spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

တော်လှန်ရေးတပ်ဖွဲ့တွေ လွိုင်ကော်မြို့ရဲ့ထက်ဝက်ကျော်မှာ စစ်ဆင်ရေးပြုလုပ်နေ၊ နှစ်ဖက်ထိတွေ့မှု နေ့စဥ်ဖြစ်ပွား

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ လွိုင်ကော်မြို့တွင်းမှာ ၁ လေးလုံး စစ်ဆင်ရေး စတင်ပြီး ၄လကြာတဲ့အထိ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ နေ့စဉ်နီးပါး နှစ်ဖက်ထိတွေ့မှု ရှိနေဆဲဖြစ်ပြီး မြို့ရဲ့ ထက်ဝက်ကျော်မှာ စစ်ဆင်ရေးပြုလုပ်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

” လွိုင်ကော်မှာကတော့ ထိတွေ့တိုက်ပွဲတွေကတော့ ရှိနေတုန်းပဲနော။ လွိုင်ကော်မှာတော့ နေ့စဥ်နဲ့အမျှ အပြန်အလှန် ပစ်ခတ်မှုတွေ ရှိတယ်။ စစ်ကောင်စီဖက်ကလည်း ဒီလွိုင်ကော်မြို့ထဲမှာ လှုပ်ရှား စစ်ကြောင်းတွေနဲ့ ရှိနေတုန်းပဲပေါ့နော။ လှုပ်ရှား စစ်ကြောင်းတွေနဲ့ တော်လှန်တပ်ဖွဲ့တွေကိုတိုက်ခိုက်
နေတယ်။ တော်လှန်ရေး တပ်ဖွဲ့တွေကလည်း မြို့ရဲ့ ထက်၀က်ကျော်လောက်မှာ စစ်ကောင်စီတပ်တွေကို စစ်ဆင်ရေး လုပ်နေတယ်ပေါ့ “လို့ KNDF သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

နှစ်ဖက်ထိတွေ့ ပစ်ခတ်မှုတွင်း တော်လှန်ရေးတပ်ဖွဲ့မှ အကျဆုံးမရှိပေမဲ့ ထိခိုက်ဒဏ်ရာရသူရှိသလို စစ်ကောင်စီတပ်လည်း ထိခိုက်မှုတွေ ရှိတယ်လို့ သိရပါတယ်။
လွိုင်ကော် အခြေစိုက် စစ်ကောင်စီတပ်ရင်းစခန်းတွေအနက် လွိုင်ကော်မြို့တွင်းက ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်) နဲ့ ခလရ (၅၄) တပ်ရင်းသာ စစ်ကြောင်းလှုပ်ရှားမှုတွေရှိတယ်လို့ KNDF က ဆိုပါတယ်။

“လွိုင်ကော်မြို့ပေါ်ရပ်ကွက်ထဲမှာကတော့ ဒကစဖက်ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်တွေကတော့ လှုပ်ရှား တယ်ပေါ့နောလွိုင်ကော်မြို့ပေါ်မှာ လှုပ်ရှားတယ်။ ၅၄တပ်ကနေလည်း ထွက်လာပြီး လှုပ်ရှားတာလည်းရှိတယ်။ ကျန်တဲ့တပ်ရင်းတွေကတော့ သူ့တပ်ထဲမှာပဲ ရှိတဲ့အနေအထားဖြစ်ပါတယ်။” လို့ KNDF သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

၁ လေးလုံးစစ်ဆင်ရေး စတင်ပြီးနောက် နီးစပ်တဲ့ ရှမ်းပြည်နယ်အတွင်းကို သွားရောက်တိမ်းရှောင်ကြတဲ့ ကရင်နီစစ်ရှောင်တွေဟာ စစ်ရှောင်ကာလကြာမြှင့်လာတာနဲ့အမျှ စားဝတ်နေရေး ပိုမိုကြပ်တည်းလာတယ်လို့ ဆိုပါတယ်။ အိုးအိမ်ပျက်စီးမှုများပြားနေတဲ့ လွိုင်ကော်မြို့ပေါ်မှာ နေရပ်ပြန်လည်နေထိုင်လို့မရသေးပေမဲ့ စစ်ကောင်စီလက်အောက်ကနေ လွတ်မြောက်ပြီး နေရပ်မှာ ပြန်လာနေထိုင်ချင်ပြီလို့ နောင်ယားရပ်ကွက်ကနေ စစ်ရှောင်ခဲ့ရတဲ့ မပိုးပိုက ပြောပါတယ်။

” ညီမတို့ရပ်ကွက်က အခုတိုက်ပွဲလုံး၀ဖြစ်နေတဲ့ နေရာမို့လို့ လုံး၀ပြန်နေလို့မရတဲ့ အနေအထားပေါ့နော။ နေလို့မရသေးပါဘူးရှင့်။ ပြန်လို့လည်းမရသေးပါဘူး။ လွိုင်ကော်မြို့သိမ်းတိုက်ပွဲကို အမြန်ဆုံးပြီးစေချင်တယ်။ လွိုင်ကော်ကိုလည်း အမြန်ဆုံးပြန်နေချင်ပြီ။ ကိုယ့်မြို့ကိုယ့်ရွာကို အာဏာရှင်လက်အောက်ကနေ ပြန်တိုက်ယူတာဆိုတော့လေး ပျက်စီးဆုံးရှုံးမှုတွေ ရှိနေနိုင်တယ် ဆိုပေမဲ့လည်း ပျက်စီးတာနဲ့ တန်တဲ့ လွတ်လပ်မှုကို ရချင်ပါတယ်”လို့ သူက ဆိုပါတယ်။

၁ လေးလုံး စစ်ဆင်ရေးအတွင်း လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ ဒရုန်းနဲ့ မီးလောင်ဗုံးအသုံးပြုမှုကြောင့် နေအိမ်၊ အဆောက်အအုံ ပျက်စီးခဲ့ရတဲ့ အဆောက်အဦးစာရင်းဟာ ရာနဲ့ ချီရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နေ့စဉ်နီးပါး နှစ်ဖက်ထိတွေ့မှုဖြစ်ပွားနေတဲ့ လွိုင်ကော်မြို့မှာ တော်လှန်ရေးတပ်ဖွဲ့တွေက မြို့ရဲ့ ၅၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်တယ်လို့ KNDF က ပြောဆိုထားပါတယ်။

spot_img
spot_img