spot_imgspot_imgspot_imgspot_img
Monday, December 9, 2024
spot_imgspot_imgspot_imgspot_img

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဖားဆောင်းမြို့နယ်အတွင်းကို နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ၁၁ ကြိမ်ခန့် ပြုလုပ်ခဲ့ ၊ ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဘောလခဲခရိုင် ၊ ဖားဆောင်းမြို့နယ်အတွင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ၁၁ ကြိမ်ခန့် ပြုလုပ်ခဲ့တယ်လို့ ကရင်နီပြည်တပ်မတော် (KA) ၊ စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင် က ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

နိုဝင်ဘာလ ၁၀ ရက်နေ့ ညသန်းခေါင်ယံအချိန် နဲ့ ဒီကနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့ မနက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

“ ၁၁ နာရီကနေ ၁၂နာရီခွဲအထိ ဗုံးလာကြဲတယ်။ ဒီမနက်လည်း (၇)နာရီကနေ (၉)နာရီခွဲ အထိ ထပ်ကြဲတယ်။ စုစုပေါင်း (၁၁) ကြိမ် လာကြဲတယ်”လို့ ဗိုလ်မှူးကြီး ဘုန်းနိုင် က ပြောပါတယ်။

ဖားဆောင်းမြို့နယ်အတွင်းက ဝမ်အောင်း (ကယားပိုင်း) ၊ ဖားဆောင်းမြို့တွင်း ၊ ပါပု ၊ နန်းကစ် ၊ သံလွင်တံတားထိပ် ၊ ၅ မိုင် စတဲ့ နေရာတွေကို ဗုံးကြဲခဲ့တာဖြစ်ပါတယ်။ ယခုရက်ပိုင်းအတွင်း ဖားဆောင်းမြို့မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘူးလို့ သိရပါတယ်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒီကနေ့ မနက်ပိုင်းမှာ စစ်ရှောင်စခန်းကနေ ကျေးရွာကနေအိမ်ကို ပြန်ကြည့်တဲ့ ဝမ်အောင်းဒေသခံအမျိုးသားတစ်ဦးကို ထိမှန်ခဲ့ပြီး အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ဆက်ပြောပါတယ်။

“ဝမ်အောင်း(ကယားပိုင်း) တစ်ယောက် ရှပ်ထိသွားတယ်။ မစိုးရိမ်ရဘူး။ ကျန်တဲ့ နေရာတွေတော့ မထိဘူး။ အကုန်လုံး စစ်ရှောင်ကြတယ်။ ထိတာက အမျိုးသား။ သူက စစ်ရှောင်နေတယ်။ အိမ်ပြန်ကြည့်တယ်လို့ ယူဆရတယ်” လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ဆိုပါတယ်။

၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့မှာ စတင်တဲ့ ဖားဆောင်းမြို့သိမ်းတိုက်ပွဲဟာ ၉လဝန်းကျင်ရှိနေပြီး စစ်ကောင်စီအခြေစိုက်တပ်ရင်း၂ ခုသာ ကျန်ရှိတော့တဲ့ ခလရ ၁၃၄ ၊ ခလရ ၁၃၅ ကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေတာပါ။ စစ်ကောင်စီတပ်က အဆိုပါ တပ်ရင်းနှစ်ခုကို ရဟတ်ယာဉ်နဲ့ စစ်အင်အားဖြည့်တင်းတာ ၊ လက်နက်ခဲယမ်းပစ္စည်းပို့ဆောင်တာ ပြုလုပ်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလအစောပိုင်းမှာလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဖားဆောင်းမြို့နယ်အတွင်းက ၃ နေရာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါသေးတယ်။

spot_img
spot_img

Recent posts