ကန္တာရဝတီတိုင်း(မ်)
ရှမ်းပြည်နယ်တောင်ပိုင်း ၊ မောက်မယ်မြို့နယ်အတွင်းမှာရှိတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO/PNLA ဌာနချုပ်ကို ဒီကနေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့၊ မနက် ၁၁ နာရီအချိန်မှာ စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။
တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ဂျက်တိုက်လေယာဉ်နဲ့ ဗုံး ၄ လုံး နဲ့တိုက်ခိုက်ခဲ့တာကြောင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO/PNLA ဌာနချုပ်ဝန်းအတွင်းက လူထုကို ဝန်ဆောင်မှုပေးနေတဲ့ ဆေးခန်းပျက်စီးခဲ့တယ်လို့ သိရပါတယ်။
“မနက် ၁၁နာရီအချိန်မှာပေါ့နော် တိုက်ပွဲဖြစ်ပွားခြင်းလည်း မရှိဘူး။ အကြောင်းအရင်းမရှိပဲနဲ့ စစ်ကောင်စီက ကျနော်တို့ ဌာနချုပ်ကို ဂျက်တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်ပေါ့နော်။ အဲ့ဒီမှာ ဌာနချုပ်ဝန်းထဲမှာရှိတဲ့ အများပြည်သူကို ဝန်ဆောင်မှုပေးနေတဲ့ ဆေးခန်းတစ်ခုထိခိုက်ပျက်စီးသွားပါတယ်။ “လို့ ခွန်ရိန်းယံက ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုကြောင့် ဆေးခန်းတစ်ခုပျက်စီးခဲ့သလို လူတချို့လည်း မစိုးရိမ်ရတဲ့ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) ထိန်းချုပ်တဲ့ အရပ်သားရှိရာနေရာတွေကို လေကြောင်း ၊ လက်နက်ကြီး ၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေသလို နေအိမ်မီးရှို့ဖျက်ဆီးတာအပြင် အရပ်သားပြည်သူကို သတ်ဖြတ်နေတယ်လို့ ပြောဆိုထားပါတယ်။