( ကန္တာရဝတီတိုင်း(မ်) အလုပ်သင် တော်မြာဦး နှင့် မော်ပဲမြာ တို့ ပူးပေါင်းရေးသားထားသည်။ )
“အကယ်၍များ ကျနော် သေနတ်ကျည်ဆံကြောင့်တခုခု ဖြစ်သွားခဲ့သည်ရှိရင်၊ အမေဘာအကြောင်းနဲ့မှ မခံစားပါနဲ့ တဲ့”
ဒါကတော့ သားဖြစ်သူသက်ရှိထင်ရှားရှိစဉ်က ပြောခဲ့ဖူးတဲ့စကားကို မော်မြာမို (အမည်လွှဲ) က ပြန်ပြောပြလာတာပါ။
ခုတော့ သားဖြစ်သူဟာ အာဏာရှင်ကိုတော်လှန်တိုက်ခိုက်ရင်း ကျဆုံးသွားခဲ့ပါပြီ။
သားဖြစ်သူကတော့ “မခံစားပါနဲ့” လို့ မှာခဲ့ပေမဲ့ မွေးမိခင် မော်မြာမိုတဦးအတွက်တော့ အသက်ရှူ ရပ်မတတ် ခံစားခဲ့ရတာပါ။
သားဖြစ်သူ တော်လှန်ရေးထဲကို ခြေစုံပစ်ဝင်သွားတဲ့ချိန်ကစပြီး စိုးရိမ်ပူပန်စိတ်တွေနဲ့ အမြဲအသက်ရှင်နေရတဲ့သူမဟာ သားဖြစ်သူဆုံးပါးသွားတဲ့နောက်မှာတော့ သတိရလွမ်းဆွတ်စိတ်တွေ နဲ့ ပြည့်နက်လို့နေပါတယ်။
ဒါပေမဲ့လည်း သားဖြစ်သူရဲ့ တော်လှန်ရေးမှာ ပေးဆပ်ခဲ့မှုအပေါ် မှာတော့ မိခင်တယောက်အနေနဲ့ အမြဲဂုဏ်ယူနေသူတဦးပါ။
သူမရဲ့ သားဖြစ်သူဟာ ကရင်နီပြည် တပ်မတော် (KA) အပတ်စဉ်(၇၁) မှာ သင်တန်းတက်ရောက် ပြီးမြောက်ခဲ့တဲ့ တပ်ကြပ်ခူးဖရေရယ် (ခေါ်) ဒုဒု ဖြစ်ပါတယ်။ သူရဲ့ ပထမဆုံးတိုက်ပွဲ အဖြစ် ၂၀၂၁ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ “သံလွင်ရှေ့ခြမ်း ကျားပါးစပ်ကြီးတိုက်ပွဲ” အပါအဝင် “ရှားတော၊ ဟွေခမောက်၊ တောင်ဂတုံး၊ မယ်လယု၊ ဖားဆောင်း၊ လွိုင်ကော်” အစရှိတဲ့ ထိတွေ့တိုက်ပွဲပေါင်းများစွာမှာ ပါဝင်ခဲ့သူတဦး ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ၂၀၂၅ ခုနှစ် မတ်လ ၂၅ ရက်နေ့မှာ ဘောလခဲ တိုက်ပွဲမှာ စစ်အာဏာရှင်ကို တိုက်ခိုက်ရင်း ကျဆုံးသွားခဲ့တာပါ။
ဒုဒု ဟာ အသက်၂၄ အရွယ်သာ ရှိသေးတဲ့ လူငယ်တဦးဖြစ်ပြီး အာဏာမသိမ်းခင်က မိသားစုရဲ့ ထောက်တိုင်အဖြစ် ပြည်ပမှာ အလုပ်လုပ်ပြီး ထောက်ပံ့ပေးခဲ့တာပါ။
အာဏာသိမ်းပြီးနောက်မှာတော့ စစ်ကောင်စီကိုတော်လှန်ဖို့ စိတ်အားထက်သန်တာကြောင့် လက်နက်ဆွဲကိုင်တော်လှန်ခဲ့သူပါ။
တော်လှန်ရေးအတွင်း စတင်ဝင်ရောက်ကတည်းက “ခန္ဓာကိုယ်တခြမ်းကို နိုင်ငံတော်အတွက်၊ တခြမ်းကို မိဘအတွက် ဆိုပြီး” မိခင်ဖြစ်သူကို အမှာစကားပါးခဲ့ပါတယ်။

ရဲဘော်တွေကြားမှာ အနစ်နာခံတတ်ပြီး သူတပါးအပေါ်မှာ စေတနာထားတတ်တဲ့သူဖြစ်ကြောင်း သူ့ရဲ့ ရင်းနှီးတဲ့ သူငယ်ချင်း ကိုလှဦးက ပြောပါတယ်။ သူငယ်ချင်းတွေဆုံရင် လူစုံတက်စုံနဲ့ တော်လှန်ရေးပြီးရင် ပြန်ဆုံကြမယ်လို့ အမြဲပြောဆိုတတ်တဲ့သူ့ကို တော်လှန်ရေးပြီးရင် ပြန်မတွေ့နိုင်တော့ပါဘူး။
ဒုဒုဟာ အပေါင်းအပါ ရဲဘော်တွေကြားမှာ တာဝန်ကျေပွန်သူတဦး ဖြစ်ရုံတင်မက မိသားစုအရေးမှာလည်း ဖခင်မရှိတော့တဲ့ ညီမငယ်တွေနဲ့ သူ့ရဲ့မိခင်အတွက် အဓိက အားကိုးစရာ ထောက်တိုင်အဖြစ် တည်ရှိနေခဲ့တာပါ။
“သူကျသွားတာက ၂၅ရက်နေ့ မနက်ပိုင်းလောက်မှာ သူကျတဲ့ရက်မှာ ရင်ထဲက အလိုလိုဟာနေတယ်။ ဆိုပြီး ဘေးအိမ်ကလူတွေကိုတောင် ပြောလိုက်မိသေးတယ်။ နောက်နေ့ မနက် ၂၆ ရက်နေ့ မနက်ပိုင်းလောက်မှ အဒေါ်တို့ သိရတာ။ သိသိရချင်း “ဒုဒုကျ သွားပြီ” လို့ ပြောတာနဲ ရင်ထဲက ဘယ်လိုဖြစ်သွားမှန်းလဲ မသိဘူး မူမမှန်တော့ဘူး။ ငိုတယ်ဆိုတာထက်ကို ထအော်ဟစ်ကြွေး ငိုနေလိုက်ရတယ်။” လို့ သားဖြစ်သူကျဆုံးစဉ်က ဖြစ်စဉ်အကြောင်းကို မော်မြာမိုက ပြန်ပြောပြလာပါတယ်။
သားဖြစ်သူနဲ့က ရှေ့တန်းထွက်နေတာကြောင့် ပုံမှန်အဆက်အသွယ် လုပ်လေ့မရှိပါဘူး။ ရှေ့တန်းတက်သွားတာကို သိလိုက်ရတဲ့အချိန်မှာတော့..သူ အသက်မဲ့နေပါပြီ။
“သားသမီးက မိဘကိုသင်္ဂြိုဟ်တာက ပိုပြီးတင့်ပေမဲ့၊ မိဘက သားသမီးကို ပြန်သင်္ဂြိုဟ်နေရတယ်။ ဒါကမဖြစ်သင့်ပေမဲ့ လက်ရှိဖြစ်နေပြီ။” လို့ မော်မြာမိုက ပြောပါတယ်။
သူမ အနေနဲ့ သားဖြစ်သူရဲ့ နောက်ဆုံးအချိန်ကို မြင်နိုင်ဖို့ အခွင့်အရေးနဲ့ နှုတ်ဆက်စကားတွေ ပြောဖို့ အခွင့်အရေးမရခဲ့ပါဘူး။
မိခင်တယောက်အနေနဲ့ သားဖြစ်သူ သက်ရှိထင်ရှားရှိစဉ်က ပုံရိပ်တွေကို နေ့စဉ်နဲ့အမျှတော့ ပြန်မြင်ယောင်နေရရုံကလွဲ ပြီး မတတ်နိုင်တော့ပါဘူး။
မနက်ပိုင်းဟင်းထချက်ချိန်တွေမှာ သူကြိုက်တတ်တာလေးတွေ ချက်ဖြစ်ရင်လည်း သတိရတဲ့စိတ်နဲ့ မျက်ရည်ကျနေမိပါတယ်။
ဒါ့အပြင် သူမရဲ့အတိတ်ပုံရိပ်တွေထဲမှာ သားဖြစ်သူ ချက်ကျွေးခဲ့ဖူးတဲ့ဟင်းတွေ၊ တခါတလေ ခွင့်ရလို့အိမ်ပြန်လာချိန်မှာ သူမရဲ့ ဆုံးမစကားကို လေးလေးနက်နက်နဲ့ နာယူနေတတ်ပုံတွေကို မော်မြာမိုတယောက် အမြဲ မြင်ယောင်နေမိပါတယ်။
“ရှေ့လျှောက်တော့ ကျန်ခဲ့တဲ့ သူ့ ညီမတွေနဲ့ အားတင်းနေရတော့မှာပေါ့နော်။ နှစ်တွေ ဘယ်လောက်ပဲ ကြာကြာ မေ့ပျောက်တယ်ဆိုတာ လွယ်လွယ်နဲ့ ဘယ်လိုမှ မေ့နိုင်မှာတော့ မဟုတ်တော့ဘူး။” လို့ မော်မြာမိုက ဆက်ပြောပါတယ်။

သူမရဲ့အတွေးတွေထဲမှာ တချိန်ကအကြောင်းတွေ ပြန်ပါလာရင် ရင်ဘတ်ထဲက သားအတွက် တနေရာကတော့ လစ်ဟာနေမှာအမှန်ပါပဲ။ အပြင်မှာတမျိုး ဆိတ်ကွယ်ရာမှာတမျိုး ဟန်ဆောင်နေရတဲ့ သူမအဖို့တော့ အင်မတန်မှ ခက်ခဲတဲ့ ကိစ္စရပ်တခုဖြစ်နေပါလိမ့်မယ်။
“သူ့ ညီမတွေက သူ့ပုံကိုအကြီးထုတ်ပြီး ချိတ်ဖို့ ပြောတယ်။ ဒါပေမဲ့ အဒေါ်က ပေးမချိတ်ဘူး သူ့ပုံမြင်ရင် မျက်ရည်က အလိုလို ကျလာတယ်။” လို့ သားဖြစ်သူဆုံးပါးသွားပြီးနောက်ပိုင်း အခြေအနေကို ရင်ဖွင့်လာပါတယ်။
၉ လလွယ် ၁၀ လဖွားပြီး အသက်ရင်းမွေးခဲ့ရတဲ့ မိခင်ဖြစ်သူအဖို့ ဒီလို ဖြစ်စဉ်တွေကို လက်သင့်ခံနိုင်ဖို့ဆိုတာ အင်မတန်မှ ခက်ခဲတဲ့ ကိစ္စရပ်တခုဖြစ်ပါတယ်။ သူမလိုပဲ သားဖြစ်သူကိုဆုံးရှုံးခဲ့ရတဲ့ မိခင်တွေ ဟာ တော်လှန်ရေးကာလအတွင်းမှာ အများကြီးရှိနေပါတယ်။
“တခြား ဘဝတူ တော်လှန်ရေးမှာကျဆုံးသွားတဲ့ ရဲဘော်တွေရဲ့ မိခင်တွေအနေနဲ့ ပြောပြမတတ် ခံစားရမှာတော့ အမှန်ပဲပေါ့။ လူချင်းတူပေမဲ့ အတွေးချင်းကွာတယ်လေး အဒေါ်တို့ခံစားချက်ရှိသလို တခြားတော်လှန်ရေးမိခင်တွေလည်း သူတို့ခံစားချက်နဲ့ သူတို့ရှိတယ်ပေါ့။” လို့ တော်လှန်ရေးမှာ ကျဆုံးသွားတဲ့ ရဲဘော်တွေရဲ့ မိခင်တွေခံစားချက်ကိုလည်း သူမက ကောက်ချက်ချမိပါတယ်။
လက်ရှိမှာ မော်မြာမို ကတော့ ကျောင်းတက်နေဆဲ သမီးနှစ်ယောက်နဲ့ အတူ နယ်စပ်က စစ်ဘေးရှောင်တနေရာမှာ ခိုလှုံနေပါတယ်။ နေရပ်ပြန်နေထိုင်ခွင့်ရရင် မွေးရပ်မြေမှာပဲ ပြန်လည်အခြေချ နေထိုင်လိုတဲ့ သူမအဖို့ အိမ်အပြန်လမ်းမှာ သားဖြစ်သူ မပါဝင်နိုင်တော့တာကို စိတ်မကောင်းဖြစ်နေမိပါတော့တယ်။
