spot_imgspot_imgspot_imgspot_img
Saturday, April 26, 2025
spot_imgspot_imgspot_imgspot_img

ညောင်ရွှေရောက် ကရင်နီစစ်ရှောင်တချို့ နေစရာမရှိတဲ့အတွက် ဘုရားစေတီတွေမှာ တည်းခိုနေကြရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်းမှာ ဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် ထပ်မံ ထွက်ပြေးတိမ်းရှောင်ရတဲ့ ကရင်နီစစ်ရှောင်တချို့ဟာ ညောင်ရွှေမြို့ကို ရောက်ရှိလာပေမဲ့ တည်းခိုစရာနေရာ အခက်အခဲရှိနေတာကြောင့် ဘုရားစေတီတွေမှာ သွားရောက်တည်းခိုနေကြတယ်လို့ ကရင်နီစစ်ရှောင်တွေဆီကနေ သိရပါတယ်။

“ဘုရားမှာတည်းကြတာရှိတယ်။ မနေ့ညက တခြား ဘုရားစေတီတွေမှာ တည်းတဲ့အဖွဲ့တွေလည်း ရှိတယ်။ တည်းပြီးအိမ်ငှားလို့ရပြီး အဆင်ပြေပြီဆို ပြောင်းကြပြီးမှ နောက်တစ်ဖွဲ့က ထပ်လာ အဲ့လို။ ဒီမှာကျတော့ ၂ဖွဲ့ပဲရှိတယ်။ အခု ကျမတို့တည်းတဲ့နေရာက ရွှေရန်ပြေဘုရားမှာ” လို့ ဆီဆိုင်မြို့နယ်အတွင်းကနေ ထပ်ဆင့် စစ်ရှောင်လာတဲ့ ကရင်နီစစ်ရှောင်တစ်ဦးက ဆိုပါတယ်။

ကရင်နီစစ်ရှောင်တွေ ရောက်ရှိခိုလှုံနေတဲ့​ ရွှေရန်ပြေဘုရားမှာ စစ်ရှောင်ဦးရေ ၂၀ ဝန်းကျင် တည်းခိုနေကြပြီး တခြားသော ဘာသာရေးအဆောက်အအုံတွေမှာလည်း တည်းခိုကြတဲ့ စစ်ရှောင်တွေရှိနေတယ်လို့ သိရပါတယ်။

အဲ့ဒီ ရွှေရန်ပြေဘုရား ကျောင်းဝန်းဟာ နေရာထိုင်ခင်းအတွက် နေရာကျဉ်းတဲ့အပြင် ချက်ပြုတ်စားသောက်ဖို့နေရာ နဲ့ ရေ အခက်အခဲရှိတာကြောင့် ထပ်မံ ရောက်ရှိလာမယ့် စစ်ရှောင်တွေအတွက် လိုအပ်ချက် များပြားနေတယ်လို့ ဆိုပါတယ်။

ထပ်ဆင့်ပြောင်းရွေ့နေရတဲ့ ကရင်နီစစ်ရှောင်တချို့ဟာ နေအိမ်ငှားရမ်းနေထိုင်ဖို့ ငွေကြေးမတတ်နိုင်ကြတဲ့အပြင် စစ်ရှောင်ဦးရေများနေတာကြောင့်လည်း အိမ်ငှားတွေ မရှိတော့ဘူးလို့ စစ်ရှောင်အမျိုးသမီးက ဆက်ပြောပါတယ်။

“အိမ်ကတော့ ၁သိန်းအောက်တော့ရှားတယ်။ ၁သိန်း၊ ၁ သိန်းခွဲ၊ ၂သိန်းအထက်တွေပဲ ဒီဘက်ကတော့။ မတတ်နိုင်ဘူးလေ။ အဲ့ကြောင့် အဆင်ပြေတဲ့နေရာမှာ ရှာနေကြရတာပေါ့ ။ အခုက အိမ်တွေ့တာနဲ့ ချက်ချင်းကြည့်ပြီး မြန်မြန်ယူမှ မဟုတ်ရင် ၁နာရီလောက်ဆို သူများလာငှားနေလိုက်ပြီ။” လို့ သူက ပြောပါတယ်။

လတ်တလော စစ်ရှောင်တွေ တည်းခိုနေတဲ့နေရာဟာ အိပ်ခန်းဆောင် သီးသန့်မရှိတာကြောင့် တမံသလင်း ဟောခန်းလိုနေရာမှာ တစ်စုတည်း နေထိုင်ကြရတယ်လို့ သိရပါတယ်။ ရှမ်းပြည်ကို ရောက်ရှိနေတဲ့ ကရင်နီစစ်ရှောင်ဦးရေ ၅သောင်းဝန်းကျင်ရှိနေနိုင်ပြီး စစ်ရှောင်ကာလကြာမြှင့်လာတာနဲ့အမျှ ထပ်ဆင့် စစ်ရှောင်ကြရတဲ့သူတွေအတွက် လိုအပ်ချက် ပိုမိုများပြားနေတယ်လို့ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts