spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုမြို့မှာ ၅နှစ်အောက်စစ်ရှောင်ကလေး ၃၀ရာခိုင်နှုန်း အာဟာရချို့တဲ့မှု ကြုံတွေ့နေရ

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည် ဒီးမော့ဆိုမြို့မှာ ၅နှစ်အောက်စစ်ဘေးရှောင် ကလေး ၃၀ရာခိုင်နှုန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ကြုံတွေ့နေရတယ်လို့ လူထုကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးကွန်ယက် ( CHDN )မှ ဒါရိုက်တာဆရာဖိလစ်က ပြောပါတယ်။

“၃၀ရာခိုင်နှုန်းလောက်နီးနီးက အာဟာရချို့တဲ့တဲ့ လက္ခာဏာတွေ ဖြစ်နေပြီပေါ့။ ရာခိုင်နှုန်းအရဆိုရင် တအားများတယ်လေ အဲ့ဒီဟာ။ ကလေး ၁၀၀မှာ ၃၀ရာခိုင်နှုန်းလောက်က အဲ့ဒီလိုမျိုး လက္ခာဏာတွေ ပြနေပြီဆိုလို့ရှိရင် နောက်ထပ် အစားအစာတွေ မရဘူးဆိုလို့ရှိရင် ဒီထက်ပိုဆိုးဖို့ပဲ ရှိတော့တယ်။ အဲ့လိုမျိုးပေါ့။” လို့ ဆရာဖိလစ်က ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ်က ၅နှစ်အောက် စစ်ရှောင်ကလေး (၅၀၈) ဦးကို အာဟာရပြည့်မပြည့် တိုင်းတဲ့ လက်ပတ်နဲ့ တိုင်းကြည့်ရာမှာ (၁၁၁) ယောက်ဟာ သတ်မှတ်ထားတဲ့ အရည်အသွေး မပြည့်မှီသလို အဲ့ဒီအထဲက ၄၄ယောက်ဟာလည်း အာဟာရချို့တဲ့တဲ့ လက္ခာဏာ တွေ့နေရတယ်လို့ ဆိုပါတယ်။

“သူတို့ အာဟာရချို့တဲ့ malnutrition ( အာဟာရ ချို့တဲ့ခြင်း ) လို့ ပြောတဲ့နေရာမှာ တချို့က ပိန်ရိုးရိုးပဲ ပိန်နေတယ်ပေါ့နော။ ကိုယ်သတ်မှတ်ထားတဲ့ ကိုယ်အလေးချိန်ဖြစ်ဖြစ် အရပ်ဖြစ်ဖြစ် မထွက်လာဘူး။ ပြင်းထန်တဲ့ လက္ခာဏာဆိုတာ တအားပိန်နေပြီ။ အသက်ပြင်းပြင်းထန်ထန် ရှူနေရတယ်။ ပြီးတော့ အစာရေစာဆိုရင်လည်း ဘားမှ မစားချင် မသောက်ချင်စိတ်တွေ ဖြစ်နေပြီ အဲ့လိုမျိုးပေါ့နော။ သူ့မှာ လက္ခာဏာတွေရှိတယ်။ နောက်ပြီးတော့မှ ပိန်တာတောင်မှ ရိုးရိုးပိန်တာ မဟုတ်ဘူး။ သူ့မှာ အရိုးနဲ့ အရည်ပဲကျန်တယ်။ ကျနော်တို့မှာ လက်မောင်းတိုင်းတဲ့ဟာတွေရှိတယ်။ အဲ့တာတွေကိုတိုင်းပြီးတော့ ကျနော်တို့ အဖြေတွေကို တွက်ထားတာ ဖြစ်နိုင်တယ်ပေါ့နော။ သေနိုင်တယ်ပေါ့နော။ အဲ့ဒီလိုမျိုး အာဟာရချို့တဲ့ တဲ့ ကလေးတွေက။” လို့ ဆရာဖိလစ်က ပြောပါတယ်။

ဒါဟာ ဒီးမော့ဆိုမြို့နယ်ထဲက စစ်ဘေးရှောင်ကလေးတွေကို တိုင်းတာထားတဲ့ စာရင်းသာဖြစ်ပြီး တခြား စစ်ဘေးရှောင်နေရတဲ့ ဖရူဆိုမြို့၊ ရှားတော၊ လွိုင်ကော်၊ ဖားဆောင်း စတဲ့မြို့တွေမှာလည်း တချို့တွေ့နေရတယ်လို့ ဆိုပါတယ်။

ဒီလို အာဟာရချို့တဲ့တာဟာ အစားအသောက်နဲ့ ကာကွယ်ဆေး လုံလောက်အောင် မရရှိမှုကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။ ဒီးမော့ဆိုအနောက်ဘက်ခြမ်း စစ်ရှောင်ဖြစ်တဲ့ ဒေါ်အလယ်စတီးနာက စစ်ရှောင်တစ်နှစ်ကျော်အတွင်း သားသမီးအတွက် အသားဟင်း မဝယ်စားနိုင်ခဲ့ဘူးလို့ ပြောပါတယ်။

“အသားဟင်းကတော့မစားရပါဘူး။ မဝယ်စားနိုင်ဘူး။ ဒီမာလာနေတာလည်းကြာပြီ ဒါမဲ့မဝယ်စားနိုင်ဘူးလေ တခါမှမစားဖူးဘူး။” လို့ ဒေါ်အလယ်စတီးနာက ပြောပါတယ်။

စစ်ဘေးရှောင်စခန်းကလေးတွေ အာဟာရပြည့်ဝစွာစားသုံးနိုင်ဖို့အတွက် စစ်ဘေးရှောင်ကူညီတဲ့အသင်းအဖွဲ့တွေ အလှူရှင်တွေကနေပြီး တစ်ပတ်တစ်ခါ အာဟာရတိုက်ကျွေးတာ၊ ကျန်းမာရေးစစ်ဆေးပေးတာ ပြုလုပ်နေကြတာကို တွေ့ရှိရပါတယ်။

မိဘတွေအနေနဲ့လည်း ကလေးငယ်တွေကို အာဟာရပြည့်ဝအောင် အသားဟင်းမကျွေးနိုင်ရင်တောင်မှ ပဲဟင်း ချက်ကျွေးတာတွေပြုလုပ်ပေးဖို့ ဆရာဖိလစ်က အကြံပေးထားပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်မှာ စစ်ဘေးရှောင်း နှစ်သိန်းနီးပါးရှိနေပြီး ကလေးနဲ့ သက်ကြီးရွယ်အို အများစုဖြစ်ကြပါတယ်။ စစ်ရှောင်တစ်နှစ်ကျော်ကာလအတွင်း ဒေသတွင်းတိုက်ပွဲတွေကြောင့် နေရပ်ပြန်နိုင်ခြင်းမရှိသလို အချိန်ကာလကြာမြှင့်လာတာနဲ့အမျှ စားဝတ်နေရေး အခက်အခဲလည်း ကြုံတွေ့နေတယ်လို့ စစ်ရှောင်တွေက ပြောကြပါတယ်။

spot_img
spot_img