spot_imgspot_imgspot_imgspot_img
Wednesday, October 23, 2024
spot_imgspot_imgspot_imgspot_img

တပ်ရင်း(၁၀)နယ်မြေထဲ လက်နက်ကြီးထိမှန်မှုကြောင့် သေဆုံးသူနှစ်ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၁၀ဦးရှိ

ကန္တာရဝတီတိုင်း( မ် )

အာဏာသိမ်းပြီးနောက်ပိုင်း KNDF တပ်ရင်း (၁၀)နယ်မြေထဲ စစ်ကောင်စီ ပစ်ခတ်တဲ့လက်နက်ကြီးထိမှန်မှုကြောင့် ဒေသခံနှစ်ဦးသေဆုံးခဲ့ပြီး ၁၀ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNDF B-10 တပ်ရင်းမှူးက ပြောပါတယ်။

“လက်နက်ကြီးပစ်မှုကြောင့် လူထုတွေ ပြည်သူလူထုတွေ ဒဏ်ရာရတာကတော့ ၁၀ဦး ဒါကတော့ အရှေ့ဘက်ကခြမ်းမှာပေါ့နော။ အဲ့ဒါကလည်း တချို့လည်း ကျန်ကောင်း ကျန်မှာပေါ့နော။ ဒါက စာရင်းအရ ကျနော်တို့ ကောက်ယူထားရှိတဲ့ စာရင်းပေါ့နော။ နောက်ပြီးတော့ အဲ့ဒီအထဲမှာမှ နှစ်ဦး သေဆုံးတယ်ပေါ့နော။ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အရှေ့ဘက်ခြမ်းက ဒီလို ဆုံးရှုံးမှုတွေ ရှိတယ်ဆိုတဲ့ဟာကို ပြောပြချင်တာပေါ့နော။” လို့ KNDF B-10 တပ်ရင်းမှူးက ပြောပါတယ်။

သေဆုံးသူနှစ်ဦးမှာ အသက် (၅၀)ကျော် အမျိုးသမီးတစ်ဦးနဲ့ လူလတ်ပိုင်း အမျိုးသားတစ်ဦးဖြစ်ပါတယ်။

ဒီးမော့ဆိုအရှေ့ဘက်ခြမ်းက တပ်ရင်းနယ်မြေထဲ ကျေးရွာ ၁၂ရွာက လူနေအိမ်၊ စာသင်ကျောင်းနဲ့ ဆေးခန်း စုစုပေါင်း ၃၂လုံးဟာလည်း လက်နက်ကြီးထိမှန်မှုကြောင့် နေလို့မရအောင် ပျက်စီးသွားခဲ့ပါတယ်။ ပါဒေါဒူကျေးရွာက နေအိမ် ၄လုံးဟာလည်း စစ်ကောင်စီရဲ့မီးရှို့မှုကြောင့် ပြာကျသွားတယ်လို့ ဆိုပါတယ်။

လုံးဝပျက်စီးသွားတဲ့ နေအိမ်စာရင်းကိုသာ ကောက်ယူထားပြီး လက်နက်ကြီးစစင်ထိတဲ့ နေအိမ်အများအပြားရှိတယ်လို့ ဆိုပါတယ်။ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းကို စစ်ကောင်စီက လက်နက်ကြီးနေ့စဉ်ပစ်ခတ်မှုတွေရှိနေပါတယ်။ ဒေသခံအများအပြားကလည်း လက်နက်ကြီးရန်ကြောင့် နေရပ်ပြန်နိုင်ခြင်းမရှိသေးဘူး တောထဲတောင်ထဲ စစ်ဘေးရှောင်နေရဆဲပါ။

ဒေသခံအများစုက စားဝတ်နေရေးအတွက် တောင်ယာပြန်လည်လုပ်ကိုင်ကြပေမယ့် လက်နက်ကြီးဘယ်အချိန်ကျရောက်မလဲဆိုတာကို တွေးပူနေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“နီးနီးလေးကျရင်တော့ ကြောက်တယ်။ ဒါပေမယ့် အဝေးကျရင်တော့ မကြောက်ဘူး။ ကြောက်လန့်ပြီးတော့မှ တုန်တယ်။ စိတ်မပျော်ဘူး။ ဗလာဖြစ်နေတယ်။ တခါတလေတော့ အရမ်းဆိုးတယ်လို့ ခံစားရတယ်။ တခါတလေတော့ အဲ့လိုမျိုးပစ်နေကျပဲလို့ တွေးလိုက်တယ်။ တခါတလေတော့ ကိုယ့်အနားမှာကျရင်တော့ ကြောက်တာပေါ့နော။ ကြောက်ပေမယ့် စိတ်ကိုပေါ့ပေါ့ပါးပါးပဲ ထားရတယ်။” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်မှာ ပျက်စီးသွားတဲ့ နေအိမ် (၁၁၂၁)လုံးရှိတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု ( PKPF ) ရဲ့ ဇူလိုင်လ ၁ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

spot_img
spot_img