ကန္တာရဝတီတိုင်း(မ်)
“ကျမတို့ အနာဂတ်အတွက် တွေးကြည့်မယ်ဆိုရင်လည်း နည်းနည်းတော့ စိုးရိမ်တယ်ပေါ့နော။ ပြီးတော့ အလုပ်အကိုင်ရောအတွက်ရောပဲ။ ပြန်ချင်လဲပြန်လို့မရတော့ ကျမတို့ ဒုက္ခသည်တွေဘဝက ဘယ်နေရာကမှ အသိအမှတ်ပြုမခံရသလို ခံစားရတယ်ပေါ့နော။ မြန်မာပြည်ကိုပြန်ရအောင်လည်း အဆင်မပြေဘူး ပြန်လို့မရ ဖြစ်နေတယ်။”
ထိုင်း-ကရင်နီ နယ်စပ်မှာရှိတဲ့ အမှတ် ( ၁ ) ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ မော်ပိုးမယ်ဟာ သူမရဲ့ ခံစားချက်ကို ပြောပြနေပါတယ်။
မော်ပိုးမယ်ဟာ နှစ်ပေါင်း ၃၀ နီးပါးရှိနေပြီဖြစ်တဲ့ အဲဒီ ဒုက္ခသည်စခန်းကနေ တတိယနိုင်ငံလို့ခေါ်တဲ့ အမေရိကန်ကို သွားဖို့ လျှောက်ထားပြီး စောင့်ဆိုင်းနေသူတစ်ဦး ဖြစ်ပါတယ်။
အဲဒီအမှတ် ( ၁ ) ဒုက္ခသည်စခန်းကနေ တတိယနိုင်ငံလို့ခေါ်ကြတဲ့ ဩစတေးလျနဲ့ အမေရိကန်ကို သွားရောက်နေထိုင်ကြသူ တစ်သောင်းကျော်ရှိပြီး ကျန်တဲ့ လူဦးရေ ၈ထောင်ကျော်ကတော့ လက်ရှိအချိန်အထိ အဲဒီဒုက္ခသည်စခန်းမှာ နေထိုင်နေကြဆဲဖြစ်ပါတယ်။ မော်ပိုးမယ်လို တတိယနိုင်ငံသွားဖို့ စောင့်မျှော်နေတဲ့ ဒုက္ခသည်စခန်းထဲက လူတွေ အများအပြားရှိနေပါသေးတယ်။
ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေဟာ ယာယီခိုလှုံခွင့် ဖြစ်တာကြောင့် တရားဝင်အပြင်ထွက်အလုပ်လုပ်ဖို့ အခွင့်အရေးမရှိကြပါဘူး။ နေ့စဉ်စားဝတ်နေရေးအတွက် ဌာနဆိုင်ရာအဖွဲ့အစည်းများဖြစ်တဲ့ NGOs နဲ့ တခြားအဖွဲ့အစည်းတွေမှာ ဝင်ရောက်လုပ်ကိုင်သူတွေရှိပေမယ့် စာမတတ်တဲ့သူတွေအတွက်တော့ ကြုံရာကျပန်းအလုပ်တွေနဲ့ လုပ်ကိုင်စားသောက်နေကြရတာပါ။ ဒါပေမယ့်လည်း ဒုက္ခသည်စခန်းမှာ နေထိုင်သူတွေအတွက်ကတော့ စခန်းအပြင်ထွက်ပြီး နေ့စားအဖြစ် အလုပ်လုပ်ဖို့ကလည်း အခွင့်အလမ်း နည်းပါးနေပါတယ်။
“ရာသီအလိုက်ပေါ့နော။ သူတို့မျှစ်ထွက်တဲ့အချိန်မှာ မျှစ်ချိုးပြီးတော့မှ အခြောက်လှမ်းပြီးတော့ တတိယနိုင်ငံ ပို့ရင်ပို့မယ်ပေါ့နော။ သူတို့ရာသီအလိုက် လုပ်စားတာတွေရှိတယ်။ နောက် တချို့ခါကျတော့ အသက်မွေးဝမ်းကျောင်းအနေနဲ့ အိမ်မှာ ကြက်မွေး၊ ဝက်မွေးတွေပေါ့နော။ ဒါတွေလည်းရှိမယ်။” လို့ ဒုက္ခသည်စခန်းထဲမှာ နေထိုင်သူ ခူးကလောရယ်က ပြောပါတယ်။
ပညာရေးအတွက် ပညာသင်ဆု ( Scholarship ) တွေကို လျှောက်နေကြပေမယ့် လုံလောက်တဲ့ သင်ထောက်ကူတွေနဲ့ ကလေးပညာရေးကို ပြည့်ပြည့်ဝဝ မထောက်ပံ့နိုင်တာကြောင့် ဒုက္ခသည်စခန်းကနေ ကျောင်းပြီးသွားပေမယ့် အလုပ်အကိုင်အခွင့်အလမ်းတွေ နည်းပါးနေကြတယ်လို့ သူက ဆက်ပြောပါတယ်။
“ပညာရေးပိုင်းကြည့်ရမယ်ဆိုလို့ရှိရင် ဥပမာ KNCC ( ဒုက္ခသည်စခန်းထဲရှိ ကောလိပ်ကျောင်း )၊ KNCCကျောင်းပြီးပြီဆိုတာနဲ့ ပြီးသွားတာပဲရှိတယ်လေ ပြောရရင် ရှေ့ဆက်သွားဖို့အတွက်က အယောက် ၁၀၀ မှာ ၃ယောက် ၄ယောက်ပဲ ရှေ့ဆက်လျှောက်သွားနိုင်တယ်ပေါ့နော။ ကျောင်းပြီးပြီဆိုတာနဲ့ ပြီးသွားပြီ သူတို့က ကျောင်းဆရာမ ၁နှစ် ၂နှစ် ဝင်လုပ်ပြီးရင် ထွက်ကုန်တယ်။ ထွက်ပြီးတာနဲ့ ယောကျာ်းယူ၊ မိန်းမယူတာနဲ့ အဲ့ဒီမှာပဲ အဆုံးသတ်သွားတယ်ပေါ့။” လို့ ကရင်နီအမျိုးသမီးမျာအစည်းအရုံး ( KNWO ) မှာ အလုပ်လုပ်နေတဲ့ နော်ဆာဝါးဖောက ပြောပါတယ်။
အဲ့ဒါကြောင့်လည်း စားဝတ်နေရေးနဲ့ ပညာရေးအခွင့်အလမ်းတွေပိုမိုရရှိနိုင်ဖို့ တတိယနိုင်ငံဟာ ဒုက္ခသည်စခန်းမှာ နေထိုင်သူတွေအတွက် မျှော်လင့်ချက်တစ်ခု ဖြစ်နေပါတယ်။
လက်ရှိမှာဆိုရင်လည်း တတိယနိုင်ငံသွားဖို့ လျှောက်ထားတဲ့ ဒုက္ခသည်စခန်းမှာနေထိုင်သူ လူဦးရေ ၁၀၀ မှာ ၆၀ ရာခိုင်နှုန်းလောက်သာ သွားခွင့်ရပါတယ်။ ကျန် ၄၀ ရာခိုင်နှုန်းမှာ အကြောင်းအမျိုးမျိုးကြောင့် တတိယနိုင်ငံ သွားခွင့်မရပဲ ကျန်နေခဲ့ရပါတယ်။
တတိယနိုင်ငံသွားရဖို့ နှစ်နဲ့ချီပြီး စောင့်ဆိုင်းနေရသူတွေရှိနေသလို ခဏတွင်းချင်း သွားခွင့်ရတဲ့သူတွေလည်း ရှိနေပါတယ်။
“တတိယနိုင်ငံသွားဖို့ ကျွန်မတို့ အခက်ခဲတစ်ခုက ဘာလဲဆို ကျမတို့ဒီနိုင်ငံတစ်နိုင်ငံဖြတ်ဖို့ဆိုတာလည်း နိုင်ငံတွေရှိတယ်လေ အဲ့ကြောင့်မို့ အခု ဒီမှာကျမတို့ ဒီမှာရောက်ရှိလာတာက ကျွန်မတို့ တတိယနိုင်ငံရောက်ဖို့ဆိုတာ အဓိက က လက်ရှိကျွန်မတို့နေထိုင်နေတဲ့ ထိုင်းတွေ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ပေါ့နော်။ အဲ့ဒါ သူတို့ရဲ့ ခွင့်ပြုချက်ရမှပဲ ကျွန်မတို့ သွားလို့ ရှေ့ဆက်သွားလိုရတာပေါ့နော်။” လို့ ကရင်နီအမှတ် ( ၁ ) ဒုက္ခသည်စခန်းကော်မတီဥက္ကဌက ဆိုပါတယ်။
ဒုက္ခသည်စခန်းကနေ တတိယနိုင်ငံကို သွားရောက်ပြီး အလုပ်လုပ်ကိုင်နိုင်တဲ့ ဆွေမျိုးရှိသူတွေက အဲဒီကနေ အထောက်အပံ့တချို့ကိုရရှိပြီး စခန်းထဲမှာ စားဝတ်နေရေးချောင်လည်စွာနဲ့ နေထိုင်နိုင်ပေမယ့် အဲဒီလိုမရှိနေသေးတဲ့သူတွေအတွက်တော့ အစစအရာရာ ခက်ခဲနေသေးပါတယ်။
ကျောင်းနေအရွယ် သမီး ၆ယောက်ရှိနေတဲ့ တစ်ကိုယ်တော်မိခင် မော်တော်မယ်ကတော့ စခန်းထဲမှာ ကလေးတွေရဲ့ ကျောင်းစရိတ်အတွက် ထောက်ပံ့ပေးနိုင်ဖို့ တစ်ပိုင်တစ်နိုင်ဝက်မွေးမြူနေရပါတယ်။
“ကျမက ဘာအလုပ်မှ မလုပ်နိုင်တော့ ကြက်မွေး၊ ဝက်မွေးပြီး ကျမသားသမီးတွေအတွက် ကျောင်းစရိတ်အတွက်ပဲပေါ့နော။ ကျမဘယ်လိုလုပ်မှ သူတို့အတွက်အဆင်ပြေမယ်၊ လုံလောက်မယ်ဆိုပြီး အမြဲတွေးတယ် ကျမသားသမီးကျောင်းစရိတ်တွေကလဲ တက်တက်လာတော့ ဘယ်လိုလုပ်ရမလဲဆိုပြီး တွေးပူနေရတယ်။” လို့ မော်တော်မယ်က ပြောပါတယ်။
လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေအရ ဒီလိုအခက်အခဲတွေကြားမှာ ဒုက္ခသည်စခန်းကနေ နေရပ်ပြန်စရာ အိမ်လည်းမရှိတော့တဲ့ မော်တော်မယ်တို့မိသားစုအတွက် တတိယနိုင်ငံမှာရောက်ရှိပြီး အလုပ်လုပ်ကိုင်နိုင်ဖို့နဲ့ သားသမီးပညာရေးအခွင့်အလမ်းပိုမိုရရှိဖို့က သူမနဲ့ သား၊သမီးအတွက် မျှော်လင့်ချက်တစ်ခု ဖြစ်နေပါတယ်။
အမေရိကန်နိုင်ငံသား ဒါမှမဟုတ် အမေရိကန်မှာ အမြဲတမ်းနေထိုင်ခွင့်ရထား တဲ့သူတွေအနေနဲ့ မြန်မာနိုင်ငံကဒုက္ခသည်တွေအပါအဝင်၊ ကမ္ဘာအရပ်ရပ်က အကူအညီလိုနေတဲ့ဒုက္ခသည်တွေကို တာဝန်ယူပြီးခေါ်ယူနိုင်မယ့် ပုဂ္ဂလိက အစီအစဉ်တစ်ရပ်ကို သမ္မတ ဂျိုးဘိုင်ဒင်က ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်မှာ ခွင့်ပြုလိုက်ပါတယ်။
ငါးယောက်အဖွဲ့၊ ဒါမှမဟုတ် ငါးယောက် ထက်ပိုတဲ့အဖွဲ့ဖွဲ့ပြီး စပွန်ဆာလို့ခေါ်တဲ့ လက်ခံကူညီမယ့်သူတွေအဖြစ် လျှောက်ထားရမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒုက္ခသည်တစ်ယောက်အတွက် အနည်းဆုံး ၂၂၇၅ ဒေါ်လာ ထောက်ပံ့နိုင်တယ်ဆိုတာကို ခေါ်မယ့်သူကပြရမယ်လို့ ဆိုပါတယ်။ ပထမနှစ်မှာ ဒုက္ခသည်ခေါ်မယ်လို့အဆိုပြု တဲ့သူ တစ်သောင်းကိုခွင့်ပြုဖို့ရည်ရွယ်ထားတယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။
လက်ရှိမှာတော့ ကရင်နီအမှတ် ( ၁ ) ဒုက္ခသည်စခန်းကနေ အမေရိကန်ရောက်သွားတာ ၁၀ နှစ်ကျော်ရှိပြီဖြစ်တဲ့ နိုအာခူးကတော့ နေရာနှစ်ခုဟာ နေ့နဲ့ည၊ အစားအသောက်၊ အနေအထိုင် အားလုံးဟာ မတူပဲ ကွာခြားနေတယ်လို့ဆိုပါတယ်။
အဲဒီနိုင်ငံတွေရဲ့ လူနေမှုအဆင့်အတန်းတွေမြင့်နေတဲ့အတွက် ဒုက္ခသည်စခန်းကနေ အမေရိကန်ရောက်သွားသူ တော်တော်များများဟာ အလုပ်ကြမ်းတွေကိုသာ လုပ်ကိုင်နေကြရတယ်လို့ ဆိုပါတယ်။
“ ကျနော်တို့ ပထမရောက်လာတဲ့ အချိန်တုန်းက အလုပ်နဲ့ပတ်သက်လာရင်တော့ ကျနော်တို့က စာမတတ်တဲ့သူအားလုံးက တော်တော်များများက အလုပ်ကြမ်းမှာပဲ လုပ်ရတယ်။ ဥပမာ အသားရုံမှာ အသားခုတ်ရတယ်။ အဝတ်လျော်စက်မှာ အလုပ်လုပ်ရတယ်။ နောက်ပြီးတော့တော်တော်များများက အသားရုံမှာပဲ အလုပ်လုပ်ရတယ်။ နည်းနည်းများများရတဲ့အခါကျတော့ အဲ့ဒီမှာ အသားရုံမှာပဲ အကုန်လုံးရောက် အလုပ်ကြမ်းတွေပေါ့နော်။” လို့ နိုအာခူး က ပြောပါတယ်။
ဒုက္ခသည်စခန်းမှာနေထိုင်စဉ်က ကိုယ်တွေးထင်ထားတဲ့ တတိယနိုင်ငံနဲ့ကွာခြားနေတဲ့ သူတို့နိုင်ငံရဲ့ ပညာအရည်အချင်းနဲ့ လူမှုဘဝ နေထိုင်မှုအဆင့်အတန်းတွေကို လက်လှမ်းမီဖို့လည်း ရုန်းကန်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီလိုကြိုးစားရုန်းကန်ရင်း ကိုယ့်ရဲ့ လူမျိုး၊ ကိုယ့်ရဲ့ ရည်မှန်းချက်တွေ ပျောက်ပျက်သွားမှာကိုလည်း စိုးရိမ်နေရတယ်လို့ သူက ဆက်ပြောပါတယ်။
အခက်အခဲကြားက ရုန်းကန်နေကြရတဲ့ ကရင်နီစစ်ဘေးဒုက္ခသည်တွေကတော့ သူတို့ရဲ့ အနာဂါတ်အတွက် ကရင်နီအမှတ် ( ၁ ) ဒုက္ခသည်စခန်းထဲမှာနေထိုင်ရတာထက် တတိယနိုင်ငံကို သွားချင်သူတွေ၊ သွားရဖို့ မျှော်လင့်ချက်ထားသူတွေကလည်း များပြားနေဆဲဖြစ်ပါတယ်။