spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဆီးလီဒုန်းကျေးရွာမှာ အသတ်ခံရပြီး မြေမြှုပ်ထားတဲ့ အရပ်သားနှစ်ဦးအလောင်းတွေ့ရှိ

ကန္တာရဝတီတိုင်း(မ်)

ဒီးမော့ဆိုမြို့နယ် ဆီးလီဒုန်းကျေးရွာမှာ အသတ်ခံရပြီး မြေမြှုပ်ထားတဲ့ အရပ်သားအမျိုးသားနှစ်ဦးရဲ့အလောင်းကို ယမန်နေ့ စက်တင်ဘာလ ၁၆ ရက်နေ့မှာ တွေ့ရှိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF B-06 ) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သူတို့ဟာ စက်တင်ဘာလ ၁၄ရက်နေ့ကတည်းက အသတ်ခံရတာဖြစ်ပြီး ခြံဝန်းတစ်ခုထဲမှာ မြေမြုပ်ထားတာကို တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ အသက် ၃၄နှစ်အရွယ် ဖရန်းစစ္စကို နဲ့ အသက် ၄၄နှစ်အရွယ် ဦးကလယ်မူး ဖြစ်တယ်လို့ သိရပါတယ်။

“သူတို့က ရက်စက်ထားပြီးတော့မှ ကြိုးတွေနဲ့ ဆွဲလား။ ဘယ်လိုဆွဲလည်း မသိဘူး။ အဲ့လိုဆွဲတော့ ကျနော်တို့ သွေးနောက်ကိုပဲ လိုက်သွားတယ်။ မြက်တွေလည်းထူတော့လေနော။ မြက်တွေလဲနေတာ ကျနော်တို့တွေ့တော့ အဲ့တာ အဲ့ဒီလမ်းကြောင်းအတိုင်းသွားတော့ ဒီခြံတစ်ခြံထဲမှာပေါ့နော။ မြေကြီးတွေ ဖို့ထားတာတွေ့တော့ သူတို့နှစ်ယောက်က တစ်ကျင်းထဲမှာပဲ တိမ်တိမ်လေးပဲ မြုပ်ထားတာတွေ့ရတယ်။” လို့ သူက ပြောပါတယ်။

အသတ်ခံရတဲ့ ဖရန်းစစ္စကိုဟာ ယခင်ကတည်းက ထိခိုက်ဒဏ်ရာကြောင့် ခြေတောက်တစ်ဖက် ကောင်းစွာလမ်းမလျှောက်နိုင်ဘူးလို့ သိရပါတယ်။ ဦးကလယ်မူးဟာ အိမ်ထောင်သည်ဖြစ်ပြီး သားနှစ်ယောက်နဲ့ သမီးတစ်ယောက်ရှိလို့ သိရပါတယ်။ အလောင်းတွေ့ရှိပြီးနောက် သူတို့ရဲ့မိသားစုဝင်တွေနဲ့ ရဲဘော်တွေက ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

စက်တင်ဘာလ ၁၄ရက်နေ့က စစ်ကောင်စီနဲ့ ကရင်နီဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ ဆီးလီဒုန်းကျေးရွာအနီးတစ်ဝိုက်မှာ တစ်နာရီခွဲကြာ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပါတယ်။

ဆီးလီဒုန်းကျေးရွာနဲ့ အနီးအနားကျေးရွာက ဒေသခံတွေကို စစ်ကောင်စီနဲ့ တခြား လက်နက်ကိုင်အဖွဲ့အစည်းတချို့က ပြန်လာနေဖို့ ပြောဆိုနေကြတာရှိပေမယ့် တိုက်ပွဲတွေ အချိန်မရွေးဖြစ်နိုင်တဲ့အတွက် ပြန်မနေကြဖို့ KNDF B-06 တာဝန်ရှိသူတွေက တိုက်တွန်းထားပါတယ်။

တော်လှန်ရေးအောင်တဲ့အထိ တောင့်ခံပေးကြဖို့လည်း KNDF B-06 တာဝန်ရှိသူက ဆက်ပြောပါတယ်။

“သူများနည်းတူ တခြားကိုယ့်ရဲ့ ညီအကိုတွေလည်း တောင့်ခံတဲ့အချိန်မှာ တခြားကိုယ့်ရဲ့ ညီအကိုတွေလည်း အတူတောင့်ခံပြီးတော့မှ ဒီတော်လှန်ရေးမှာ ဆက်ပါပေးဖို့ပေါ့နော။ စစ်ခွေး ရှိတဲ့နေရာမှာ ကျနော်တို့ပြည်သူတွေက စစ်ခွေးတွေ မကြိုက်တဲ့အတွက်ကြောင့်မလို့ သူတို့ရှိရင် ငါတို့မရှိဘူး။ သူတို့ကို မကြိုက်တဲ့အတွက်ကြောင့်မလို့ သူတို့ကို မတွေ့ချင်တဲ့အတွက်ကြောင့်မလို့ သူတို့ အုပ်ချုပ်မှုအောက်မှာ မနေချင်လို့ ဆိုတဲ့ဟာ ပြသစေချင်တယ်။ သူတို့ကိုလည်း ခဏခဏတိုက်တွန်းတယ်။ တော်တော်များများလည်း နားလည်ကြတဲ့အတွက်ကြောင့်မလို့ပေါ့နော။ ပြန်မနေကြဘူး။ ကျနော်တို့ ဒီနည်းလမ်းနဲ့လည်း စစ်ခွေးတွေကလည်း အိမ်တွေကို မီးရှို့ထားတယ်။ မိုင်းတွေလည်း ရှိတယ်။ ဘယ်သူမှ တာဝန်မယူနိုင်ဘူး။ ဖြစ်တဲ့အခါကျ မိုင်းတွေနင်းမိတဲ့အခါကျ ပြန်နေပါလို့ ပြောတဲ့လူတွေလည်း ဘယ်သူမှ တာဝန်မယူနိုင်တဲ့အတွက်ကြောင့်မလို့ သူတို့စကားကို မယုံကြဖို့ သူတို့က သူတို့ တစ်ပို့တည်းသမားတွေ ကျနော်တို့လည်း အတတ်နိုင်ဆုံးပြည်သူတွေကို ရှင်းပြတော့ ပြည်သူတွေ အများစုက နားလည်သဘောပေါက်ပြီးတော့မှ ဒီရွာမှာ ပြန်နေတဲ့ဟာတွေ မလုပ်ကြပါဘူး။ ဒါအနည်းစုက ပြန်နေတာ တော်တော်လေးနည်းပါတယ်။” လို့ သူက ပြောထားပါတယ်။

၂၀၂၂ခုနှစ် ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်အလုံးအရင်းက မိုးဗြဲမြို့ကနေ နန်းမယ်ခုံ၊ ကျွန်းတော၊ သေးဆူလဲ၊ ဒေါလျားလီ၊ ဒေါပီတ၊ ဒေါစဲ၊ ဒေါပေါ်ကလဲ၊ ဒေါကမီး၊ ဆီးလီတုန်း၊ ဟန်သောခူ၊ ပူဖား၊ကုန်းသာ၊ ဒေါငံခါးရပ်ကွက်လမ်းမကြီးတစ်လျှောက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး လက်ရှိအချိန်ထိ တပ်စွဲထားတဲ့အနေအထားရှိနေဆဲလို့ သိရပါတယ်။

ကျေးရွာပေါင်း ၁၀ရွာထက်မနည်း အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်ခဲ့ရပြီး ကျန်ရစ်တဲ့ဒေသခံနေအိမ်အများအပြားဟာ စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ဘေးရှောင်ရင်း နေရပ်ပြန် အိမ်ပြန်ကြည့်တာတွေ၊ ရိက္ခာပြန်ယူတာတွေကြောင့် ၆လအတွင်း မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက် ဆုံးရှုံးရသူ ၄ဦး၊ အရပ်သားသေဆုံးမှု ၃ဦးနဲ့ အဆက်အသွယ်မရပဲ ပျောက်ဆုံးသွားတဲ့ အရပ်သား အများအပြားရှိနေနိုင်တယ်လို့ KNDF B-06 တာဝန်ရှိသူထံကနေ သိရပါတယ်။

spot_img
spot_img