spot_imgspot_imgspot_imgspot_img
Monday, January 20, 2025
spot_imgspot_imgspot_imgspot_img

ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီတဲ့ဒေသန္တရအမိန့်တွေကို ရုတ်သိမ်းပေးဖို့ လွှတ်တော်ကော်မတီမှတဆင့် အရပ်ဖက်အဖွဲ့အစည်းတင်ပြတောင်းဆို

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

လက်ရှိအစိုးရလက်ထက်မှာ ဒီမိုကရေစီစံနှုန်းနဲ့မကိုက်ညီတဲ့ဒေသန္တရအမိန့်တွေကို ရုတ်သိမ်းပေးဖို့ အရပ်ဖက်အဖွဲ့အစည်းတွေစုပေါင်းဆွေးနွေးကြပြီး ကယားပြည်နယ်လွှတ်တော်မှတဆင့် တင်ပြတောင်းဆိုသွားမယ်လို့ LAIN နည်းပညာပြုအထောက်အကူအဖွဲ့မှ ကိုကျော်ထင်အောင်ကပြောပါတယ်။

“အရပ်ဖက်အဖွဲ့အစည်း တစ်ဖွဲ့ချင်းသော်လည်းကောင်း စုပေါင်း၍သော်လည်းကောင်း ဆောင်ရွက်ရတဲ့ အခက်အခဲတွေကိုလည်း လွှတ်တော် ကော်မတီသိရှိအောင် ဖော်ထုတ်ပြီးတော့မှ ပြောကြားနိုင်သလို ဒီအပေါ်မှာ အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ကတော့လက်ရှိအစိုးရကာလမှာတင် ဒီ မိုကရေစီစံချိန်စံနှုန်းနဲ့ မကိုက်ညီတဲ့ ဒေသန္တာရအမိန့်တွေကို ရုတ်သိမ်းဖို့ အထိပါအကြံပြုတောင်းဆိုလိုတာတွေကို လွှတ်တော် ကော်မတီကို တင်ပြခွင့်ရခဲ့တဲ့အခြေအနေဖြစ်ပါတယ်ခင်ဗျာ” လို့ ကိုကျော်ထင်အောင်ကပြောပါတယ်။

နိုဝင်ဘာလ ၂၅ရက်နေ့က ကရင်နီလူ့အခွင့်အရေးအဖွဲ့အစည်းနဲ့ ကယားပြည်နယ်အရပ်ဖက်အဖွဲ့အစည်းတွေပူးပေါင်းပြီးတော့ “ ကယားပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ပြန်ထားတဲ့ ဒေသန္တရအမိန့်” နဲ့စပ်လျဉ်းပြီးတော့ ကယားပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးကော်မတီနဲ့တွေ့ဆုံဆွေးနွေးပြီး ဆွေးနွေးပွဲကနေ ရလာတဲ့ တင်ပြချက်တွေကို လွှတ်တော်ဥက္ကဌထံ အစီရင်ခံစာပေးပို့သွားမှာဖြစ်တယ်လို့သိရပါတယ်။

လက်ရှိအစိုးရသက်တမ်းမှာ ကန့်သတ်ချက်တွေအဆင်မပြေဘူးဆိုရင် လာမယ့်လွှတ်တော်သက်တမ်းမှာ အစိုးရနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အဲဒီအစီရင်ခံစာမှာ တစ်ပါတည်း စီစဉ်ဆောင်ရွက်သွားမှာဖြစ်သလို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်တဲ့နေရာမှာ အားလုံးပူးပေါင်းပါဝင်ဖို့လိုအပ်တယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေက သုံးသပ်ပြောဆိုကြပါတယ်။

ကယားပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးကော်မတီမှ အတွင်းရေးမှူး ဦးမြင့်မောင်မောင်က ပြောပါတယ်။

“ဒေသန္တရအမိန့်ကို ပယ်ဖျက်နိုင်မှသာလျှင် ကျတော်တို့ဒေသရဲ့ဖွံ့ဖြိုးတိုးတက်ရေးတွေကို အစိုးရမလုပ်နိုင်တဲ့ဒေသတွေမှာ အရပ်ဖက်အဖွဲ့အစည်းတွေလုပ်ပေးခြင်းအားဖြင့် ကျတော်တို့ဒေသကြီးဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ် ဒါကြောင့်မလို့ ဒီပွဲကိုစီစဉ်ခြင်းဖြစ်ပါတယ်”

၂၀၁၇မေလက စတင်ထုတ်ပြန်ခဲ့တဲ့ ပြည်နယ်အစိုးရရဲ့ ဒေသန္တရအမိန့်တွေကြောင့် အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ဆောင်ရွက်ခွင့် ပွဲကျင်းပခွင့်တွေကို ဟန့်တားမှုတွေရှိခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ လွတ်လပ်စွာ စာပေယဉ်ကျေးမှု၊ ရိုးရာဓလေ့ဖော်ဆောင်ခွင့်တွေကို ကန့်သတ်ထားတဲ့အတွက် ကယားပြည်နယ်လွှတ်တော် တိုင်းရင်းသားအခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးကော်မတီနဲ့ ပူးပေါင်းဆွေးနွေးပြီး အပြုသဘောဆောင်တဲ့ ဝေဖန်သုံးသပ်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။

ဒေသန္တရအမိန့်တွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက် ဟောပြောပွဲ၊ ဆွေးနွေးပွဲ၊ သင်တန်းတွေပြုလုပ်မယ်ဆိုရင် ၁၅ရက် ကြိုတင်ခွင့်ပြုမိန့်တောင်းခံရမှာဖြစ်ပြီး အစိုးရခွင့်ပြုမိန့်ရမှသာ ကျင်းပခွင့်ပြုမယ်ဆိုတဲ့အခြေအနေဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးရေး အဟန့်အတားဖြစ်စေတယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေက သုံးသပ်ပြောဆိုကြပါတယ်။

“လက်ရှိဒီမိုကရေစီအသွင်ကူးပြောင်းမှုနဲ့ ငြိမ်းချမ်းရေးအတွက်ကို ဒီလိုများများတွေ့ဆုံခြင်း အသိအမြင်ဖလှယ်ခြင်းကနေ သင်တန်းတွေပေးပြီးတော့ ကျန်းသေပေါက်အထောက်အပံ့ဖြစ်မှာဖြစ်ပါတယ်။ ဒါပေမယ့် အဲဒါတွေကို ပိတ်ပင်လိုက်တဲ့အတွက်ကြောင့်မလို့ ကျတော်တို့ပြည်နယ်မှာက အဲလိုအခွင့်အရေးတွေဆုံးရှုံးပြီးတော့ ကျတော်တို့ပြည်နယ်သူ ပြည်နယ်သားတွေက နိုင်ငံရေးပိုင်ဆိုင်ရာမှာ သူများတိုင်းနဲ့ပြည်နယ်ထက်ရရှိမှုအပိုင်းမှာကတော့ လက်လှမ်းမမှီမီမှုတွေ သိရှိမှုအပိုင်းမှာအားနည်းမှုတွေကို ကြုံတွေ့ရတဲ့အတွက်ကြောင့်မို့ကို ဒီလိုဒီမိုကရေစီအသွင်ကူးပြောင်းမှုကာလမှာ အရပ်ဖက်အဖွဲ့အစည်းအားကောင်းရမယ်ဆိုတဲ့ စကားလုံးပြောနေသော်လည်း ဒီမိုကရေစီကျင့်စဉ်တွေ စံနှုန်းတွေကို သွေဖယ်ပြီးတော့မှ အရပ်ဖက်အဖွဲ့တွေကို ပိတ်ပင်မှုကြောင့် ကျတော်တို့ပြည်နယ်အနေနဲ့ ရုပ်ပိုင်းဆိုင်ရာအချို့သော်လည်းကောင်း စိတ်ပိုင်းဆိုင်ရာအများစုသော်လည်းကောင်း ဖွံ့ဖြိုးမှုနောက်ကျသွားတယ်လို့ပဲ သုံးသပ်မိပါတယ်” လို့ ကိုကျော်ထင်အောင်က ဆက်ပြောပါတယ်။

အစိုးရက ကန့်သတ်ထားတဲ့အကြောင်းအရာတွေကို အရပ်ဖက်အဖွဲ့အစည်းတွေက အစိုးရ၊ လွှတ်တော်တွေနဲ့ ညှိနှိုင်းဆွေးနွေးမှုမှာ တင်ပြခဲ့ပေမယ့်လည်း မရုတ်သိမ်းပေးဘဲ ဆက်လက်တင်းကြပ်မှုတွေ ပြုလုပ်လာတယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေက ဝေဖန်ပြောဆိုကြပါတယ်။

spot_img
spot_img
spot_img

Recent posts