ကန္တာရဝတီတိုင်း(မ်)
ဝါးထရံအိမ်လေးတစ်လုံးမှာ လေး၊ ငါးယောက် လူငယ်တစ်စုက ကုတင်တစ်လုံးပေါ်မှာ ဝိုင်းဖွဲ့စုထိုင်ကာ စကားစမြည်ပြောကြရင်း ရီမောနေကြတာကို တွေ့လိုက်ရပါတယ်။
ကျမတို့ရောက်ရှိသွားတဲ့အချိန်မှာ သူတို့လေးတွေက ပြောလက်စစကားကို ရပ်တန့်လိုက်ပြီး အိမ်ထဲခေါ်ကြတယ်။ ဖော်ဖော်ရွေရွေနဲ့ ကြိုဆိုနေကြပါတယ်။
သူတို့တွေက အသက် ၂၀ကနေ ၂၅နှစ်ကြားရှိကြတဲ့ လူငယ်တွေဖြစ်ကြပါတယ်။ ကျမတို့ကို ကြိုဆိုဖို့ မတ်တပ်ရပ်လိုက်တဲ့အချိန်မှာတော့ အဲ့ထဲက လူငယ်လေးတချို့က ဘယ်ခြေထောက်မရှိတော့တာ တချို့က လက်ချောင်းလေးမရှိတော့တာ မျက်လုံးမရှိတော့တာကို သတိထားမိပါတယ်။
သူတို့တွေဟာ သာမန်လူငယ်တွေမဟုတ်ကြပါဘူး။ နှစ်ပေါင်း ၇၀ကျော်ကြာ တော်လှန်ရေးဆင်နွဲနေဆဲဖြစ်တဲ့ ကရင်နီတပ်မတော် ( KA ) ရဲဘော်တွေဖြစ်ကြပါတယ်။
သူတို့ဟာ မတူတဲ့ နေရာဒေသအသီးသီးက မတူညီတဲ့ နောက်ခံမိသားစုတွေဖြစ်ကြပေမယ့် တူညီတာတစ်ခုကတော့ စစ်ကောင်စီကိုအမြစ်ပြတ်ချေမှုန်းချင်ကြတဲ့ ခံယူချက်ပါ။ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ အာဏာရှင်ကို တော်လှန်တိုက်ခိုက်ဖို့အတွက် ကရင်နီတပ်မတော်ထဲကို ရောက်ရှိလာကြသူတွေဖြစ်ပါတယ်။
ဝိုင်းဖွဲ့ထိုင်ကြတဲ့လူငယ်တွေအထဲ လူငယ်နှစ်ဦးကတော့ မစ်ရှင်တစ်ခုသွားရင်း မတော်တဆမိုင်းပေါက်ကွဲမှုကြောင့် မျက်စိ၊ လက်ချောင်းလေးတွေ ဆုံးရှုံးလိုက်ရတဲ့ အသက် ၁၉နှစ်အရွယ် တာအယ်စိုးနဲ့ ခြေတစ်ဖက်ဆုံးရှုံးလိုက်ရတဲ့ အသက် ၂၃နှစ်အရွယ် မာရီးနိုတို့ဖြစ်ကြပါတယ်။
ပြီးခဲ့တဲ့ မေလ ၅ရက်နေ့ ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ စစ်ကောင်စီရိက္ခာပို့တဲ့ လမ်းကြောင်းကို တားဆီးဖို့ ကရင်နီတပ်မတော် တပ်ဖွဲ့ဝင်တွေနဲ့အတူ တာအယ်စိုးတစ်ယောက်တာဝန်ထမ်းဆောင်စဉ်အတွင်း မိုင်းပေါက်ကွဲခဲ့လို့ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
တာအယ်စိုး ဒဏ်ရာရတာကို တွေ့ပြီးနောက် ပတ်တီးစည်းပေးဖို့သွားတဲ့ သူ့ရဲ့ သူငယ်ချင်းဖြစ်တဲ့ မာရီးနိုကလည်း နောက်ထပ် မြေမြုပ်မိုင်းနင်းမိခဲ့တာကြောင့် ဘယ်ဘက်ခြေတောက်တစ်ဖက် ဆုံးရှုံးခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက သူငယ်ချင်းအတွက် စိတ်ပူခဲ့ပြီး သတိလက်လွတ်ဖြစ်သွားခဲ့တယ်လို့ မာရီးနိုက ရှင်းပြပါတယ်။
တစ်မိနစ်အတွင်း သူတို့သူငယ်ချင်းနှစ်ယောက် ကိုယ်လက်အင်္ဂါတချို့ ဆုံးရှုံးလိုက်ရတဲ့ အဲ့ဒီရက်တုန်းက အဖြစ်အပျက်ကို တာအယ်စိုးက အခုလိုပြန်ပြောပြပါတယ်။
“ ကျနော်က ထောင်တယ်ကော။ သူကတော့ ထောင်ပြီးပြီ။ ကျနော်ထောင်တော့ ထောင်ပြီးတာနဲ့ မိုင်းက ဘယ်လိုမျိုးလဲ ပေါက်သွားတယ်လေ။ ဒါပေမယ့် ကျနော့် သူငယ်ချင်းတစ်ယောက် ငါ့ကို လာကူမလို့ လာကူရင်းနဲ့ ပြန်တက်နင်းမိတာပေါ့။ ငါ့ဆီမှာ ပြေးလာရင်းနဲ့ ပတ်တီးပြန်ယူပြီး ပြေးလာတော့ ပြေးလာပြီးမှ ပြန်တက်နင်းမိ။ တစ်မိနစ်ထဲပဲလေ။” လို့ တာအယ်စိုးက မရှိတော့တဲ့ သူ့ရဲ့လက်ချောင်းလေးကို ပြန်စမ်းရင်း ကျမတို့ကို ပြန်ပြောပြပါတယ်။
၂၀၂၂ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ကို တော်လှန်ဖို့ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ကရင်နီတပ်မတော်ထဲကို သူတို့နှစ်ဦး ဝင်ခဲ့ကြပါတယ်။ ဝင်တဲ့အချိန်ကတော့ ၂၀၂၁ခုနှစ် ဇွန်လပိုင်းဖြစ်ပါတယ်။
ကရင်နီတပ်မတော်ရဲ့ ကွန်မန်ဒို နှစ်လကျော်သင်တန်းမှာ တာအယ်စိုးနဲ့ မာရီးနို တို့ ခင်မင်ခဲ့တာဖြစ်ပါတယ်။ သင်တန်းအတွင်း သိပ်မရင်းနှီးခဲ့ကြပေမယ့် ဖောက်ခွဲရေးအပိုင်း တာဝန်ကျချိန်မှာ ပိုပြီး ရင်းနှီးခဲ့တယ်လို့ ဆိုပါတယ်။
ကရင်နီပြည်တွင်းက စစ်ကောင်စီစစ်ကြောင်း၊ ရိက္ခာလမ်းကြောင်းတွေကို သူတို့သူငယ်ချင်းနှစ်ဦး မိုင်းတွေလိုက်ထောင်ခဲ့ပါတယ်။
မေလ ၄ရက်နေ့မှာ နယ်စပ်တစ်နေရာက စစ်ကောင်စီရိက္ခာလမ်းကြောင်းမှာ သူတို့နှစ်ဦးပါတဲ့ ကရင်နီတပ်မတော်တပ်ဖွဲ့ဝင်တွေ မိုင်းထောင်ရင်း စစ်ကောင်စီ ၉ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အားမာန်ပါပါ မာရီးနိုက ရှင်းပြပါတယ်။ ပင်းပန်းခဲ့ရတဲ့အကြောင်းလည်း ပြောပြနေပါတယ်။
သို့ပေမယ့် မေလ ၅ရက်နေ့မှာတော့ တာအယ်စိုးနဲ့ မာရီးနိုတို့ မတော်တဆဖြစ်ရပ်ကြောင့် ထိခိုက်ဒဏ်ရာရခဲ့သလို တစ်ရက်တည်းမှာပဲ နယ်စပ်ဒေသရဲ့ တခြားတစ်နေရာက KA ဗိုလ်လေးတစ်ဦးလည်း မိုင်းနင်းမိပြီး ခြေတောက်တစ်ဖက် ဆုံးရှုံးခဲ့ရပါတယ်။ အဲ့ဒီနေ့က သူတို့အားလုံးရဲ့ ကံဆိုးတဲ့နေ့တစ်နေ့လို့ မှတ်ယူကြပြီး စိတ်မကောင်းဖြစ်ကြရတယ်လို့ ပြောပါတယ်။ အခုတော့ သူတို့အားလုံးက ကရင်နီတပ်မတော်ထိန်းချုပ်ရာနယ်မြေတစ်နေရာမှာ အတူတကွ ပြန်လည်ဆုံစည်းနေကြတာပါ။
“တခါတလေဆိုရင် မေ့တယ်လေ။ ကိုယ့်ခြေတောက်ရှိတယ်လို့ပဲထင်ပြီး ထပြီး လမ်းလျှောက်ဆို ပြုတ်ကျတာတို့ ရှိတော့ အဲ့ဒီအချိန်မှာ အောငါ့ခြေတောက်တစ်ဖက်က မရှိတော့ပါလားဆိုပြီးတော့ အဲ့ဒီအချိန်မှာ အသိစိတ်တော့ ပြန်ဝင်လာတဲ့အချိန်မှာ ခြေတောက်တော့ ပြန်လိုချင်မိတယ်။” လို့ မာရီးနိုက ပြောပါတယ်။
မိုင်းနင်းမိပြီး ခြေထောက်ဆုံးရှုံးရတဲ့ရဲဘော်တွေက ခြေတောက်အတု တပ်ဆင်ကြဖို့ ပြင်ဆင်နေကြပါတယ်။ မာရီးနိုလည်း အပါအဝင်ဖြစ်ပြီး ခြေတောက်အတုနဲ့လည်း နေသားကျအောင် လေ့ကျင်ရအုံးမှာဖြစ်ပါတယ်။
“ခြေတောက်အတုနဲ့ အစစ်က အများကြီးကွာတာပေါ့။ ကျနော်တို့အရင်ကဆိုရင် တိုက်ပွဲသွားမယ်ဆိုလို့ရှိရင် တောင်တက်လို့ရမယ်။ ကုန်းဆင်းရင်လည်း ပြေးဆင်းလို့ရမယ်။ ဒါပေမယ့် ဒီ ခြေတောက်အတုနဲ့ဆိုရင်တော့ ဒီမြေပြန့်အနေအထားမှာတောင် ကျနော်တို့လည်း တော်တော်လေးကို အားယူပြီးသွားရတယ်။ ပြီးတော့ မတူတဲ့အခါကျတော့ ကျနော်တို့လည်း ခံစားရတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒါကျနော်တို့ လုပ်နေတဲ့အရာတွေအားလုံးက တိုင်းပြည်အတွက်ပဲ လုပ်နေတယ်ဆိုတော့ ခွန်အားပြန်ယူပြီးတော့ အတတ်နိုင်ဆုံးပေါ့နော။ လမ်းပြန်လျှောက်တဲ့အခါမှာလည်း အတတ်နိုင်ဆုံး နာကျင်နေပေမယ့်လည်း ကျနော်တို့ အပြုံးတော့ မပျက်ဘူးပေါ့နော။ အဲ့ဒီလိုပဲ ကျနော်တို့ ခံယူချက်ကတော့” လို့ မာရီးနိုက ဆိုပါတယ်။
မာရီးနိုဟာ ကျောင်းပြီးဆုံးအောင်တက် နိုင်ငံခြားထွက် ပိုက်ဆံရှာပြီး မိဘကိုအလုပ်အကျွေးပြုနိုင်ဖို့အတွက် မျှော်လင့်ထားပေမယ့် လက်ရှိအခြေအနေအရကပဲ ရုန်းကန်သွားရလိမ့်မယ်လို့ ပြောပါတယ်။ တာအယ်စိုးဟာလည်း မိသားစုထဲမှာ သားအကြီးဆုံးဖြစ်တဲ့အတွက် မိဘကိုကူညီချင်တဲ့စိတ်က အပြည့်ရှိနေဆဲပဲလို့ ပြောပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ကတော့ မျက်စိမမြင်ရတော့တာကြောင့် ဘယ်နေရာပဲနေနေ အတူတူပဲလို့ စိတ်မကောင်းစွာပြောပြပါတယ်။
“ပြန်တော့ပြန်ချင်တယ်။ ဒါပေမယ့် မျက်စိမမြင်တော့ ဘယ်ပဲနေနေတူတူပဲ။”လို့ ပြောပါတယ်။
တာအယ်စိုးနဲ့ မာရီးနိုတို့ဟာ မိသားစုနဲ့ခွဲခွာရတဲ့ လက်နက်ကိုင် တော်လှန်ရေးမှာ စိတ်တူကိုယ်တူ ပါဝင်ကြရင်း ညီအကိုတွေလို ပေါင်းဖက် ခင်မင်ခဲ့ကြသူတွေဖြစ်ပါတယ်။
သူတို့နှစ်ဦးဟာ ဆေးကုသမှု ခံယူပြီးသွားရင် အတူတကွ တော်လှန်ရေးမှာ ပြန်လည်ပါဝင်မယ့်အကြောင်းတွေကို ပြောရင်းနေ့ရက်တိုင်းကို ဖြတ်သန်းနေကြပါတယ်။
“နင်လည်းသက်သာပြီး ငါလည်းသက်သာ ပြီးကြရင် တူတူနေမယ်။ ပြီးရင်နှစ်ယောက်စလုံးသက်သာပြီးပြီဆို ငါတို့ဒီတတ်နိုင်တဲ့ဖက်ကနေပြန်လုပ်မယ်။ ပြန်တိုက်မယ်။ အဆုံးထိသွားမယ်နော် ဘားမှအားမငယ်နဲ့အဲ့လိုတော့ တယောက်နဲ့တယောက်အားပေးတာပေါ့ဟုတ်။ အဲ့စကားတော့ကျနော်တို့အမြဲတမ်းပြောဖြစ်ပါတယ်။” လို့ မာရီးနိုက သူတို့နှစ်ယောက် အမြဲပြောဖြစ်ကြတဲ့စကားကို မျှော်လင့်တကြီးနဲ့ ပြောပြပါတယ်။
တာအယ်စိုးနဲ့ မာရီးနိုတို့နှစ်ယောက် အရင်ကလို စစ်ကောင်စီ ရိက္ခာပို့ဆောင်တဲ့လမ်းကြောင်းမှာ မိုင်းထောင်တဲ့ တာဝန်ကိုကျေပွန်အောင် မထမ်းဆောင်နိုင်ကြတော့ပေမယ့် သေချာတာတစ်ခုကတော့ စစ်ကောင်စီကို ဆက်လက်တော်လှန်တိုက်ခိုက်လိုတဲ့ ဆန္ဒက သူတို့ရဲ့ စိတ်နှလုံးသားထဲမှာ ကိန်းအောင်းနေတာကတော့ သေချာပါတယ်။