spot_imgspot_imgspot_imgspot_img
Saturday, June 21, 2025
spot_imgspot_imgspot_imgspot_img

တော်လှန်ရေးနယ်မြေထဲက ခရစ်ယာန်သီလရှင် (သို့မဟုတ်) စစ္စတာရ် စိမ့်စမ်းရေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

“ကိုယ်ရပ်ပေးရုံလေးက ပြည်သူကနေ ပြည်သူကို စီးဆင်းဖို့အတွက် အကျိုးရှိစေတယ်” 

အထက်ပါစကားကို ပြောလာသူကတော့ ကက်သလစ် ခရစ်ယာန် သီလရှင် စစ္စတာရ် စိမ့်စမ်းရေ ဖြစ်ပါတယ်။

တော်လှန်ရေး ကာလအစကတည်းက စစ်ရှောင်ပြည်သူတွေနဲ့ အတူတစ်သားတည်းရှိသူက စစ္စတာရ်စိမ့်စမ်းရေပါ။

စစ္စတာရ် စိမ့်စမ်းရေဟာ ဘာသာရေးအရဆိုရင် ကက်သလစ်ခရစ်ယာန်ရဲ့ ဝိညာဉ်ရေးရာအသက်တာကို ပြုကျင့်နေသူတဦး ဖြစ်ပေမဲ့လည်း  ၂၀၂၁ ဖေဖော်ဝါရီလအတွင်း စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ လူထုအပေါ် နှိပ်စက်မှုတွေကို မျက်စိမှိတ်၊ နားပိတ်ပြီး မနေနိုင်ခဲ့ပါဘူး။

ဒါကြောင့် အာဏာသိမ်းပြီးစကာလမှာ ပြည်သူတွေလက်သုံးချောင်းထောင်ပြီး လမ်းပေါ်ထွက် ဆန္ဒပြကတည်းက သူမဟာ ပြည်သူတွေနဲ့အတူရပ်တည်ပါဝင်ခဲ့ပါတော့တယ်။

စစ်ရှောင်စခန်းတနေမှာ စစ်ရှောင်လူထုတွေနဲ့ စကားစမြည်ပြောဆိုနေတဲ့ စစ္စတာရ်စိမ့်စမ်းရေကို တွေ့ရစဉ်။

စစ္စတာရ် စိမ့်စမ်းရေရဲ့ တော်လှန်ရေးနယ်မြေခရီး

အသက် (၅၀) နှစ်အရွယ် ကက်သလစ်ခရစ်ယာန်သီလရှင် စစ္စတာရ် စိမ့်စမ်းရေဟာ  သီလရှင်ဝါတော် (၂၅) နှစ် ပြည့်ပြီးပါပြီ။ စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၇) ရက်နေ့ ဘာသာပေါင်းစုံသပိတ်မှာ ပါဝင်ခဲ့တဲ့ စစ္စတာရ် စိမ့်စမ်းရေဟာ ၂၀၂၁ ခုနှစ်  မတ်လကစလို့ စစ်တပ်ရဲ့ ဖမ်းဆီးခြင်းကို ရှောင်တိမ်းရာကနေ ကရင်နီကို ရောက်ရှိခဲ့ တာပါ။

“စတုန်းကတော့ လာပြီးရင် တာဝန်ကျရာကိုပြန်ဖို့ပဲပေါ့နော်။”  လို့ ကရင်နီကိုရောက်ခဲ့တဲ့အကြောင်း စစ္စတာရ် စိမ့်စမ်းရေးက ပြန်ပြောင်းပြောပြပါတယ်။

 ၃ လအကြာမှာ သူမနဲ့အတူ လာ ခဲ့တဲ့ စစ္စတာကမိဘကိုကြည့်ပြီး သက်ဆိုင်ရာကိုပြန်သွားခဲ့ပေမဲ့ စစ္စတာရ်စိမ့်စိမ်းရေကတော့ စစ်ရှောင်တွေနဲ့အတူ နေထိုင်ကူညီဖို့ ဆိုတဲ့အရာကို ရွေးချယ်နေထိုင်ခဲ့ပါတယ်။

“လူတွေက တအားဒုက္ခရောက်တဲ့ခါကျတော့ စိတ်ကမခံစားနိုင်ဘူး။ ထားပစ်ခဲ့ရမှာလည်း စိတ် မကောင်းဘူး။ အဲ့ဒါနဲ့ စစ်ရှောင်ကို ဆက်ပြီးကူဖို့လိုတော့ အခုထိလည်း လုပ်ပေးနေတာပါ ဘုရားလည်းအလိုရှိတယ်ပေါ့” လို့  စစ္စတာရ်က ပြောပါတယ်။

လက်ရှိ စစ္စတာရ် စိမ့်စမ်းရေဟာ ကရင်နီကိုရောက်ရှိတာ ၄ နှစ် ဝန်းကျင်ရှိနေပါပြီ။ စစ်ရှောင်လူထုတွေရဲ့ စားဝတ်နေရေးအတွက် သူမတတ်နိုင်တဲ့ဖက်ကနေ လက်ရှိအချိန်ထိ မြေပြင်မှာ မားမားမတ်မတ် ရပ်တည်ပေးနေပါတယ်။

စစ်ကြောင့် တိမ်းရှောင်နေရတဲ့စစ်ရှောင်တွေကို ဆန်၊ဆီ၊ စား စတဲ့ စားနပ်ရိက္ခာတွေကို အဓိက ထောက်ပံ့ကူပေးနေတာပါ။

“ပြည်သူဆီကို စီးဆင်းဖို့ တံတားလေးတခုအနေနဲ့ မဟုတ်လည်း ကြားခံလေးတခုအနေနဲ့ နေပေးရင် တောင်မှ ဒီဒုက္ခရောက်တဲ့ မြေပြင်ကလူတွေအတွက် အုတ်တချပ်၊ သဲတပွင့်၊ နှမ်းတစေ့လေးပဲ ဖြစ်ဖြစ် ကိုယ်က လုပ်ပေးလို့ရတယ်ဆိုတဲ့အခါကျတော့ ကိုယ့်အတွက်တော့မဟုတ်ဘူးပေါ့။ သူများ အတွက်ကို နေပေးဦးမယ် အဲ့မျိုးစိတ်ထားနဲ့ပဲ နေရင်းနေရင်းနဲ့ လေးနှစ်ထဲကိုရောက်လာတာပါ” လို့ ပြောပါတယ်။

စစ်ရှောင်စခန်းတနေရာမှာ ကလေးတွေကို အာဟာရကျွေးမွေးနေစဉ်။

စစ္စတာရ် စိမ့်စမ်းရေရဲ့ အစေခံခြင်းနဲ့ တော်လှန်ရေးခံယူချက်

ခရစ်ယာန်သီလရှင်တဦးအနေနဲ့ ဘာသာရေးအရ ဆိုရင် သူမနေထိုင်ရမယ့် အဆောက်အဦး နဲ့ ဝတ်ဆင်ရတဲ့ ဝတ်ရုံတော်(သင်္ကန်း)၊ ကျင့်သုံးရမယ့်သီလ၊ စောင့်ထိန်းရမယ့် ကျင့်ဝတ် စတဲ့ ဘာသာရေးစည်းကမ်းချက်တွေရှိပါတယ်။

ဒါပေမဲ့စစ်ရှောင်တွေနဲ့ တသားတည်းနေထိုင်တဲ့ စစ္စတာရ် စိမ့်စမ်းရေအဖို့ ကျောင်းဆောင်တွေဆိုတာ မရှိသလို သူမဝတ်ထားတဲ့ ဝတ်ရုံတော်(သင်္ကန်း) တွေကလည်း တွန့်ကြေလို့နေပါတယ်။ စားရေး သောက်ရေးမှာလည်း ကြုံသလိုစားနေရတာပါ။

“ဘုရားရဲ့အစေခံတယ်ဆိုတာ ပြချင်တယ်ဆိုရင် စစ္စတာရ်တို့ကတခြားထူးခြားဖြစ်စဉ်တွေမှာ သွားပြီးတော့ ပြောတာထက် ဒီမြန်မာပြည်ကြီးက ဒီထက်ထူးခြားစရာအကြောင်းမရှိတော့ဘူးလေ။ ဒီထက်ပိုဒုက္ခ ဆင်းရဲ နောက်ထပ် ဘာတွေမျှော်လင့်နေရမှာလဲပေါ့။ ဒီထက်ပိုဆိုးမှပဲ ငါတို့အစေခံ မယ်ဆို မဟုတ်သေးဘူး။ ဒါကြီးက ဒီလောက်ဆိုးနေပြီပဲ ဆိုတော့ စစ္စတာရ် က အစေခံခြင်း အသက်တာကို ယူထားတဲ့ လူတယောက်အနေနဲ့ဆိုတော့ ကိုယ်အစေခံရမယ့်အချိန်မှာသူ့ရဲ့ right time(အချိန်ကိုက်) ပဲပေါ့နော်” လို့ ပြောပါတယ်။

ကရင်နီမှာရောက်ရှိတဲ့ ၄ နှစ်တာအတွင်း သုံးနေရာမြောက် ရွှေ့ပြောင်းနေထိုင်ခဲ့တဲ့ တဲအိမ်နဲ့အတူ တွေ့ရစဉ်။

သူမရဲ့ သီလရှင်ဝါတော် (၂၅) နှစ်ပြည့် ဂျူဗလီအတွက်လည်း ပွဲတော်ခံရမယ့်အချိန်မှာ သူမပွဲတော် မခံနိုင်ခဲ့ပါဘူး။

ကက်သလစ်ခရစ်ယာန် သီလရှင်တဦးရဲ့ နေ့စဉ်ဆုတောင်းမေတ္တာတွေဖြစ်တဲ့ နံနက်မေတ္တာ၊ ညနေ မေတ္တာတွေနဲ့ တနင်္ဂနွေနေ့ မိစ္ဆားတရားတော်မြတ်ကိုတော့ စစ္စတာရ် စိမ့်စမ်းရေတယောက် မပျက်ကွက်ခဲ့ပါဘူး။

စစ်ရှောင်တွေနဲ့ အတူ နေထိုင်နေရင်းနဲ့ နေစရာ၊ စားစရာ ချို့တဲ့ တဲ့ စစ်ရှောင်တွေအတွက်လည်း သူမအနေနဲ့ ဆုတောင်းပေးတာထက် တတ်နိုင်တဲ့ဖက်ကနေ ကူညီပေးတာ၊ သူတို့နဲ့အတူရပ်တည်ပေးတာက ပိုလက်တွေ့ကျတယ်လို့ သူမက ခံယူထားတာပါ။

“ငါတို့ဆု‌တောင်းပေးမယ်နော် လို့ပြောတာထက် ငါတို့ ဘာပါဝင်ပေးနိုင်မလဲပေါ့နော်။ ဒီပြောင်းလဲခြင်းမှာ ငါတို့ဘာလေးလုပ်ပေးနိုင်မလဲ ဆိုတဲ့စိတ်ဓာတ်နဲ့ အမြဲသွားပါတယ်ပေါ့။ တကယ့်နိုင်ငံတော်လှန်ရေး စကားတွေ ဆိုအရမ်း အများကြီးတော့ စစ္စတာရ် မပြောတတ်ဘူး” လို့ စစ္စတာရ်စိမ့်စမ်းရေက သူမရဲ့ ခံယူချက်ကို ပြောပြလာပါတယ်။

စစ္စတာရ် စိမ့်စမ်းရေဟာ စစ်ရှောင်ပြည်သူတွေအတွက် ရိက္ခာရရှိရေးအတွက် ကူညီဆောင်ရွက်ပေးရုံတင်မကပါဘူး၊ ကရင်နီပြည်တွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက်ပေးသွားရတဲ့ အပြစ်မဲ့ပြည်သူတွေ၊ ကျန်ရစ်သူမိသားစုတွေ ကိုလည်း မြေပြင်အထိ သွားရောက်ပြီး အားပေးစကားပြောတာ၊ ဆုတောင်းပေးတာတွေကိုလည်း လုပ်ဆောင်နေပါတယ်။

“ရိုးရိုးနာကျင် သေခြင်းတရားတွေတောင် ခက်ခဲတဲ့အခါမှာ ဒီလိုကိစ္စတွေကြရင် စစ္စတာရ်က အနား လေးပဲ နေပေးလိုက်တာပေါ့နော်။ ရတဲ့နေရာမှာသွားနေပေးတယ်။ မဟုတ်ဘူးဆိုရင် တိတ်တိတ်လေးပဲ နေလိုက်တယ်ပေါ့နော်။ ဘာလို့လဲဆိုရင်စစ္စတာရ်က မြေပြင်တကယ်ကူနေရတဲ့ အခါမှာ မခံစားနိုင်ဘူး အဲ့ မခံစားနိုင်ခြင်းအပေါ်မှာ ဘယ်လိုပြောရမှန်းမပြောတတ်ဘူး” လို့ စစ္စတာရ် စိမ့်စမ်းရေက ပြောပါတယ်။

စစ်အာဏာရှင်မှမဟုတ်ပါဘူး၊ အာဏာရှင်မှန်သမျှ ချုပ်ငြိမ်းဖို့ကို စစ္စတာရ် စိမ့်စမ်းရေက အမြဲ တစေ ဆုတောင်းဖြစ်ပါတယ်။ ဒီတော်လှန်ရေးကြီးကိုလည်း တရားမျှတမှု နဲ့ပဲ ပြီးဆုံးစေချင်နေသူပါ။

“အဆုံးထိ ခန္ဓာကိုယ်ကြီး မပါနိုင်ခဲ့ရင်‌တောင် စစ္စတာရ် ရဲ့ စနစ်ဆိုး ဒီမြန်မာနိုင်ငံအပေါ်မှာ မတရားအုပ်စိုးထားတဲ့ စနစ်ဆိုးကြီးကတော့ အဆုံးထိလူငယ်တွေ ကသွားမှာလား။ ကျမတို့ကလည်း အဆုံးထိလိုက်လုပ် ပေးဦးမှာပဲ” လို့ စစ္စတာရ်က ပြောပါတယ်။

ဒီတော်လှန်ရေးကြီး မပြီးဆုံးသေးသ၍ ၊ စစ္စတာရ် စိမ့်စမ်းရေ တတ်စွမ်းနိုင်သ၍ကတော့ ကျရာကဏ္ဍ၊ နိုင်ရာဝန်ကို ထမ်းပြီး ပြည်သူနဲ့တသားတည်းရပ်တည်သွားဖို့ စစ္စတာရ် စိမ့်စမ်းရေက ဆက်လက် ရှိနေ အုံးမှာပါပဲ။

စစ္စတာရ် စိမ့်စမ်းရေနဲ့ ကန္တာရဝတီတိုင်း(မ်) မှ တွေ့ဆုံစဉ်။
spot_img
spot_img

Recent posts