မူဖိလစ်စတာ (ကန္တာရဝတီတိုင်း(မ်))
စစ်ဘေးရှောင်ဦးရေ ၁သိန်းကျော်ရှိနေတဲ့ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်က စစ်ရှောင်စခန်းတွေမှာ ရေရှားပါးတာကြောင့် စစ်ရှောင်တွေ အခက်အခဲရှိနေကြတယ်လို့ သိရပါတယ်။
” အ၀တ်လျော်ပြီးသွားတဲ့ ဆပ်ပြာရည်ကျတော့ အိမ်သာမှာ ပြန်သုံးတယ်။ တစ်ခါတလေကျ ရေချိုးခါနီးဆို အ၀တ်လျှော်တဲ့ရေနဲ့ပေါ့နော ဂျီး တွေအရင်တိုက်တယ်။ ဆပ်ပြာတွေနဲ့ အရင်တိုက်တိုက်ပြီးမှ ရေသန့်နဲ့ ပြန်လောင်းချိုး အဲလိုမျိုးလုပ်တာလည်းရှိတယ်ပေါ့နော” လို့ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတခုမှာနေထိုင်တဲ့ ဒေါ်စိန်ဖိုလျားနာက ပြောပါတယ်။
ကရင်နီပြည်ဟာ နှစ်စဉ်နွေရာသီရောက်ရင် ရေရှားပါးမှု နဲ့ ကြုံတွေ့နေရတဲ့ ပြည်နယ်တစ်ခုပါ။ လက်ရှိစစ်ဘေးရှောင် ၁သိန်းကျော်ရှိနေတဲ့ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကလည်း ရေရှားပါးတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။
ဒေါ်စိန်ဖိုလျားနာ နေထိုင်တဲ့ ရေဂူတောင် စစ်ရှောင်စခန်းမှာ လူဦးရေ ၅၀၀ ကျော်ရှိပါတယ်။ သူတို့ဟာ တောတောင်ထဲက ရေထွက်ပေါက် တစ်နေရာကနေ ရေကိုပိုက်နဲ့သွယ်တန်းပြီး ရေအလှည့်ကျ ယူရပါတယ်။ ဒါပေမဲ့ အဲဒီရေထွက်ပေါက်ဟာ နွေရာသီရောက်တိုင်း ရေခမ်းတာကြောင့် ရေပြန်၀ယ်သုံးနေကြရတယ်လို့ ဆိုပါတယ်။
မိုးရာသီမှာ မိုးရေကြောင့် ရေအဆင်ပြေပေမယ့် ဆောင်းရာသီမှာ ရေပိုက်က လာတဲ့ရေကို ခပ်ယူ သိုလှောင်ထားရတယ်လို့ ဆိုပါတယ်။ စစ်ဘေးရှောင် အများစုက ရေသိုလှောင်ဖို့ မိုးကာမရှိတာကြောင့်လည်း သိုလှောင်ထားတဲ့ရေကို ကြာရှည်အသုံးမပြုနိုင်ဘူးလို့ ဆိုပါတယ်။
” ရေလာတဲ့ချိန်ဆို အလုအယက်ခပ်ယူရတာပေါ့။ တစ်ခါတလေဆို ဒီ ကန်ဘေးနားဆို လူပြည့်ကျပ်နေတာပဲ အဲလိုမျိုးလေး”လို့ ဒေါ်စိန်ဖိုလျားနာက ပြောပါတယ်။
အပြိုင်အဆိုင်ရေခပ်ပြီး သိုလှောင်ပေမဲ့ နွေရာသီ တစ်ရာသီစာ လုံလောက်မှုမရှိဘဲ နွေရာသီရောက်တိုင်း ရေကိုငွေပေး၀ယ်ယူရပြန်ပါတယ်။ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းအားလုံးနီးပါးဟာ ရေရှားပါးမှုကို ကြုံတွေ့နေကြရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ စစ်ရှောင်တွေကတော့ ရေရှားပါးမှုကြောင့် ဖြစ်ပေါ်တတ်တဲ့ ရောဂါတွေဖြစ်ပွားလာမှာကို စိုးရိမ်နေကြပါတယ်။