spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

တဲအိမ်တွေ ဝါးပိုးထိုးတဲ့ ပြဿနာ မကြာခဏ ဖြေရှင်းနေရလို့ စစ်ရှောင်တွေ အခက်တွေ့နေကြ

Author

Date

Category

CJ (ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည် ဖရူဆိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်တွေဟာ နေရပ်မပြန်နိုင်တာ ၂ နှစ်ဝန်းကျင်ရှိနေပြီး စစ်ဘေးရှောင်ကာလတွေမှာ တဲအိမ်တွေ ဝါးပိုးထိုးတဲ့ ပြဿနာကို မကြာခဏ ကြုံတွေ့နေရတဲ့အတွက် တောတောင်ထဲ ဝါးခုတ်ယူဖို့ အခက်အခဲရှိနေကြတယ်လို့ စစ်ရှောင်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

နေရပ်မပြန်နိုင်တဲ့ စစ်ရှောင်တွေဟာ နီးစပ်ရာ ဆွေမျိုးတွေထံ အကူအညီတောင်းခံပြီး တဲအိမ်တွေ ပြန်လည်ပြုပြင်ကြသလို နီးစပ်ရာ ဆွေမျိုးမရှိကြတဲ့ စစ်ရှောင်တချို့ကတော့ စားဝတ်နေရေး ရုန်းကန်နေရတဲ့အတွက် တဲအိမ်ဆောက်ရာမှာလည်း ဝါးဝယ်ယူဖို့အတွက် အခက်အခဲရှိတယ်လို့ ဆိုပါတယ်။

“ဝါးတွေက ကိုယ့်ရွာကဟာ ကိုယ်မခုတ်လို့လားမသိဘူး ပိုးအရမ်းထိုးတယ်။ စစ်ရှောင်တဲ့ ၂ နှစ်အတွင်းမှာတော့ အနည်းဆုံး တဲအိမ် သုံးလုံးလောက် ဆောက်နေရပြီ ဒါအနည်းဆုံးပဲ။ တစ်ချို့ဆို ၆ ခါ၊ ၇ ခါ တဲအိမ်ပြောင်းဆောက်နေရတဲ့သူတွေ ရှိနေပြီ” လို့ ဖရူဆိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

ဖရူဆိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းအများစုကို အလှူရှင်လာရောက်ထောက်ပံ့မှု နည်းပါးနေတယ်လို့လည်း သိရပါတယ်။ မတ်လ၊ ဧပြီလအတွင်းမှာပဲ စစ်ဘေးရှောင်အများစုဟာ မိမိတို့ တဲအိမ်တွေ ပြုပြင်နေကြတာဖြစ်ပြီး စစ်ဘေးရှောင်မိသားစု တစ်စုလျှင် တဲအိမ်အတွက် မိုးကာ တစ်ထည်မျှသာ ရရှိတာကြောင့် တချို့မှာလည်း အခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။

ဖရူဆိုမြို့နယ် အရှေ့ဘက်ရှိ ကျေးရွာအများစုဟာ လထွက်လာတဲ့အခါမှ ဝါးခုတ်သည့်ကာလ ဖြစ်တယ်လို့ သတ်မှတ်ကြပြီး ဖရူဆိုမြို့နယ်အတွင်း အချို့ကျေးရွာမှာတော့ လကွယ်တဲ့အခါမှ ဝါးခုတ်သည့်ကာလဖြစ်တယ်လို့ သတ်မှတ်ထားကြတာရှိလို့ စစ်ဘေးရှောင်တွေဟာ ယခုလို ဝါးပိုးထိုးတဲ့ ပြဿနာကို မကြာခဏ ဖြေရှင်းနေရလို့ တချို့မှာအခက်တွေ့နေကြရတယ်လို့ ဆိုပါတယ်။

“ဝါးခုတ်ရင် သူ့လနဲ့သူခုတ်ရတာ၊ တစ်ရွာနဲ့တစ်ရွာလည်း မတူကြဘူး၊ လ ရင့်မှ ဝါးခုတ်တဲ့ရွာရှိသလို၊ လ နုမှ ဝါးခုတ်တဲ့ ရွာလည်း ရှိတယ် မတူကြဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဖရူဆိုမြို့နယ်အတွင်း (ကေးလျားမြို့နယ်) သတ်မှတ်ထားတဲ့ စစ်ဘေးရှောင်တွေဟာ ကျေးရွာအုပ်စု လေးအုပ်စုမှာ ရှိနေပြီး အုပ်စုတစ်ခုလျှင် စစ်ဘေးရှောင်စခန်း ၂ ခုစီ ရှိတယ်လို့လည်း သိရပါတယ်။ ဖရူဆိုမြို့နယ်မှာ ထိတွေ့တိုက်ပွဲကြောင့် နေရပ်အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ဘေးရှောင်လူဦးရေ ၆၀၀၀ ကျော် ရှိနေပါတယ်။

spot_img
spot_img

Recent posts