spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုအနောက်ဘက်ခြမ်းကို လက်နက်ကြီးပစ်ခတ်၊ ဗုဒ္ဓဘုန်းကြီးကျောင်း တစ်ကျောင်း လက်နက်ကြီးစ ထိမှန်

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ ( ဧပြီလ ၁၉ )မနက် ၃နာရီအချိန်မှာ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒီးမော့ဆို အနောက်ဖက်ခြမ်း နောင်ပုလဲကျေးရွာ အုပ်စု၊ လေးမိုင်ယပ်ခူ ကျေးရွာ ဗုဒ္ဓဘုန်းကြီးကျောင်း (၁)ကျောင်းကို လက်နက်ကျည်စထိမှန်ခဲ့တယ်လို့ သိရပါတယ်။

ငွေတောင် အခြေစိုက် ခလရ(၁၀၂)တပ်ကနေပြီး ဒီကနေ့ မနက်မှာ တာဝေးပစ်လက်နက်ကြီး ၁၅လုံးထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် (DMO-PDF) က ဒီကနေ့ သတင်းထုတ်ပြန်ထားတာရှိပါတယ်။

“ တိုက်ပွဲ ဖြစ်ပွားမှုတွေ မရှိဘူး။ ဒါပေမယ့် သူတို့က နေ့စဉ်ပစ်နေတယ်။မနက် ညသန်းခေါင်ယံ လူအိပ်မောကျနေတဲ့ အချိန် ပြည်သူလူထုရှိရာကို သူပစ်ပစ်နေတာတော့ နေ့တိုင်းလိုလို ပစ်နေတာလေနော။ အဲ့လိုမျိုး ပစ်ခါကျတော့ ကျနော်တို့ ပြည်သူအတွက် ကျနော်တို့ စိုးရိမ်ရတာပေါ့။ သူတို့က ပစ်တာ မနက် ၁နာရီတို့ ၂နာရီတို့ ၃နာရီတို့ သူပစ်ပစ်နေကျပဲလေ။ “ လို့ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-PDF) က သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကရင်နီပြည် ဒီးမော့ဆို မှာ စစ်ကောင်စီကနေပြီး နေ့စဉ် လက်နက်ကြီး ပစ်ခတ်တာတွေ ပြုလုပ်နေပြီး လူထုတွေ ရှိတဲ့ ကျေးရွာထဲ ကျရောက်တာတွေရှိသလို အဆောက်အဦးတွေ ထိခိုက်ပျက်စီးတာတွေလည်း ရှိနေတာဖြစ်ပါတယ်။

မနေ့က(ဧပြီ ၁၈) နံနက် (၃)နာရီအချိန်မှာလည်း ဒီးမော့ဆို အနောက်ဖက်ခြမ်း ဒေါတော်ကူးကျေးရွာ အုပ်စုထဲက ကျေးရွာတစ်ရွာမှာ လက်နက်ကြီး ကျရောက်ခဲ့တယ်လို့ သိရပါတယ်။

“ မနေ့က လက်နက်ကြီး ကျတာပေါ့ မနက် ၃နာရီအချိန်လောက်မှာပေါ့။ ပြီးတော့ ကျတာ ၄ လုံးရှိတယ်။ ၄လုံး ကျတယ်။ တစ်လုံးက ရွာထဲ တည့်တည့်ကို ကျသွားတယ်။ ပြီးတော့ အိမ်နည်းနည်းပါးပါး ထိသွားတယ်။ အိမ်ပျက်စီးမှု နည်းနည်းပါးပါးရှိတယ်။ လူထိခိုက်မှုတော့ မရှိပါဘူး။ကျန်တဲ့ ၃လုံးကတော့ ရွာနံဘေးမှာ ကျတယ်။ “ လို့ ဒေသခံအမျိုးသမီး တစ်ဦးက ပြောပါတယ်။

လက်နက်ကြီး ရမ်းသန်းပစ်ခတ်တာတွေ ပြုလုပ်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ စိုးရိမ်ထိတ်လန့်မှုတွေရှိနေပြီး ကျေးရွာကနေ တိမ်းရှောင်နေကြရတာတွေလည်း ရှိနေတာဖြစ်ပါတယ်။

“ စိုးရိမ်မှုကတော့ အများကြီးပါပဲ။ ဘာလို့ဆို အရမ်းလည်း ကြောက်လန့်ကြတယ်။ တအားလည်း ကြောက်တယ်။ ပရမ်းပတာ တအားပစ်ခတ်ခါကျတော့ အိုးအိမ်တွေ ပျက်စီးမှာလည်း တအားကြောက်တယ်။ ပြီးတော့ အသက်ဆုံးရှုံးမှာလည်း အရမ်းကြောက်တယ်။ “ လို့ ဒီးမော့ဆို အနောက်ဖက်ခြမ်း ဒေသခံအမျိုးသမီး တစ်ဦးက ဆိုပါတယ်။

ဒီးမော့ဆို မြို့နယ်အတွင်းမှာဆိုရင် စစ်ကောင်စီကြောင့် ဘာသာရေးအဆောက်အဦး (၁၆)လုံး ပျက်စီးတာတွေရှိခဲ့တယ်လို့ DMO-PDF က ဖော်ပြထားပါတယ်။ အာဏာသိမ်းကာလအတွင်း ဒီးမော့ဆိုမြို့နယ်မှာ အဆောက်အဦး ထိခိုက်ပျက်စီးမှု ၃၇၆ လုံးအထိ ရှိနေတယ်လို့ ကရင်နီလူမှု အသင်းအဖွဲ့များ ကွန်ယက် (KCSN)က ဧပြီ ၁၃ရက်နေ့က ထုတ်ပြန်ထားပါတယ်။

Photos – DMO PDF
Photos – DMO PDF
Photos – DMO PDF
Photos – DMO PDF
spot_img
spot_img