spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

တိုက်ပွဲမဖြစ်ပွားတဲ့ ဒီးမော့ဆိုကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့

ကန္တာရ၀တီတိုင်း(မ်)

ပြီးခဲ့တဲ့ နို၀င်ဘာလ ၃၀ ရက်နေ့ မှာ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်း တစ်နေရာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီက လက်နက်ကြီး ၁၀ ကြိမ်ထက်မနည်းပစ်ခတ်ခဲ့သလို လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်မှုလည်း ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” ညနေပိုင်း ၁နာရီခွဲလောက်မှာ ကျမတို့ဖက်ကိုလက်နက်ကြီး ၄ လုံးလောက်ကျလာတယ်ပေါ့။ အဲ့မှာပဲ အမျိုးသမီးတစ်ယောက်ထိသွားတာ။ ဒါမဲ့ သူ့ဒဏ်ရာကြီးလား သေးလားတော့ မသိဘူးပေါ့နော” လို့ ဒေသခံတစ်ဦးက နို၀င်ဘာလ ၃၀ရက်နေ့က အခြေအနေကို ပြောပြပါတယ်။

အလားတူ နို၀င်ဘာလ ၃၀ ရက်နေ့ ည ၉ နာရီခွဲအချိန်မှာလည်း လေယာဥ်နဲ့ ၃ကြိမ် လာရောက်ဗုံးကြဲခဲ့တယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

“တစ်ခါလာပြီးမှ မကြဲဖြစ်ဘူး ဒီတိုင်းပဲလာပတ်တာ။ နောက်ဒုတိယတစ်ခေါက်ခါကျတော့ တစ်လုံးလာကြဲတယ်။ နောက်တစ်ခေါက်ကျတော့ ပြန်၀ဲလာတယ်။ အဲ့မှာနှစ်လုံး အတွဲလိုက်နဲ့လာချခဲ့တယ်” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

လေယာဥ်ဗုံးကြဲမှုကြောင့် အရပ်သားနေအိမ်တစ်ချို့ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ လေယာဥ်ဗုံးကြဲပြီးနောက်မှာပဲ လက်နက်ကြီး ဆက်တိုက် ပစ်ခတ်လာတယ်လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။

“ဘယ်ဖက်လဲမသိဘူး အလုံးကြီးပြန်ပစ်လာတယ်။ ပြန်ပစ်လာတဲ့အခါမှာကိုက တစ်ခြားအိမ်မှာပဲ ကိုယ်ကပြန်ပြီးတော့၀ပ်နေရတယ်။ ဆက်တိုက်ဆက်တိုက် ဆက်တိုက် လေးငါးလုံး ရောက်လာတယ်”လို့ သူကပြောပါတယ်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံနေအိမ်တစ်ချို့ ထိခိုက်ပျက်စီးခဲ့ရပြီး လူအထိခိုက်တော့မရှိဘူးလို့ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ဒီးမော့ဆိုအနောက်ဖက်ခြမ်းက ကျေးရွာတွေ လူထုရှိရာနေရာတွေကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု မကြာခဏ ပြုလုပ်လေ့ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

spot_img
spot_img