spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ထီရိစခန်းသိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီတပ်မှ ကျေးရွာထဲနေရာယူထား၊ နေအိမ်ထဲ ဝင်ရောက်စစ်ဆေးပြီး ဒေသခံတွေကိုဖမ်းဆီး

Author

Date

Category

မော်ဦးမြာ ( ကန္တာရဝတီတိုင်း(မ်) )

ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့မှာ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် ထီရိဂိတ်စခန်း ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် ယမန်နေ့ မေလ ၁၃ ရက်နေ့မှာ စစ်ကောင်စီတပ်နဲ့ PNO အဖွဲ့ တို့က ကျေးရွာထဲကို ဝင်ရောက် နေရာယူထားပြီး နေအိမ်ထဲအထိ ဝင်ရောက်စစ်ဆေးကာ ဒေသခံတွေကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ဖခင်၊ အစ်ကို အပါအဝင် လင်လန်တောင်အုပ်စုက ကျေးရွာဒေသခံ ကလေးတစ်ဦး အပါအဝင် ရွာသား ၂၀ ကျော် ဖမ်းဆီးခံထားရတယ်လို့ လင်လန်တောင်အုပ်စုက ဒေသခံတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ မနေ့က မနက်မှာ မနက်အစောကြီး ဝင်ပြီးတော့ ဖမ်းသွားတယ်။ ရွာသူ၊ရွာသားတွေ ပါသွားတယ်။ အိမ်တွေလည်းဖောက်သွားတယ်။ ပစ္စည်းတွေလည်း ယူသွားတယ်။ စစ်သားတွေက ရွာမှာပဲ ခိုနေကြတယ်။ ရွာထဲမှာ စစ်သားတွေပဲ။ အဖေရော၊ အစ်ကိုအကြီးဆုံးတစ်ယောက်ကော၊ အစ်ကို တစ်ဝမ်းကွဲကော ပြီးတော့ ရွာသားတချို့လည်း ပါသွားတယ်။ အားလုံးပေါင်း ၂၀ ကျော်လောက်ရှိတယ်။ ကယားပြည်က စစ်ဘေးရှောင်လာတဲ့ နှစ်ယောက်လည်း ပါသွားတယ်။ ဆက်သွယ်လို့လည်းမရတော့ဘူး။ ဆက်သွယ်စရာ ဖုန်းတွေလည်း မရှိတော့ဘူး။ ” ဒေသခံတစ်ဦးက ကန္တာရဝတီတိုင်း( မ်) ကို ပြောပါတယ်။

ယမန်နေ့ နံနက်အစောပိုင်းမှာ အနီးအနားက ကျေးရွာတွေကို စစ်ကောင်စီတပ်မှ ဝင်ရောက်စစ်ဆေးနေတယ်လို့ သတင်းကြားပြီး ဆောလျင်စွာ တိမ်းရှောင်သွားသူတွေတော့ ရှိပေမယ့် ရွာမှာကျန်ရှိခဲ့သူ တချို့ အဖမ်းဆီးခံခဲ့ရတာပါ။

ဒေသခံတွေကို ဖမ်းဆီးသွားပြီး နေ့လည်ပိုင်းလောက်မှာ လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ခတ်နေတာတွေလည်း ရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ကျေးရွာထဲက နေအိမ်တွေကို ဝင်ရောက်ထွင်းဖောက်ပြီး ပစ္စည်းတွေကိုလည်း သိမ်းယူသွားတယ်လို့ အဆိုပါ ဒေသခံက ဆက်ပြောပါတယ်။

လက်ရှိမှာတော့ ကျေးရွာထဲကို စစ်ကောင်စီတပ်တွေက ဝင်ရောက် နေရာယူထားပြီး နေအိမ်တွေကို ဝင်ရောက်စစ်ဆေးထွင်းဖောက်နေတာကြောင့် ညောင်ရွှေမြို့နယ်၊ လင်လန်တောင်အုပ်စုရှိ ကျေးရွာဒေသခံတွေဟာ ကြောက်လန့်နေကြတဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

“ မနက်ပိုင်းမှာ ထွက်ပြေးတဲ့သူတွေကို သေနတ်နဲ့ ပစ်တယ်လို့ကြားတယ်။ လိုက်ဖမ်းတယ်။ လိုက်ပစ်တယ် အဲ့လိုပြောတယ်။ တချို့ကိုလည်း ဖမ်းသွားတယ်လေ။ ပစ်တာတော့ မထိဘူးထင်တယ်။ ဒါပေမယ့် ဖမ်းမိတဲ့သူတွေကိုတော့ ရိုက်နက်တယ်လို့ ပြောတယ်။ သူတို့ သံသယ ရှိတဲ့သူဆို ပိုပြီးရိုက်တယ်လို့ ပြောတယ်။” လို့ လွတ်မြောက်သွားတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ထီရိကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ် နဲ့ ပအိုဝ်း ပြည်သူ့စစ်အဖွဲ့ ( PNO )တို့ အခြေချထိုင်ထားတဲ့ ထီရိဂိတ်စခန်းကို ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့မှာ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF ) ၊ ဖယ်ခုံပြည်သူ့ ကာကွယ်ရေးတပ် ( Pekhon PDF ) တို့က သွားရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှုးအဆင့်ရှိသူ အပါအဝင် ၂ ဦး နဲ့ ပအိုဝ်းပြည်သူ့စစ် တပ်သား PNO ၃ ဦးကို အရှင်ဖမ်းမိတာပဲ ဖြစ်ပါတယ်။

spot_img
spot_img

Recent posts