spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ထိုင်းဘက်ကို ကူးခွင့်မရတဲ့ စစ်ဘေးရှောင်တစ်ထောင်ဝန်းကျင် စားနပ်ရိက္ခာအတွက် အထူးစိုးရိမ်နေရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်အတွင်းက ကျောက်စု ၊ ဝမ်အောင်း ( ရှမ်း ) ၊ ဝမ်အောင်း ( ကယား ) ၊ စွတ်ဖ ၊ စွတ်ကျတ် စတဲ့ ကျေးရွာတွေထဲက လူဦးရေ တစ်ထောင်ဝန်းကျင်ဟာ နယ်စပ်တစ်နေရာမှာ ခိုလှုံနေကြရပြီး အကူအညီ မရရှိတာကြောင့် လက်ရှိမှာ စားနပ်ရိက္ခာအတွက် အထူးစိုးရိမ်နေရတဲ့ အခြေအနေမှာရှိနေတယ်လို့ စစ်ဘေးရှောင် တစ်ဦးက ပြောပါတယ်။

လက်ရှိမှာ တော့ စတင်တိမ်းရှောင်စဉ်ကတည်းက ယူဆောင်လာတဲ့ စားနပ်ရိက္ခာတွေနဲ့သာ ချွေတာစားသုံးနေရပါတယ်။

လက်ရှိမှာ ထိုင်းနိုင်ငံနဲ့ နီးစပ်တဲ့ နယ်စပ်တစ်နေရာကို ရောက်ရှိနေတာ နှစ်ပတ်ဝန်းကျင် ရှိနေပြီ ဖြစ်ကာ ထိုင်းနိုင်ငံအတွင်းကို ဝင်ရောက်ခိုလှုံခွင့်မရကြတာကြောင့် စားနပ်ရိက္ခာအတွက် စိုးရိမ်နေကြတယ်လို့ဆိုပါတယ်။

“ထိုင်းဘက်ကို ကူးလာလို့ မရဘူး။ စားစရာကတော့ အရင်တစ်ပတ်က သူတို့ ရွာကနေ အိမ်ကနေ သယ်သွားတဲ့ ဆန်၊ ဆီ နဲ့ပဲ စားနေကြတယ်။ စားစရာတွေက တစ်လတောင် ရမှာမဟုတ်ဘူး။ လမ်းကြောင်းတွေအရလည်း ရိက္ခာ ပို့လို့ မရဘူးလို့ ပြောတယ်။” လို့ အဆိုပါ စစ်ဘေးရှောင်တွေနဲ့ နီးစပ်တဲ့ ဖားဆောင်းမြို့နယ်က ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိမှာလည်း ဖျားနာသူတွေ ရှိနေကြပြီး ဆေးဝါးနဲ့ ကုသမှုတွေကိုတော့ ဘယ်လိုဖြေရှင်းနေကြလဲဆိုတာကို မသိရသေးဘူးလို့ အဆိုပါ ဒေသခံက ဆက်ပြောပါတယ်။

“နေမကောင်းသူတွေလည်း ရှိနေတယ်။ သက်ကြီးတွေကော ကလေးတွေရောပဲ။ ဆေးက ဘယ်မှာ ယူကြလဲဆိုတာလည်း မသိဘူး။” လို့ အဆိုပါ ဖားဆောင်းမြို့နယ်က ဒေသခံတစ်ဦးက ပြောပါတယ်။

ဖားဆောင်းမြို့နယ်အတွင်းမှာ ဇွန်လကတည်းက တိုက်ပွဲစတင်ပြင်းထန်နေတာဖြစ်ပြီး လူထုတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။ ဘေးလွတ်ရာကို တိမ်းရှောင်ကြရတာဖြစ်တဲ့အတွက် တကွဲတပြားစီ တိမ်းရှောင်နေကြရပြီး ယခင်ကတည်းက တိမ်းရှောင်သူတွေကတော့ ထိုင်းနယ်ထဲကို ကူးခွင့်ရရှိခဲ့ကြပါတယ်။

နောက်ပိုင်းမှ ထပ်မံတိမ်းရှောင်သူတွေကတော့ ထိုင်းနယ်ထဲကို ကူးခွင့်မရတော့ဘဲ နယ်စပ်တွေမှာ ခိုလှုံနေကြရတာဖြစ်တယ်လို့ သိရှိရပါတယ်။

ရှမ်း – ကရင်နီနယ်စပ် ဖယ်ခုံ၊ မိုးဗြဲ အပါအဝင် ကရင်နီပြည်တွင်းမှာ တိုက်ပွဲကြောင့် တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ဦးရေဟာ နှစ်သိန်းခုနှစ်သောင်းနဲ့အထက် ရှိနေပြီး ကိုးထောင်ဝန်းကျင်ဟာ ထိုင်းနယ်ထဲမှာ ဝင်ရောက်ခိုလှုံကြပါတယ်။

spot_img
spot_img

Recent posts