spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

တော်လှန်ရေးထဲ ခြေစုံပစ် ဝင်ရောက်နိုင်သူတွေနဲ့သာ KSCCကို ပြန်လည်စုဖွဲ့မည်

ကန္တာရဝတီတိုင်း( မ် )

လာမယ့် ၂၀၂၃ နှစ်ဆန်းပိုင်းမှာ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ရဲ့ ညီလာခံကို ကျင်းပမှာဖြစ်ပြီး အသစ်ဖြစ်ပေါ်လာမယ့် ကောင်စီမှာ တော်လှန်ရေးထဲ ခြေစုံပစ် ဝင်ရောက်နိုင်သူတွေနဲ့သာ ပြန်လည် စုဖွဲ့သွားမယ်လို့သိရပါတယ်။

အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး လက်ရှိကရင်နီပြည် အတိုင်ပင်ခံကောင်စီ ( KSCC ) ကော်မီတီဝင်တစ်ဦးဖြစ်တဲ့ ဆရာတော်ရယ်(အက်စ်)က ကန္တာရ၀တီတိုင်း(မ်)ကို ဒီဇင်ဘာ ၁၂ရက်နေ့မှာ အခုလိုဖြေကြားခဲ့ပါတယ်။

“ တော်လှန်ရေးမှာ ခြေစုံပစ်ပြီးတော့မှ ဒီရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသား ရပ်တည်တဲ့အဖွဲ့စည်းတွေနဲ့ပေါ့။ တချို့ဟာက အခြေနေအရဆိုပြီးတော့မှ ဟိုဖက်လည်းဆက်စပ်မှုရှိတယ်။ ဒီဖက်လည်းပါမယ်ဆို နောက်ဟို ဘာလဲ ပုန်းလျိုးကွယ်လျိုး ခေါ်ရမလား၊ နာမည်မဖော်ပဲနဲ့ အဲ့လိုပုံစံမျိုးနဲ့ ပါဖို့ဆိုတဲ့ဟာတွေ ပြောတဲ့ဟာတွေရှိတယ်လေ။ ဆိုတော့ အဲ့လိုဟာမျိုးက ပါရင် ရှင်းရှင်းပါ၊ မပါရင်လည်းကိုယ့်ဟာကိုယ်အေးဆေးနေဆိုတဲ့ ပုံစံမျိုးနဲ့ ကျနော်တို့က အစီအမံမှာရေးထား၊ ပြုထားတာရှိတယ်။ ဆိုတော့ ဟိုဖက်မှာအဆက်စပ်မရှိတဲ့လူတွေနဲ့ စုဖွဲ့မယ်ဆိုတဲ့ဟာမျိုးကိုပြောတာ…။ ” လို့ ဆရာတော်ရယ်(အက်စ်)က ပြောပါတယ်။

ကျင်းပမယ့် ညီလာခံကနေ ကြားကာလအစီအမံကို အတည်ပြုပြီး KSCC ကောင်စီဝင် ၁၇ဦးကို ရွေးချယ်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

အသစ်ပြန်လည်ဖွဲ့ စည်းတဲ့ KSCC ကနေ ကရင်နီပြည်ရဲ့ နိုင်ငံရေးအခန်းကဏ္ဍကို ဦးဆောင်ပြီး ကြားကာလ ကရင်နီပြည်အမျိုးသားညီညွှတ်ရေးအစိုးရ ဖွဲ့စည်းခြင်းနဲ့ ပြည်နယ်ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးကဏ္ဍတွေကို သက်ဆိုင်ရာမှ အကောင်အထည်ဖော်နိုင်ရန်အတွက် လမ်းညွှန်ဆောင်ရွက်သွားမယ်လို့ KSCC ဖွဲ့စည်းကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အစုအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ ၂၀၂၀ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်များ၊ လူမှုအသင်းအဖွဲ့များ၊ လူငယ်နဲ့အမျိုးသမီးကိုယ်စားလှယ်များပါဝင်ကြတဲ့ KSCC ကို ၂၀၂၁ခုနှစ် ဧပြီလ ၉ ရက်နေ့မှာ စတင်ဖွဲ့စည်းထားခဲ့တာဖြစ်ပါတယ်။

ဖွဲ့စည်းပြီး တစ်နှစ်ကျော်ကာလအတွင်းမှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD ) နဲ့ ကယန်းပြည်သစ်ပါတီတို့ဟာ အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့ပြီး ပြန်လည်နှုတ်ထွက်ဖို့ တင်ပြမှု ရှိလာတဲ့အတွက် သက်ဆိုင်ရာကော်မတီဝင်အတွင်း အပြန်အလှန်ဆွေးနွေးပြီးတဲ့နောက် နှုတ်ထွက်ခွင့်ပြုလိုက်တယ်လို့ KSCC ကော်မတီဝင် ဆရာခဲလေက ပြောပါတယ်။

“ပထမဦးဆုံးတော့ ကယန်းပြည်သစ်ပါတီက ရပ်နားလိုက်တယ်ပေါ့နော။ နောက်ပြီးတော့ ဒီNLD ၊ ကယန်းပြည်သစ်ရပ်နားချိန်တုန်းကတော့ တရားဝင်ဘားမှ စာတွေဘာတွေ ပေးပို့မှုမရှိဘူး။ NLD ကတော့ တရားဝင်ပေးပို့မှုတွေရှိတယ်။ အပြန်အလှန်ဆွေးနွေးပြီးတော့ တရားဝင်နှုတ်ထွက်ခွင့်ပြုလိုက်တယ်။ ဒါပေမယ့် ဟိုဘက် NLD ကတော့ ဘယ်လိုပြောရမလဲ။ သူတို့ရဲ့ KSCC နဲ့လည်း အပြတ်မလုပ်ဘူးပေါ့။ သူတို့က အင်အားကောင်းတဲ့ မဟာမိတ်နဲ့ပဲ ဆက်သွားမယ်။” လို့ ဆရာခဲလေက ပြောပါတယ်။

KSCC ကနေ နှုတ်ထွက်လိုက်ရတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး KSCCမှာ ပါဝင်ခဲ့တဲ့ NLDတာဝန်ရှိသူတချို့နဲ့ ဆက်သွယ်မေးမြန်းကြည့်ပေမယ့် ပြန်လည်ဖြေကြားပေးနိုင်ဖို့ အဆင်မပြေသေးဘူးလို့ နိုဝင်ဘာလ ၂၉ရက်နေ့မှာ ကန္တာရဝတီတိုင်း( မ် )ကို အကြောင်းပြန်ပါတယ်။

NLD ပါတီဟာ KSCCကနေ နှုတ်ထွက်လိုက်ပေမယ့် အနိုင်ရထားတဲ့ NLD လွှတ်တော်ကိုယ်စားလှယ်တချို့ဟာ တစ်သီးပုဂ္ဂလ ပုံစံမျိုးနဲ့ KSCC မှာ ဆက်လက် ပါဝင်နေတာရှိတယ်လို့ ဆိုပါတယ်။

KSCC ဟာ တော်လှန်ရေးအင်အားစုတွေအားလုံး စုပေါင်းဖွဲ့စည်းထားတဲ့အတွက် ရည်မှန်းချက်ကိုရောက်ဖို့ ပြတ်ပြတ်သားသားလုပ်ဆောင်နိုင်တဲ့ လမ်းကြောင်းပေါ်ရောက်အောင် ဆက်လက်ပါဝင်ပေးကြဖို့လည်း ဆရာတော်ရယ်(အက်စ်)က အခုလို တိုက်တွန်းထားပါတယ်။

“ကျနော်တို့ နည်းနည်းတွေဝေပြီးတော့မှ ဇဝေဇဝါလမ်းကြောင်းတွေ ကျနော်တို့သွားပြီးတော့မှ လုပ်ပြီးတာနဲ့ ကျနော်တို့ပွဲက ပြီးနိုင်တော့မှာ မဟုတ်ဘူး။ ပွဲကို ကျနော်တို့ လိုချင်တဲ့နိုင်ငံရေးရလဒ် နိုင်ငံရေးရည်မှန်းချက်ကို အရောက်သွားဖို့ဆိုလို့ရှိရင် ဒီလိုရှင်းရှင်းနဲ့ပြတ်ပြတ်နဲ့ ကျနော်တို့သွားနိုင်မှ ရောက်နိုင်မှာဖြစ်တဲ့အတွက် ဒီဟာနည်းနည်းတွေဝေတဲ့ဟာမျိုးတွေကတော့ အဲ့လိုမဟုတ်ပဲနဲ့ ဒီရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသားနဲ့ ဆက်သွားတဲ့လမ်းကြောင်းပေါ်မှာ ဆက်လက်ကြိုးစားကြပါ ဆက်လက်ပါဝင်ကြပါဆိုတာကို အားပေးချင်တာပါ။ ” လို့ ဆရာတော်ရယ်(အက်စ်) ကပြောပါတယ်။

လက်ရှိ KSCCမှာဆိုရင် CDM ကော်မတီ၊ ကျန်းမာရေးကော်မတီ၊ ပညာရေးကော်မတီ၊ ဘဏ္ဍာရေးကော်မတီ၊ လူသားချင်းစာနာထောက်ထားမှု ကော်မတီ၊ အခွန်စည်းကြပ်ရေးကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ၊ လုံခြုံရေးနှင့် ကာကွယ်ရေးကော်မတီ တို့ကို ဖွဲ့စည်းထားပြီး လက်ရှိမှာလည်း KSCC ကနေ ညီလာခံခေါ်ယူပြီး ကြားကာလအစီအမံကို အတည်ပြုမှာဖြစ်ပါတယ်။

spot_img
spot_img