spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်တဲ့ နယ်မြေတွေမှာ ဖြတ်သန်းသွားလာတဲ့ကုန်ကားတွေကို ငွေကောက်ခံမှုတွေရှိ

ကန္တာရဝတီတိုင်း(မ်)

ကရင်နီဒေသခံတော်လှန်ရေးတပ်ဖွဲ့ တွေထိန်းချုပ်ထားတဲ့ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းက KNDF နဲ့ KA ပူးပေါင်းတပ်တွေရှိနေတဲ့ စစ်ဆေးရေးဂိတ်တွေမှာ ကုန်ကားတွေကို ပစ္စည်းတင်ဆောင်တဲ့ ပမာဏအပေါ်မူတည်ပြီး ငွေကောက်ခံနေတယ်လို့ ဖြတ်သန်းသွားလာသူ ကုန်ကားမောင်းသူတွေဆီကနေသိရပါတယ်။

“အရင်ကတော့ တစ်စီးကို ၃ သောင်းအထိတောင် တောင်းဖူးတယ်။ ဒါပေမဲ့ ကျမတို့က ဒီရွာမှာပဲနေတာ ဒီလောက်တောင်းရင် ကျမတို့အတွက် ကားခပေးရမယ်၊ အမြတ်လည်းသိပ်မကျန်ဘူးလို့ပြောပြီး သူတို့အတွက် ဟင်းဖိုး ၁သောင်းလောက်ပေးလိုက်တာမျိုးရှိတယ်။ လို့ ကုန်ပစ္စည်းရောင်းတဲ့ အမျိုးသမီးတစ်ဦးကပြောပါတယ်။

ကရင်နီတပ်မတော် KA ဘက်ကလည်း လက်ရှိမှာ စစ်ရေးအခြေအနေအရ ဒီလမ်းတွေကို ပိတ်ထားသင့်ပေမဲ့လည်း ဒေသခံတွေကုန်သွယ်ဖို့ အတွက် နားလည်မှုနဲ့ ရက်ခြားပြီး သွားလာခွင့်ပေးထားတယ်လို့ ဆိုပါတယ်။

ဒီလိုလမ်းဖွင့်ပေးတဲ့အတွက် ကုန်ကားအသွားအလာတွေ များလာတာကြောင့် စစ်ဘေးရှောင်ကူညီနိုင်ဖို့ အတွက် ဂိတ်တွေမှာ အလှူငွေပုံတွေထားထားပေးသလို ကုန်ကားကြီးတွေကို တစီးကို တစ်သိန်းကျပ်၊ ကားငယ်တွေကို ၅သောင်းကျပ်ကောက်ခံခဲ့တယ်လို့ ကရင်နီပြည်ထဲရေးဌာန ညွန်ကြားရေးမှူး ဆရာဖိုးရယ် ကပြောပါတယ်။

“ကားသမားတွေက။ ရရှိတဲ့ ပိုက်ဆံတွေကို ကျနော်တို့ ဒီအရှေ့ဘက်ခြမ်းက စစ်ရှောင်တွေအတွက် ဆန်တွေဖြစ်ဖြစ် သူတို့အတွက် ဘာတွေအဓိကလိုအပ်လဲ ဆိုပြီးတော့ လှူဒါန်းသွားမှာပေါ့နော။ စစ်ရှောင်တွေအတွက်ပေါ့နော။ ဒီဘက်စစ်ဘေးရှောင်က တစ်သိန်းနဲ့ ငါးသောင်းကြားရှိတယ်။ စစ်ရှောင်တွေ များပြားတဲ့အတွက် အလှူရှင်တွေ မလှူနိုင်တာရှိတယ်လေ။ အဲ့ဒီအတွက် အရေးပေါ်ထားထားတာ။” လို့ ကရင်နီပြည်ထဲရေးဌာန ညွန်ကြားရေးမှူး ဆရာဖိုးရယ် ကပြောပါတယ်။

ဒီလိုကောက်ခံမှုကို မြေပြင်မှာရှိနေတဲ့ အဖွဲ့အစည်းတွေပေါင်းကာ ဆုံးဖြတ်လုပ်ဆောင်တာဖြစ်ပြီး အခုလိုလုပ်ဆောင်လာတာ ၃လဝန်းကျင်ရှိနေပြီလို့ ဆရာဖိုးရယ်ကဆက်ပြောပါတယ်။

ဒီလို ဂိတ်ကြေးတွေကောက်ခံတဲ့အပေါ် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ကနေ ဆုံးဖြတ်ချက်ချပြီး ကောက်ခံခွင့်ပြုတာမရှိဘူးလို့ ကရင်နီပြည်အစိုးရ ကာကွယ်ရေး ဒု- ဝန်ကြီး ခူဒယ်နီယာကပြောပါတယ်။

ယခင်ကတော့ ကရင်ပြည်အစိုးရတရပ်အနေနဲ့ အခွန်အမျိုးမျိုးကောက်ခံတာရှိပေမဲ့ လက်ရှိမှာ ပြည်သူတွေဒုက္ခရောက်နေတဲ့ အချိန်ဖြစ်တာကြောင့် အခွန်ကောက်ခံတာမျိုးကို ခွင့်မပြုထားဘူးလို့လည်း သူက ဆက်ပြောပါတယ်။

“အခွန်အမျိုးမျိုးရှိတဲ့အထဲမှာ အမျိုးသားအခွန်တို့ နေ့စဉ်အခွန်တို့ အဲ့ဒါတွေ မကောက်ဖို့တော့ KNPP ကနေ ဆုံးဖြတ်ထားတာ ရှိတယ်။ သို့သော် မှောင်ခိုလုပ်တဲ့ သစ်မှောင်ခိုတို့ ခဲမှောင်ခို စသည်ဖြင့် အဲ့တာတွေကတော့ အခွန်ရယ်လို့ မဟုတ်ပေမယ့် ဟိုးစာ သတ်မှတ်ထားတာ ရှိတယ်။ ခွင့်ပြုချက်မရှိပဲနဲ့ အဲ့ဒါလုပ်တဲ့သူတွေကို ဒဏ်ရိုက်တဲ့အနေနဲ့ ရှင်းရမယ် အဲ့ဒီလောက်ပဲ ဆုံးဖြတ်ထားတယ်။ အခွန်နဲ့ ပတ်သက်ပြီးတော့ မကောက်ရဘူးဆိုတာကိုတော့ ဆုံးဖြတ်ထားတာရှိတယ်။” လို့ ကရင်နီပြည်အစိုးရ ကာကွယ်ရေး ဒု- ဝန်ကြီး ခူဒယ်နီယာကပြောပါတယ်။

လက်ရှိ မြေပြင်မှာသွားလာနေတဲ့ သူတစ်ချို့ ရဲ့ ပြောစကားအရ ဂိတ်တွေမှာ ဖြတ်သန်းသွားလာတဲ့ အခါ ဂိတ်ထိုင် ရဲဘော်တွေဆီက အစစ်အဆေးများပြီး အချိန်ဆွဲမေးမြန်းတာတွေကြုံခဲ့ဖူးတယ်လို့ အမျိုးသမီးတစ်ဦးကဆိုပါတယ်။

“တစ်ခါတစ်လေ သိတဲ့သူနဲ့ တွေ့တော့ သွားလို့ရတယ်။ တစ်ခါတလေကျတော့ သိတဲ့သူပါရင်တောင်မှ သူတို့ သောက်စားထားသူတွေနဲ့ တွေ့ရင် ကျမတို့ အတွက်အခက်ခဲဖြစ်တယ်။” လို့ အမျိုးသမီးတစ်ဦးကပြောပါတယ်။

အဲဒီဂိတ်တွေမှာ ကရင်နီတပ်မတော် KA နဲ့ ကရင်နီအမျိုးသားများကာကွယ်ရေး တပ် KNDF တို့ က လုံခြုံရေးအရ စစ်ဆေးမှုတွေ၊ တားမြစ်ကုန်ပစ္စည်းတွေကို စစ်ဆေးတာတွေရှိနေပါတယ်။


မြေပြင်မှာ အရပ်သားတွေအပေါ် ဆောင်ရွက်ချက်အမှားတွေရှိမှုအတွက် KNDF အတွင်းရေးမှူး ၂ ဖြစ်တဲ့ ကိုသိုက်(ခေါ်) မာဝီက က ဝန်ခံထားပြီး အရေးယူဆောင်ရွက်မှုတွေလုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

“အောက်ခြေမှာက အချို့သော ရဲဘော်အချို့ တာဝန်ကျတဲ့လူအချို့ရဲ့ ပြုမူ ဆောင်ရွက်မှု အမှားတွေရှိတယ်။ ဒါကိုလည်း ကျနော်တို့ သိတယ်။ လက်ရှိဆိုရင်တော့ ကျနော်တို့ KNDF ပေါ့နော။ ကျနော်တို့ ကိုယ်စားပြုပြောလို့ ရတဲ့ဟာခါကျတော့ ဒီလိုမျိုးတွေ ရှိလာရင် ကျနော်တို့ အရေးယူဆောင်ရွက်မှုတွေ ရှိပါတယ်။” လို့ ကိုသိုက်(ခေါ်) မာဝီက ပြောပါတယ်။

မြေပြင်မှာ KNDF ရဲ့ လုံခြုံရေး စစ်ဆေးတဲ့ ဂိတ်တွေမှာ ကုန်ကားတွေနဲ့ ဖြတ်သန်းသွားလာသူတွေကို ငွေကောက်ခံတာတွေရှိသလို သူစိမ်းတွေအပေါ် အစစ်ဆေးကြမ်းပြီး ခြိမ်းခြောက်ပြောဆိုတာတွေရှိနေတယ်လို့ ဖြတ်သန်းသွားလာသူတွေကပြောပါတယ်။

“ကျနော်တို့ KNDF မှာတော့ အခွန်ကောက်ခွင့်လိုမျိုးဟာတော့ မရှိပါဘူး။ ကျနော်တို့ ပေးလုပ်ထားတာ မရှိဘူး။ တချို့သော ဂိတ်နေရာတွေမှာ ပြည်သူလူထု ဖြတ်သန်းသွားလာဖို့ ခွင့်မပြုထားတာတွေရှိတယ်။ အဲ့တာတွေမှာ ဖြတ်သန်းသွားလာတဲ့ လူတချို့ရှိတယ်။ သို့သော်လည်း အောက်ခြေမှာက အချို့သော ရဲဘော်အချို့ တာဝန်ကျတဲ့လူအချို့ရဲ့ ပြုမူ ဆောင်ရွက်မှု အမှားတွေရှိတယ်။” လို့ ကိုသိုက်(ခေါ်) မာဝီက ပြောပါတယ်။

လက်ရှိမှာ KNDF အနေနဲ့ military အက် ဥပဒေကို ရေးဆွဲနေတာရှိပြီး ဥပဒေနဲ့ ဆန့်ကျင်တာတွေကို လုပ်ဆောင်တဲ့ တပ်ပိုင်းက ဘယ်သူကိုမဆို အရေးယူဆောင်ရွက်သွားမယ်လို့ ကိုသိုက် (ခေါ်) မာဝီကပြောပါတယ်။

spot_img
spot_img