spot_imgspot_imgspot_imgspot_img
Sunday, March 16, 2025
spot_imgspot_imgspot_imgspot_img

တောမီးမရှို့ဖို့ IEC က အသိပညာပေးတာနဲ့ အသိပေး ပိုစတာတွေလိုက်ကပ်ထားတယ်လို့ဆို

ကန္တာရဝတီတိုင်း(မ်)

တောမီးကနေတဆင့် ကရင်နီပြည်အတွင်းက လူထုတွေ အပြင် အခြားအိမ်နီးချင်းနိုင်ငံနဲ့ အခြားသော ပြည်နယ်တွေကိုပါ အန္တာရာယ်တွေ ဖြစ်စေမဲ့ လေထုညစ်ညမ်းမှုကို ကာကွယ်နိုင်ဖို့အတွက်ရည်ရွယ်ပြီး လူထုကြားအသိပညာပေးအစီအစဉ်တွေအပြင်၊ တောမီးမရှို့ရ” ပိုစတာ(ဗီနှိုင်း) အသိပေးစာ တွေကို ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ကနေ ကပ်ထားပေးတယ်လို့ IEC ရဲ့ အတွင်းရေးမှူး(၂) ဦးဗညားက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“လက်ရှိအခြေအနေကတော့ ပိုစတာ ဗီနှိုင်းကပ်တယ်။ အချို့နေရာမှာလည်း အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်တာရှိပါတယ်။ တောမီးရှို့တာကို ထိန်းချုပ်နိုင်မယ်ဆိုရင်တော့ သေချာတာတစ်ခုကတော့ လေထုညစ်ညမ်းမှုကို လျှော့ကျမယ်။ အဲ့တာကြောင့် လူထုတွေရဲ့ ကျန်းမာရေးက တစုံတရာကို ကောင်းလာမှာပေါ့နော်။ အဲ့တာက လူထုရဲ့ ကျန်းမာရေးအားကောင်းရင်တော့ လူမှုစီးပွားရေးအတော်အတန်အဆင်ပြေတယ်ပေါ့။”လို့ ဦးဗညားက ဆိုပါတယ်။

အဆိုပါ အသိပေးစာ(ပိုစတာ) ကပ်ပေးခြင်းကိုတော့ ဒီလ ဖေဖော်ဝါရီလမှာပဲ စတင်ဆောင်ရွက်ခဲ့တာဖြစ်ပြီး ကရင်နီတစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ IEC ကနေ ဖွဲ့စည်းထားတဲ့ မြို့နယ် ၁၆ မြို့နယ်လုံးမှာ သွားကပ်ပေးထားဖို့ ရည်ရွယ်ပြီး လက်ရှိမှာတော့ မြို့နယ် အချို့ သွားကပ်ပေးဖို့ ကျန်သေးတယ်လို့ ဆိုပါတယ်။

အခုလို နွေရာသီကာလမှာ ဖြစ်ပွားနေတဲ့ တောမီးကြောင့်လည်း နေအိမ်တွေကို မီးလောင်မှာ စိတ်ပူနေရတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက အခုလို ပြောပါတယ်။

“အခုလိုရာသီ မရောက်ခင်တွေကတော့ စစ်ကောင်စီတွေက တမင်ဖျက်ဆီးတာတွေ မီးရှို့တာတွေက အမြဲလိုလိုကြားနေ သိနေရတော့ ကိုယ့်အိမ်အတွက် စိတ်ပူနေရ။ အိမ်က ဆောက်ပြီးတာတောင် မနေရသေးဘူးလေ။ စစ်ကောင်စီဖျက်ဆီးတဲ့ထဲမပါသေးရင်တောင် အခုလို ရာသီတော့လည်း တောမီးကြောင့်တစ်ဖန် ပြန်စိတ်ပူရ။ တောမီးကြောင့်နေအိမ်စိတ်ပူတာကလည်း ဒီနှစ်မှလည်း မဟုတ်ဘူးလေ။ နှစ်တိုင်းလိုပဲ ဒီလိုရာသီကာလရောက်ရင်တော့ စိတ်ပူနေရတာပါပဲ။”လို့ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုပါတယ်။

တောမီးကြောင့် သစ်တောပြုန်းတီးမှုတွေ၊ တောရိုင်းတိရစ္ဆာန်သေဆုံးမှုတွေ အပြင် မီးခိုးငွေ့တွေကြောင့် အိမ်နီးချင်းနိုင်ငံ၊ အခြားသော တိုင်း အခြားသော ပြည်နယ်တွေအတွက်ပါ လူမှုစီးပွားရေး ကျန်းမာရေးကို ထိခိုက်စေနိုင်တာဖြစ်ပြီး အခုလို တောမီးထိန်းပေးခြင်းဟာလည်း လူမှုရေးစိတ်ဓာတ် ထိန်းပေးထားတာဖြစ်တယ်လို့လည်း ဦးဗညားက ဖြည့်စွက်ပြောဆိုထားပါတယ်။

ယခုလ ဖေဖော်ဝါရီ လတစ်လအတွင်း ဒီးမော့ဆိုအရှေ့ဘက်ခြမ်းက ကျေးရွာအနီးအနားနဲ့ ဖရူဆို မြို့နယ်အတွင်းတွေမှာ တောမီးလောင်ခဲ့တာကြောင့် ရပ်ရွာမှာ ကျန်ရှိနေတဲ့ လူနေအိမ်တွေကို မီးစွဲလောင်မှာ ပြည်သူတွေ စိုးရိမ်နေခဲ့ကြပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက်နေ့မှာလည်း ဒီးမော့ဆိုအနောက်ခြမ်းမှာ တောမီးကူးစက်ရာကနေ ဓါတ်ဆီဆိုင် တစ်ဆိုင်အပြင် နေအိမ် ၂လုံးမီးလောင်ပျက်စီးခဲ့တာရှိပါတယ်။

ဒီနှစ်အတွင်း ကရင်နီပြည်မှာ တောမီးကြောင့် မီးလောင်ပျက်စီးသွားတဲ့နေအိမ် စာရင်းကိုတော့ အဆိုပါ ဒီးမော့ဆိုအနောက်ခြမ်းမှာ ဖြစ်ပွားခဲ့တဲ့ ဓါတ်ဆီဆိုင်တစ်ဆိုင်နဲ့ နေအိမ်နှစ်လုံး ပျက်စီးမှု စာရင်းကိုပဲ ရရှိထားသေးတယ်လို့ ဦးဗညားက ပြောပါတယ်။

spot_img
spot_img