ဓာကိုယ်အစိတ်ပိုင်း အစားထိုးကုသထားသူတွေပဲ ဖြစ်ပါတယ်။

ကလေးငယ်တွေမှာ ရေကျောက်ရောဂါကို ပြင်းထန်စွာခံစားရခဲ့ရင် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာ အနေနဲ့ အရေပြားနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ ဘက်တ်တီးရီယားပိုးများ ဝင်ရောက်နိုင်ပါတယ်။

ဒီထက်ပြင်းထန်ရင်တော့ နမိုးနီးယား အဆုတ်ရောင်ရောဂါ ၊ ဦးနှောက်ပိုးဝင်ခြင်း (သို့မဟုတ်) ဦးနှောက်ရောင်ရောဂါ ၊ ခန္ဓာကိုယ်သွေးယိုခြင်း ၊သွေးဆိပ်တက်ခြင်း ၊ရေဓာတ်ခန်းခြောက်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။

ရေကျောက်ရောဂါရဲ့ ပြင်းထန်တဲ့ နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေ ခံစားရသူတွေဟာ ဆေးရုံတက်ရောက်ကုသမှု ခံယူရမှာဖြစ်ပါတယ်။ ရောဂါပြင်းထန်ပါက အသက်ဆုံးရှုံးတဲ့အထိ ဖြစ်ပွားနိုင်ပါတယ်။

ရေကျောက်ရောဂါက ဘယ်လိုကူးစက်သလဲ

ရေကျောက်ရောဂါပိုးကူးစက်ခံထားရသူမှ နှာချေ၊ ချောင်းဆိုးတာက တဆင့် လေထဲမှာပါလာတဲ့ အမှုန်အမွှားတွေကနေ ကူးစက်နိုင်သလို ချွဲတွေ၊ သွားရည် နဲ့ အရည်ကြည်ဖုလေးတွေကနေ ထွက်လာတဲ့ အရည်တွေကနေတဆင့်လည်း ကူးစက်နိုင်ပါတယ်။

ရေကျောက်ရောဂါ ကူးစက်ခံထားရသူမှာ အနီကွက်များ/အရည်ကြည်ဖုတွေ စတင်မဖြစ်ပေါ်မီ (၁) ရက်မှ (၂) ရက်အတွင်းမှစတင်ပြီး အရေပြားပေါ်ရှိအနာတွေ အနာဖေးတက်သွားချိန်အထိ အခြားသူတွေကို ရောဂါကူးစက်ဖြစ်ပွားစေနိုင်ပါတယ်။

ကလေးတွေမှာ ရေကျောက်ရောဂါဖြစ်နေရင် ဘယ်လိုပြုစုပေးရမလဲ

ကလေးတွေမှာ ရေကျောက်ပေါက်တဲ့အခါ ယားယံတာနဲ့ မအီမသာဖြစ်တာတွေ သက်သာစေဖို့အတွက်
ရေခဲဝတ်လေးကပ်ပေးတာ ၊ရေနွေးနွေးလေးနဲ့ ရေချိုးပေးတာ နဲ့ calamine lotion လေးလိမ်းပေးလို့ရပါတယ်။

ကလေးငယ်တွေရဲ့ ပါးစပ်ထဲမှာ အရည်ကြည်ဖုပေါက်ခဲ့ရင်ရေအေးအေးလေး နဲ့အအေးခံထားတဲ့ နူးနူးညံ့ညံ့အစားအစာလေးတွေ ကျွေးပေးရမှာ ဖြစ်ပါတယ်။

လိမ္မော်ရည်လိုမျိုး အချဉ်ဓာတ်ပါတဲ့ အစားအစာတွေ ၊အက်ဆစ်ဓာတ်ပါတဲ့ အစားအစာတွေ၊ သောက်စရာတွေ၊ အငန်ကဲတဲ့ အစားအစာတွေ မကျွေးသင့်ပါဘူး။

အရေးကြီးဆုံးကတော့ ရေကျောက်ပေါက်နေတဲ့ကလေးကို အကိုက်အခဲပျောက်ဆေးတိုက်တာမျိုး လုံးဝမလုပ်ရပါဘူး။

အရွယ်ရောက်ပြီးသူတွေ ရေကျောက်ရောဂါဖြစ်ခဲ့ရင် သက်သာအောင်ဘယ်လိုနေထိုင်ရမလဲ

ယားယံတွေ သက်သာဖို့အတွက် ရေအေးပတ်တိုက်ပေးလို့ရပါတယ်။ အဖျားကြီးရင် ရေချိုးပေးရမှာ ဖြစ်ပါတယ်။ ရေချိုးလို့ ရေကျောက်ပိုဆိုးတယ်ဆိုတာ ကောလဟာလသာဖြစ်ပါတယ်။ တဘက်သုတ်တဲ့အခါ မပွတ်တိုက်ဘဲ ခပ်ဖွဖွသာ သုတ်ပေးရပါမယ်။

ယားယံမှုကို သက်သာစေဖို့ Calamine လိမ်းဆေးကို လိမ်းပေးရပါမယ်။ လိမ်းဆေးလိမ်းတဲ့ အခါမှာတော့ မျက်နှာနဲ့ မျက်လုံးနေရာကိုတော့ ရှောင်ကြဉ်ရပါမယ်။ နာကျင်တာနဲ့ ကိုယ်ပူသက်သာစေဖို့ ပါရာစီတမော စတဲ့ ဆေးလိုမျိုး သောက်ပေးလို့ရပါတယ်။

အနီကွက်တွေ စတင်ဖြစ်ပေါ်ပြီးနောက် အနည်းဆုံး ငါးရက်နဲ့ အရည်ကြည်ဖုများအားလုံး ခြောက်သွားတဲ့အချိန်အထိ အခြားသူတွေနဲ့ နီးကပ်စွာ ထိတွေ့နေထိုင်ခြင်းမှ ရှောင်ကြဉ်ရပါမယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကိုယ်ခံအားကျဆင်းနေတဲ့ ကလေးငယ်တွေနဲ့ နီးကပ်စွာထိတွေ့နေထိုင်ခြင်းမှလည်း ရှောင်ကြဉ်ရမှာဖြစ်ပါတယ်။

ရောဂါကာကွယ်နိုင်မယ့်နည်းလမ်းများ

လူအများစုမှာ ရေကျောက်ဖြစ်ရတဲ့ အကြောင်းအရင်းက ရေကျောက်ကာကွယ်ဆေး မထိုးထားတာကြောင့်ဖြစ်ပါတယ်။

ရေကျောက်ရောဂါကူးစက်ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်မည့် အကောင်းဆုံးနည်းလမ်းမှာ ရေကျောက်ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းဖြစ်တယ်လို့ သိရပါတယ်။

ရေကျောက်ရောဂါ ကာကွယ်ဆေးဟာ ရောဂါကာကွယ်တဲ့အခါ အလွန်အန္တရာယ်ကင်းပြီး ထိရောက်မှုရှိသလို ကာကွယ်ဆေး ထိုးနှံထားပြီး ရောဂါကူးစက်ခံရင်တောင် ရောဂါလက္ခဏာ မပြင်းထန်နိုင်ဘူးလို့ သိရပါတယ်။

ရေကျောက်ရောဂါ ဖြစ်ပြီး (၄) ရက်ကျော်တဲ့အထိ ဖျားနေခြင်း၊ (၁၀၂) ဒီဂရီ ဖာရင်ဟိုက် အထက် အဖျားတက်ခြင်း၊ လမ်းကောင်းစွာမလျှောက်နိုင်ခြင်း၊မကြာခဏအန်ခြင်း ၊အသက်ရှူရခက်ခဲခြင်း ၊ ပြင်းထန်စွာ ချောင်းဆိုးခြင်းနဲ့ ဗိုက်နာခြင်း ၊အနီကွက်အတွင်းမှ သွေးများထွက်လာခြင်း ဒါမှမဟုတ် အညိုအမည်းစွဲလာခြင်းတို့ ဖြစ်လာခဲ့ရင် ကျန်းမာရေးဝန်ထမ်းတွေနဲ့ အမြန်ဆုံး ပြသရမှာဖြစ်ပါတယ်။

ကိုးကား- NUG MOH facebook page, Hello Sayarwon website

spot_img
spot_img

Recent posts