ကန္တာရဝတီတိုင်း(မ်)
လက်ရှိ ဒီးမော့ဆိုမြို့နယ်ဟာ လူသူမရှိ၊ မြို့အင်္ဂါရပ်နဲ့မကိုက်ညီတဲ့မြို့ အစိုးရဌာနဆိုင်ရာအဆောက်အအုံ၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဝန်ထမ်းအိမ်ယာ၊ ဆိုင်ခန်း၊ လူသူမရှိတဲ့ လူနေအိမ်၊ အပန်းဖြေနေရာတွေက တိတ်ဆိတ်ခြောက်ကပ်လျက်ရှိနေပါတယ်။
ဒီးမော့ဆိုမြို့နယ်ဟာ ကရင်နီပြည်နယ်ရဲ့ ဒုတိယလူဦးရေအများဆုံးမြို့ဖြစ်ပြီး လူဦးရေကိုးသောင်းကျော်ရှိတဲ့မြို့လေးမှာဆိုရင်အခု စစ်ဘေးရှောင်နေရတဲ့ပြည်သူ က ခြောက်သောင်းရှစ်ထောင်ကျော်လောက်ရှိနေပါတယ်။
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ စာရင်းတွေအရ စစ်မဖြစ်ခင်က မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာ ၂၀၀ ကျော်အပါအဝင် ဒီးမော့ဆိုမြို့နယ်တစ်ခုလုံးမှာ အိမ်ခြေ တစ်သောင်းခြောက်ထောင်ကျော်ရှိပြီး လူဦးရေ ကိုးသောင်းကျော် နေထိုင်ပါတယ်။
မေလ ၂၀ ရက်နေ့ကစပြီး မြို့ပေါ် ရပ်ကွက်၊ ကျေးရွာတွေမှာ တိုက်ပွဲကြောင့် ဒေသခံ ၆သောင်းခန့်က တိုက်ပွဲမဖြစ်ပွားတဲ့ ကျေးရွာ၊ တောင်ခြေတွေမှာ စစ်ဘေးရှောင်စခန်းဖွင့်လှစ်ပြီး အခက်အခဲမျိုးစုံနဲ့ ၈လဝန်းကျင်ကြာတဲ့အထိ နေထိုင်နေကြရဆဲပါ။
အဲ့ဒီဒုက္ခသည်တွေဟာ မြို့အနောက်ခြမ်းရှိ တောနက်တွေထဲမှာ ဖြစ်သလို ခိုလှုံနေရတာမို့ အချိန်ကြာလာတာ နဲ့အမျှ အစားအစာနဲ့ ဆေးဝါးမလုံလောက်တဲ့အပြင် အခုလို ဆောင်းရာသီမှာ အအေးဒဏ်ကို အပြင်းအထန် ခံစားနေရတယ်လို့ ဆိုပါတယ်။
ဒီးမော့ဆိုမြို့နယ်အတွင်း တိုက်ပွဲကြောင့် ဒေသခံတွေရဲ့ အိုးအိမ်မီးလောင်ပျက်စီးတာတွေ လက်နက်ကြီးထိမှန်ပျက်စီးတာတွေ ၂၅၆ လုံးရှိတယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက်က ဒီဇင်ဘာလ ၇ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
အဲ့ဒီထဲမှာမှ ဒေါ်ဘီဇင်းရှာ မိသားစုပိုင်ဆိုင်တဲ့ ကယန်းရိုးရာ ယက်ကန်းအထည်ဆိုင်လည်း ပျက်စီးသွားခဲ့ရပါတယ်။ သူမကတော့ ဒီးမော့ဆိုမြို့ မားနားပလော့ရပ်ကွက်မှာနေထိုင်တဲ့ ဒေသခံအမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ သူမ နေအိမ်အတွင်းအဖိုးတန်ပစ္စည်းတွေ ပျောက်ဆုံးခဲ့ရတဲ့အပြင် ကျန်တဲ့ပစ္စည်းတွေမှာလည်း ပျက်စီးသွားတယ်လို့ဆိုပါတယ်။
“ကျမတို့အိမ်ကတိုက်ပုပေါ့နော ဆိုင်လုပ်ထားတယ် ကယန်းရိုးရာအထည်ဆိုင်ပေါ့နော ကျမထည့်ထားတယ်။ တစ်နှစ်ပတ်လုံးပေါ့နော အမျိုးသမီးနဲ့ပတ်သက်တာပေါ့နော ကျမတို့ အလုပ်ရှိအောင်ဆိုပြီးမှ လက်ခံခဲ့ပြီးမှ ယက်ကန်းတစ်နှစ်ပတ်လုံးယက်ပြီးမှ အထည်ကပုံနေတယ် စုနေတယ်ပေါ့နော။ ဒါ့ကြောင့်မို့ တိုက်ပွဲကြောင့် အဲလိုလောင်သွားတာကျတော့ ကျမဆုံးရှုံးမှုအများကြီးရှိတာပေါ့နော” လို့ ဒေါ်ဘီဇင်းရှာက ပြောပါတယ်။
တစ်နှစ်ပတ်လုံး ယက်ကန်းယက်ပြီး ရောင်းဖို့ ဆိုင်ထဲမှာသိုလှောင်သိမ်းဆည်းထားတဲ့ အထည်ဖိုးနဲ့ အိမ်ပျက်စီးမှု တန်ဖိုးက သိန်း ၈၅၀ ခန့် ရှိတယ်လို့ ဒေါ်ဘီဇင်းရှာက ပြောပါတယ်။
တိုက်ပွဲဖြစ်ပြီး ကြားကာလထဲမှာ မိမိနေအိမ်ပြန်ပြီး လိုအပ်တဲ့ပစ္စည်း ပြန်ယူဆောင်လို့ရတဲ့သတင်းကြောင့် ဒေသခံတွေက နေရပ်ပြန်ကြည့်တဲ့အခါ အိမ်အများစုမှာ မွှေနှောက်ရှာဖွေတာ ဖျက်ဆီးခံရတယ်လို့ ဒေသခံတွေပြောကြပါတယ်။
လူနေအိမ်မှာ စစ်ကောင်စီတပ်သားက တပ်စွဲနေထိုင်မှုရှိပြီး နေအိမ်အတွင်း ပစ္စည်းကို ယူဆောင်တာတွေ ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့တာကြောင့် ပျက်စီးဆုံးရှုံးမှုများခဲ့တယ်လို့ အိမ်ပျက်စီးသွားတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အပစ်ခတ်ခနလေးရပ်စဲလိုက်တဲ့အချိန်မှာ အိမ်ပြန်ခွင့်ရတော့ လက်နက်ကြီးကျထားတယ် မှန်တွေကွဲတယ် ထိခိုက်ပျက်စီးသွားတယ်ပေါ့နော။ လက်နက်ကြီးကျထားတဲ့ဒဏ်ရယ် ပျက်စီးသွားတဲ့ဒဏ်ရယ် သူတို့တပ်စွဲထားတယ်ဆိုတော့ ကျနော်တို့အိမ်မှာရှိတဲ့ပစ္စည်းတွေပေါ့ စားသောက်ဆိုင်ဆိုတော့ ပစ္စည်းအစုံအလင်ပေါ့နော ဘာဆိုဘားမှမကျန်တော့ဘူးပေါ့နော။အိမ်မှာရှိတဲ့အိုးခွက်ပန်းကန်ရယ် အဝတ်ဗီဒိုတွေ ဘုရားစင် သူတို့က ဘုရားစင်ကိုတောင်ရိုက်ခွဲပြီးတော့မှ ဘုရားဆင်းတုတော်တွေ သူတို့ကယူသွားတယ် အိမ်ကအိမ်နဲ့မတူတော့ဘူးပေါ့နော ထိခိုက်ပျက်စီးတာရယ် တပ်စွဲထားတဲ့အရာတွေရယ် တော်တော်လေးတော့ဆုံးရှုံးသွားတယ်ပေါ့။”
ဒီးမော့ဆိုမြို့နယ်မှာ တိုက်ပွဲကလည်း နေ့စဉ်ဖြစ်နေတဲ့အတွက် ဒေသခံတွေက နေရပ်မပြန်နိုင်တော့သလို စစ်ရှောင်စခန်းနဲ့ နီးစပ်ဆွေမျိုးတွေဆီမှာ နေထိုင်ကြရဆဲပါပဲ။ ခရီးသွားပြည်သူလူထုလည်း သတိကြီးစွာ သွားလာဖို့ ဒေသကာကွယ်ရေးတပ်ဖွဲ့က အသိပေးထားပါတယ်။
စစ်ဘေးရှောင်တစ်ဦးဖြစ်တဲ့ ဒေါ်ဘီဇင်းရှာကတော့ အခြေအနေကောင်းတဲ့တနေ့ကျရင် မိမိခြံထဲမှာပဲ တဲလေးထိုးပြီး လုပ်ငန်းပြန်လည်စတင်မယ်လို့ သူ့ရဲ့မျှော်လင့်ချက်ကို ပြောပြပါတယ်။
“ဘာပဲဖြစ်ဖြစ် အခြေအနေကောင်းခဲ့ရင် အခြေအနေပေးခဲ့ရင် ကျမအိမ်မှာပဲ တဲကလေးဖြစ်ဖြစ် ဘာဖြစ်ဖြစ်ကျမပြန်နေပြီးမှ လုပ်ငန်းပြန်စချင်တာပေါ့နော ရှိတာလေးနဲ့ပဲ ပြန်လုပ်ချင်တာပေါ့။ တဲပဲထိုးထိုး ပြန်နေချင်တယ် ကိုယ့်အိမ်ကိုယ်ခြံမှာပဲ နွေးထွေးမှုပိုရမယ်လို့ထင်တာပေါ့နော” လို့ ဒေါ်ဘီဇင်းရှာက ဆိုပါတယ်။
စစ်ရှောင်ဒုက္ခသည်တွေက နေရပ်ပြန်ချင်နေတဲ့ ဆန္ဒရှိကြပေမယ့် တိုက်ပွဲက နေ့စဉ်မပြတ်ဖြစ်ပွားနေတဲ့အတွက် ပြန်လို့မရသေးသလို ဆောက်လုပ်ခဲ့ရတဲ့ နေအိမ်ကို ဆုံးရှုံးခဲ့ရတဲ့အတွက် နေစရာမရှိတော့ဘူးလို့ စံပြ၆မိုင်ကျေးရွာမှ ဂျိုးစဖင်းဖိုးမူက ပြောပါတယ်။
“အိမ်မှာဆိုလို့ရှိရင်လည်း အိမ်မှာကောင်းကောင်းမွန်မွန်နေရတယ် ဒီမှာနေပြီး အိမ်ပြန်ရောက်တော့ အိုးအိမ်မရှိတာတွေ မီးလောင်သွားတာတွေဆိုလို့ရှိရင်လည်း အိုးအိမ်ဆုံးရှုံးတာလည်း ခံစားရတယ်။ အိုးအိမ်ဆုံးရှုံးတော့ ကိုယ့်မှာလည်း ဒီအိုးအိမ်တွေနဲ့ပဲ မျှော်လင့်တာလေ ဒီအိုးအိမ်ကို တစ်သက်တာဆောက်လုပ်ရတဲ့အချိန်မှာ ဒီလိုမျိုးဆုံးရှုံးသွားတော့ လူ့အခွင့်အရေးဆိုတာဒီကနေပဲ ပြန်မရတော့ဘူးပေါ့နော ဒီကနေပဲ နစ်မွန်းသွားတယ်လို့ ခံစားရတယ်။” လို့ သူမကပြောပါတယ်။
ကရင်နီပြည်နယ်မှာ ဖေဖော်ဝါရီလ ၇ ရက်နေ့မှ မေလ ၂၁ရက်နေ့ထိ ငြိမ်းချမ်းစွာဆန္ဒပြတာကို စစ်တပ်ကနေပြီး အကြမ်းဖက်မှုဖြိုခွင်းခဲ့ရာမှ လူထုသေဆုံးမှု၊ အိုးအိမ်ပျက်စီးမှု ရှိခဲ့ပါတယ်။ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးရပ်ကွက်မှ ဆန္ဒပြမှုကို ဖြိုခွင်းပြီး ကျူးကျော်ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ကို ဒေသခံပြည်သူလူထုမှ လက်မခံနိုင်တော့တဲ့အတွက် ရရာလက်နက်ကိုင်စွဲပြီး ခုခံတော်လှန်ခဲ့ကြရာမှ တိုက်ပွဲစတင်ခဲ့တဲ့ မြို့ဖြစ်ပါတယ်။
နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒီးမော့ဆိုမြို့နယ်မှာ ခရစ်ယာန်ဘုရားကျောင်း လေးကျောင်းနဲ့ လူနေအိမ် ၂၅၆ လုံး ထိခိုက်ပျက်ဆီးခဲ့ပြီး၊ ဒီးမော့ဆိုမြို့နယ်က ဒုက္ခသည်တွေအပါအဝင် ကယားပြည်နယ်တစ်ခုလုံးမှာ စစ်ကြောင့် ထွက်ပြေးတိမ်းရှောင်ရသူ တစ်သိန်းခွဲနီးပါးရှိနေကြောင်း ကရင်နီလူမှု ကွန်ယက်အဖွဲ့ (KCSN) က ဒီဇင်ဘာ ၇ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။
မေလ ၂၁ ရက်နေ့က ဒေါငံခါးကနေ စတင်ဖြစ်ပွားခဲ့တဲ့ မြို့ပြတိုက်ပွဲဟာဆိုရင် မေ ၊ ဇွန် လအတွင်းထဲမှာပဲ လူမသိသူမသိသေဆုံးခဲ့ရတဲ့ ဒီးမော့ဆိုမြို့ နဲ့ အနီးအနားက သူတွေရဲ့ အလောင်းတွေဟာ ပြန်ရှာတွေ့တဲ့အခါ ဘယ်သူဘယ်ဝါမှန်းမသိရ တော့ပဲ သဂြိုလ်ခဲ့ရပါတယ်။ အခုဆိုရင် ဒီးမော့ဆိုမြို့ဟာ အရင်ကလို လူသူသွားလာတဲ့သူ ဖြတ်သန်းသွားလာတဲ့သူ မရှိတော့လောက်အောင် လူသူကင်းမဲ့နေတဲ့မြို့ဖြစ်နေပါတော့တယ်။