spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆို – ဖရူဆို ပြည်ထောင်စုလမ်းမကြီးကို စစ်ကောင်စီထိန်းချုပ်နိုင်ဖို့ စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲပြင်းထန်နေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆို – ဖရူဆို ပြည်ထောင်စုလမ်းမကြီးကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် ဒီးမော့ဆို၊ ငွေတောင်ဘက်ကနေ စစ်ကြောင်း ၂ ကြောင်းခွဲပြီး စစ်ကောင်စီက အင်အားအလုံးအရင်း နဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲပြင်းထန်နေတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“တိုက်ပွဲ ကတေ့ာ ရက်ရှည်ဖြစ်တာပေါ့နော်။ ဆိုတော့ ပြင်းထန်တဲ့ရက်တွေ ရှိတယ်။ မပြင်းထန်တဲ့ရက်တွေ ရှိတယ်။ ပြင်းထန် တယ်ဆိုတာက တစ်နေကုန် နီးပါးဖြစ်တယ်ပေါ့နော်။ နှစ်ဖက်ပြန်လှန် လက်နက်ကြီး တွေက အရမ်းထွက်တယ်။ တောက်လျှောက် စစ်ကောင်စီက ဇွတ်ထိုးတက်တာမျိုးတွေရှိတယ်။ အဲ့ခါကျ ကျနော်တို့ဘက်က ပြန်ပြီးတော့ ချေမှုန်းရတဲ့အခါမှာ သူတို့ဘက်က အထိနာပြီး နည်းနည်းပြန်ဆုတ်မျိုးတွေ ရှိတယ်။ လမ်းမကြီးပေါ်မှာပဲ တိုက်ပွဲကတော့ နေ့တိုင်းလိုလို ပြင်းထန်တယ်လို့ ပြောလို့ရတယ်” လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ (၂)ရက်နေ့ကတည်းက ဒီးမော့ဆို – ဖရူဆို လမ်းမကြီးနဲ့ အနီးနားက တောင်ကြောနေရာတွေမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတာ တစ်ပတ်ခန့်ရှိနေပါပြီ။

စစ်ကောင်စီဘက်က တပ်မ-၅၅ ၊ တပ်မ- ၆၆ နဲ့ စကခ (၂)လက်အောက်ခံ တပ်ရင်းတွေပါဝင်နေပြီး အင်အားအတိအကျကို မသိနိုင်သေးဘူးလို့ ပြောပါတယ်။

“အဓိကတော့ စစ်ကောင်စီရဲ့ စစ်ကြောင်းပေါ့နော်။ အင်အားတွေက ကျနော်တို့ အရမ်းကြီး ခန့်မှန်းလို့ မရဘူး။ သူတို့က မြင်နေရတဲ့ဟာလည်းရှိတယ်။ မမြင်နေရတဲ့ဟာလည်း ရှိတယ်ပေါ့နော်။ သူ့ဟာ စစ်ကြောင်းက တစ်ကြောင်းထဲ မဟုတ်ပဲနဲ့ မူလ ကတည်းက အဲ့မှာ ထိုင်နေတဲ့ တပ်တွေလည်း ရှိတယ်။ ပြီးတော့ အခုမှ ထွက်ပြီးတော့ ထိုးတဲ့ တပ်တွေလည်း ရှိတယ်။ သူတို့အင်အားကိုတော့ တိတိကျကျကြီး ပြောလို့ မရဘူး။ အင်အားတော့ များတယ်။ အဓိကတော့ သူတို့က ဒီးမော့ဆိုကနေ ဖရူဆိုဘက်ကို ထိုးချင်တဲ့ ပုံစံမျိုးပေါ့နော်။ လမ်းမကြီးပေါ်ကနေ သွားချင်တဲ့ ပုံစံမျိုး ဖြစ်တယ်။”လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက မိုးဗြဲ- လွိုင်ကော် ပြည်ထောင်စုလမ်းမကြီးကနေ စစ်ကောင်စီဟာ စစ်ယာဉ်တန်း စီးရေ ၁၀၀ ဝန်းကျင်နဲ့ အင်အားဖြည့်ဝင်ရောက်လာခဲ့ပြီး အဲဒီ စစ်ယာဉ်တန်းအများစုဟာ လွိုင်ကော်မြို့တွင်းက ၅၄ တပ်ကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

” ဒီတပ်တွေက ဒီးမော့ဆို ဘက်ကို ဘယ်လိုနည်းနဲ့ ရောက်လာလည်း ကျနော်တို့ သေချာမသိရဘူး။ ဒါပေမယ့် အခုထိုးလာတဲ့စစ်ကြောင်းတွေကတော့ ဒီးမော့ဆို ကနေ စထိုးလာတယ်။ ရဲစခန်းဘက်ကနေ ထွက်လာတာရှိတယ်။ ပြီးရင် ငွေတောင်ဘက်ကနေ လာတာရှိတယ်။ ဒီအဖွဲ့တွေက လမ်းမကြီးပေါ်ကို နှစ်ကြောင်းလောက်ခွဲပြီး ထိုးလာတာပေါ့နော်။ “လို့ KNDF သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

အဆိုပါ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို ကရင်နီတပ်မတော် KA၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF နဲ့ တခြားတော်လှန်ရေးတပ်ပေါင်းစုတွေက ခုခံတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

လက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာဟာ အရပ်သား လူထုတွေ သွားလာဖြတ်သန်းမှု ပြုလုပ်တာရှိခဲ့တဲ့အတွက် လတ်တလော အဆိုပါ လမ်းမကြီးနဲ့ အနီးတစ်ဝိုက်ကို အသွားအလာ မပြုလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။

စစ်ရေးအခြေအနေအရ အချိန်မရွေး အန္တရာယ်ကျရောက်နိုင်တဲ့အတွက် လူထုတွေအနေနဲ့ သတိထားဖို့လိုသလို စစ်ရေးသတိရှိကြဖို့လည်း KNDF သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက တိုက်တွန်းထားပါတယ်။

လတ်တလော စစ်ကောင်စီဟာ တိုက်ပွဲအတွင်း လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်မှု ပြုလုပ်တာ မရှိပေမယ့် ရဟတ်ယာဉ်နဲ့ကင်းထောက်တာတွေ၊ ဒီးမော့ဆို အခြေစိုက်တပ်ကနေ လက်နက်ကြီး ပစ်ခတ်တာတွေ တောက်လျောက်ပြုလုပ်နေပြီး နှစ်ဖက်အထိအခိုက်ကိုတော့ ကန္တာရဝတီတိုင်း(မ်) အနေနဲ့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

spot_img
spot_img

Recent posts